
စစ်အာဏာရှင် အစိုးရက အိမ်ခြံမြေ ရောင်းဝယ်ရာမှာ ရောင်းသူဘက်က တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း၊ ဝယ်ယူသူဘက်က ၇ ဒသမ ၅ ရာခိုင်နှုန်း အခွန်စည်းကြပ်လိုက်တာကြောင့် ရန်ကုန် အိမ်ခြံမြေစျေးကွက်က အေးစက်သွားတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေ လူနေတိုက်ခန်း ရောင်းဝယ်ခြင်းအပေါ် စစ်အာဏာရှင်အစိုးရက စက်တင်ဘာလကစတင်ပြီး အခွန်စည်းကြပ်ခဲ့ပြီးနောက် အိမ်ခြံမြေ စျေးကွက်မှာ တိတ်ဆိတ်ငြိမ်သက်သွားတာလို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။
“မြေတကွက်ကို ကျပ် သိန်း ၅,၀၀၀ နဲ့ ရောင်းမယ်ဆိုရင် ရောင်းတဲ့သူဘက်က တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်း သိန်း ၅၀၀ အခွန်ဆောင်ရမယ်။ ဝယ်တဲ့သူက တန်ဖိုးရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်း ကျပ် ၃၇၅ သိန်း အခွန်ဆောင်ရမယ်။ ဒါက တရားဝင် အခွန်ဆောင်ရမဲ့ နှုန်းထား။ တခြားကုန်တာတွေလည်း ရှိသေးတယ်။ ဒီလို အစိုးရက အိမ်ခြံမြေအပေါ် မတရားအခွန်စည်းကြပ်လိုက်တော့ အရောင်းအဝယ်က ငြိမ်သွားရော။”
အောက်တိုဘာ ၃၀ ရက်က မြောက်ဒဂုံမြို့နယ်မှာ ကျပ်သိန်း ၁၀,၀၀၀ တန် မြေကွက်ရောင်းချခဲ့ပြီး အခွန်စည်းကြပ်ခ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရတဲ့အပေါ် ရောင်းချသူတယောက်ကလည်း သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
“မြေကွက်ဝယ်တုန်းက ကျပ်သိန်း ၇,၀၀၀။ မြေဂရမ် အမည်ပေါက်ပြောင်းတော့ ဝင-၈ ဆောင်ရတယ်။ ဝင-၈ ဆိုတာ စည်းကြပ်မှုအောက်က ကင်းလွတ်တဲ့ ဝင်ငွေဆိုတဲ့ ခေါင်းစဉ်နဲ့ ဘဏ်ကိုဆောင်တာ။ ဆောင်ရတဲ့ငွေက ကျပ် သိန်း ၂၁၀။ ဝင်ငွေခွန်ဆောင်ပြီးရင် ဘဏ်က ချလန်ပြန်ပေးတယ်။ အဲဒီချလန်က အရောင်းအဝယ်လုပ်ရင် အရေးကြီးတယ်။ ဒီလိုဆောင်ထားတော့ အခု ပြန်ရောင်းတဲ့အချိန်မှာ အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ဆောင်ရတယ်။ သိန်း ၇,၀၀၀ နဲ့ဝယ်ပြီး သိန်း ၁၀,၀၀၀ နဲ့ ပြန်ရောင်းတာဖြစ်တဲ့အတွက် အမြတ်ငွေက သိန်း ၃,၀၀၀။ သိန်း ၃,၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၃၀၀ ပဲ ဆောင်ရတာ။ နောက်မို့ဆို သိန်း ၁,၀၀၀ အခွန်ဆောင်ရမှာ” လို့ ပြောပါတယ်။
တောင်ဒဂုံမြို့နယ်မှာ သိန်း ကျပ် ၆,၀၀၀ မြေကွက်ကို ဝယ်ခဲ့သူတယောက်က အခွန်ငွေ ၇ ဒသမ ၅ ရာခိုင်နှုန်း ပေးဆောင်ရပုံ အဆင့်ဆင့်ကို DVB ကို ပြောပါတယ်။
“ဝယ်လိုက်တဲ့ မြေကွက်ရဲ့တန်ဖိုးက သိန်း ၆,၀၀၀ ဆိုရင် ၃ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၁၈၀ ကို ဘဏ်မှာ အရင်သွားဆောင်ရတယ်။ ဘဏ်မှာ ဝင်ငွေခွန်ဆောင်ပြီးရင် ဘဏ်က ဝင-၈ ချလန် ထုတ်ပေးတယ်။ အဲလိုဆောင်ပြီးရင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဖို့ တံဆိပ်ခေါင်း ၄ ရာခိုင်နှုန်းဖိုး ဝယ်ရတယ်။ သိန်း ၆,၀၀၀ ဆို တံဆိပ်ခေါင်းဖိုးက သိန်း ၂၄၀ ကျတယ်။ အဲဒါတွေ အကုန်ပြီးသွားလို့ စာချုပ်ချုပ်တဲ့အခါ ဝယ်သူဘက်က ဝ ဒသမ ၅ ရာခိုင်နှုန်း သိန်း ၃၀ ထပ်ပေးရတယ်။ သိန်း ၆,၀၀၀ တန်တဲ့ မြေကွက်တကွက်ကို ဝယ်မယ်ဆိုရင် ဝယ်ယူသူဘက်က ၇ ဒသမ၅ ရာခိုင်နှုန်းဖြစ်တဲ့ သိန်း ၄၅၀ အခွန်ဆောင်ရတယ်” လို့ ပြောပါတယ်။
လက်ရှိ အိမ်ခြံမြေ လူနေတိုက်ခန်း ရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်မှုဟာ မြေဂရမ်နဲ့ ဘိုးဘွားပိုင်မြေတွေမှာသာ အကျုံးဝင်ပြီး ပါမစ်မြေတွေပေါ်မှာ သက်ရောက်မှုမရှိသေးဘူးလို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။
“ရောင်းခွန်က ဂရမ်ပြောင်းမလျှောက်ရသေးတဲ့ ပါမစ်မြေတွေပေါ်မှာ အကျိုးသက်ရောက်မှုမရှိဘူး။ ဂရမ်မြေအမျိုးအစားနဲ့ ဘိုးဘွားပိုင်မြေတွေမှာပဲ အကျိုးသက်ရောက်မှုရှိတာ။ ဒါက လက်ရှိ အခင်းအကျင်းကို ပြောတာ။ ပေါ်လစီပြောင်းသွားရင်တော့ မသိဘူး။”
အခုလို စစ်အာဏာရှင်အစိုးရက အိမ်ခြံမြေကဏ္ဍကို အဆမတန် အခွန်စည်းကြပ်လိုက်တာဟာ နောက်ဆက်တွဲအနေနဲ့ စီးပွားရေးနဲ့ ဘဏ်တွေအထိ ရိုက်ခတ်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။











