ရန်ကုန်တွင် ကျားဖြန့်ဖမ်းမိပြီးနောက် ရပ်ကွက်အတွင်း နိုင်ငံခြားသားများ ရှိမရှိ စာရင်းကောက်

ရန်ကုန်မှာ ကျားဖြန့်တွေဆက်တိုက်ဖမ်းမိပြီးနောက် မြို့နယ်တွေမှာ နိုင်ငံခြားသားဝင်ရောက် နေထိုင်မှုစာရင်းကို ကောက်နေရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။
ရပ်ကွက်တွေမှာ နိုင်ငံခြားသားတွေ ဦးဆောင်ပြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေနဲ့ နေထိုင်တဲ့ လူဦးရေ စာရင်းကို နိုဝင်ဘာ ၂၀ ရက် မှစတင်ကာ မြို့နယ် ထွေအုပ်ချုပ်ကကောက်ခိုင်းတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
"ထွေအုပ်က အဓိကထားပြီးကောက်ခိုင်းတာ တရုတ်တွေ ဦးစီးတဲ့လုပ်ငန်းတွေကို ကျားဖြန့်ဆိုတာ တရုတ်ကပဲ ဦးဆောင်တာဆိုတော့ တရုတ်လူမျိုးတွေလုပ်တဲ့လုပ်ငန်းတွေရယ် အဲဒီလုပ်ငန်းမှာ လုပ်နေတဲ့ အလုပ်သမားစာရင်းကို ကောက်ခိုင်းတာ။”
ငွေကြေးရယူကာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ရပ်ကွက်အတွင်း နေခိုင်း ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်နဲ့ အလုပ်သမားစာရင်းကို အသစ်ပြန်ကောက်ခိုင်းတာလို့ လဝကရုံးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
"ပြည်ထဲရေးနဲ့ စရဖက အုပ်ချုပ်ရေးမှူးတွေကို မယုံလို့ စာရင်းပြန်ကောက်ခိုင်းတာ နိုင်ငံခြား စာရင်းက လဝကမှာရှိတယ်ဆိုပေမဲ့ ရန်ကုန်မှာမိတဲ့ ကျားဖြန့်နိုင်ငံခြားစာရင်းက လဝကမှာ မရှိဘူး။ အောက်ခြေကလုပ်စားနေတော့ လဝကလည်း မသိဘူး။”
အောက်မြန်မာပြည် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်နဲ့ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၉ ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စာရင်းပြန်ကောက်ခိုင်းတာလို့ သူက ဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက်နဲ့ နိုဝင်ဘာ ၂၀ ရက်က သာကေတမြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်မှာ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ တရုတ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံအပါအဝင် အမျိုးသား ၊အမျိုးသမီး ၂၀၀ ကျော်ကို စစ်အာဏာရှင်တပ်နံရဲတွေက ဖမ်းမိခဲ့ ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်မှာ ရန်ကင်းမြို့နယ် ၁ ရပ်ကွက် Golden City အိမ်ရာမှာ အွန်လိုင်း လောင်းကစားလုပ်ငန်းမှ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်ကို ဖမ်း ဆီးရမိခဲ့ပါတယ်။











