ရန်ကုန်တွင် ကြော်ငြာဆိုင်းဘုတ်များကို အနံ ၄ ပေသာ တပြေးညီသုံးရန် သတ်မှတ်

ရန်ကုန်မြို့မှာ နံရံကပ်ကြော်ငြာဆိုင်းဘုတ်တွေကို အားလုံးတပြေးညီ သတ်မှတ်ချက်အနေနဲ့ အနံ ၄ ပေအထိပဲ ထားရှိတပ်ဆင်ခွင့် ပေးတော့မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အသိပေးကြေညာပါတယ်။
နံရံကပ်ကြော်ငြာဆိုင်းဘုတ်တွေ တပ်ဆင်အသုံးပြုတာနဲ့ပတ်သက်လို့ လက်ရှိ အခွန်အခပေးသွင်း တပ်ဆင်ထားသူတွေကို အခုရက်ပိုင်းထဲမှာ မြို့နယ်စည်ပင်ရုံးတွေက အကြောင်းကြားစာ ပေးပို့အသိ ပေးနေတာလို့ ဆိုပါတယ်။
မြို့နယ်စည်ပင်ရုံး ဌာနကြီးမှူးတယောက်က "ကိုယ့်မြို့နယ်အလိုက် ကိုယ် အသိပေးခိုင်းထားတာ။ ပေကျော်တွေ ပေးမသုံးတော့ဘူး" လို့ ပြောပါတယ်။
အဲဒီ နံရံကပ်ကြော်ငြာဆိုင်းဘုတ်တွေကို အဆောက်အအုံရဲ့ မျက်နှာစာအကျယ်အတိုင်း ထားနိုင်ပေမဲ့ အနံကို ၄ ပေပဲ ခွင့်ပြုသွားမှာဆိုပြီး အသိပေးအကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။
ဆိုင်းဘုတ်တပ်ဆင်ချိန်မှာ တခြားကြော်ငြာဘုတ်တွေနဲ့အောက်ခြေလိုင်းညီအောင် ညှိနှိုင်းတပ်ဆင်ဖို့၊ ပြောင်းတပ်မဲ့ အရွယ်အစားအလိုက် ကျသင့်အခွန်ကို တွက်ချက်ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
ရန်ကင်းမြို့နယ်မှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားသူ တယောက်က "သူတို့ဌာနဆိုင်ရာရုံးတွေတောင် ပေမမှန်၊ ဆိုက်မမှန် ဆိုင်းဘုတ်တွေဖြစ်နေတာ၊ ထစ်ခနဲရှိ ပြည်သူတွေကို တည်ဒုက္ခပေးတော့တာ" လို့ ပြောပါတယ်။
ကြော်ငြာဆိုင်းဘုတ်တွေနဲ့ပတ်သက်လို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်အခပေးသွင်းပြီး တပ်ဆင်အသုံးပြုခွင့် ပေးထားတာတွေကို အခုနှစ်ကုန် ဒီဇင်ဘာ ၃၁ မတိုင်ခင် ပြင်ဆင်အသိ ပေးထားတဲ့အတိုင်း ပြောင်းတပ်ဆင်ရမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။











