DVB Logo
Home
မြန်မာသတင်း

ရန်ကုန်တွင် သတ်မှတ်လီတာထက်ကျော်ပြီး ဆီထည့်လျှင် ဆီဈေးနှုန်း ပိုပေးဝယ်နေရ

DVB
·
November 22, 2026
Photo : ဦးလွင် 
Photo : ဦးလွင် 
Donate to DVB

ရန်ကုန်မှာ စက်သုံးဆီကို သတ်မှတ်ထားတဲ့ လီတာထက်ပိုပြီး ထည့်ချင်တယ်ဆိုရင် လီတာအလိုက် ဈေးနှုန်းပိုပေးပြီး ဝယ်ယူနေရတယ်လို့ အိမ်သုံးနဲ့ လုပ်ငန်းသုံး ကားမောင်းသူတွေက ပြောပါတယ်။ 

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ စက်သုံးဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေပြီး ဆီပြတ်လပ်လို့ ဝယ်ယူရ ခက်ခဲနေချိန်မှာ ဆီဆိုင်တချို့က လိုသလောက်ဆီထည့်လို့ရဖို့ အပိုဆောင်းငွေ ထပ်တောင်းနေတာလို့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့က ပြောပါတယ်။

အိမ်စီးကားမောင်းသူတယောက်က “အဓိကက နာမည်ကြီး ဆီဆိုင်အကြီးတွေမှာ လုပ်တာတော့ မဟုတ်ဘူး၊ သူတို့ကတော့ ရောင်းရင် ပေပါအလိုက် အောက်ဈေးနဲ့ ခိုးရောင်းကြတာ၊ နာမည်မရှိ လူသိပ်သွားမထည့်တဲ့ ဆိုင်တွေကျတော့ ဆီလာထည့်တဲ့သူတွေကို အစ်ကိုတို့ သတ်မှတ်ထားတဲ့ လီတာက ပြည့်ပြီ၊ ထပ်လိုချင်လား၊ ဘယ်လောက်လိုချင်လဲ၊ လိုချင်ရင် တလီတာကို ဘယ်လောက် ပိုပေးရမယ်ပေါ့၊ တကယ်သုံးရင် သူတို့သတ်မှတ်ပေးထားတဲ့ လီတာက မလောက်ငတော့ ရရင် ရသလို ဝယ်ကြတာပဲလေ” လို့ ပြောပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ ဝယ်ယူခွင့်ပမာဏအရ အိမ်စီးကားတွေဟာ တပတ်ကို ၂ ကြိမ် ဆီထည့်ခွင့်ရမှာဖြစ်ပြီး 2000 cc အထိ ကားတွေက တပတ်ကို ၃၅ လီတာ ထည့်ခွင့်ရမှာပါ။ အငှားယာဉ်တွေကတော့ တပတ်ကို ၃ ကြိမ်နဲ့ ၉၀ လီတာ ထည့်ခွင့်ရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတယောက်က “အခုက မှောင်ခိုဆိုတာက သတ်သတ်၊ မှောင်ခိုဈေးက စဝယ်ကတည်းက တလီတာကို ကျပ် ၇,၀၀၀ အထက်မှာရှိတယ်။ အခုဟာကျတော့ နားလည်မှုနဲ့ အောက်ခြေဝန်ထမ်းတွေ လုပ်စားတဲ့သဘောပဲ။ ကျနော်ဆို တပတ်အတွင်း ထည့်ရမဲ့ လီတာက ပြည့်သွားတော့ နောက်ထပ် ၅ လီတာ ပိုထည့်ပေးမယ်၊ တလီတာကို တထောင် ပေးမလား၊ နှစ်ထောင် ပေးမလား၊ ၁၀ လီတာ ပိုယူချင်ရင် တသောင်းပေး၊ ဒီလိုမျိုးနဲ့ ပေးပြီး ဝယ်နေရတာပါ။ မှောင်ခိုမှာ ဝယ်ဖို့ဆိုတာကလည်း ဈေးက ခုထက်ကို ပိုဆိုးမှာလေ၊ လုံးဝမှ ဆီတွေ ဝယ်မရတော့ဘူးဆိုရင်တော့ တမျိုးပေါ့” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်ပြီး ဝယ်မရတာနဲ့ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတာတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်။

မတ်လကစပြီး ဆီဆိုင်တွေမှာ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေ တန်းစီဝယ်ယူတာ လျော့နည်းစေဖို့ QR ကုတ်စနစ်နဲ့ စိစစ်ရောင်းချတာတွေ စတင်ခဲ့သလို စုံ၊ မ စနစ်နဲ့လည်း ဝယ်ယူရတာကြောင့် ကားနဲ့ ဆိုင်ကယ်သုံးစွဲသူတွေဟာ အခုချိန်ထိ အခက်တွေ့နေကြရပါတယ်။

MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်ထားတဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ ရည်ညွှန်းလက်လီဈေးနှုန်းတွေကတော့ ရန်ကုန်မြို့မှာ 92 Ron တလီတာကို ၄,၂၇၀ ကျပ်၊ 95 Ron တလီတာကို ၄,၃၁၅ ကျပ်၊ ဒီဇယ်တလီတာကို ၄,၃၈၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၅,၃၁၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်ကစပြီး ပြည်တွင်း စက်သုံးဆီဈေးတွေ မြင့်တက်ခဲ့ရာကနေ အခုလို ဈေးနှုန်းတွေ ဆက်တိုက်ပြန်တက်လာရတာဟာ ကမ္ဘာ့ရေနံဈေး (MOPS) အတက်အကျ၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ဒေါ်လာရရှိတဲ့ အခြေအနေ၊ တင်သွင်းမှု ခွဲတမ်းနဲ့ ကန့်သတ်ချက်တွေကြောင့်လို့ သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013