DVB Logo
Home
မြန်မာသတင်း
ပညာရေး အလေးထားသည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် မြေပြင်အခြေအနေနှင့်ကွဲလွဲ
DVB
·
September 11, 2026
ပညာရေး အလေးထားသည်ဟု စစ်ခေါင်းဆောင် ပြောဆိုချက် မြေပြင်အခြေအနေနှင့်ကွဲလွဲ
1 / 2
အိုးထိန်းတွင်း စာသင်ကျောင်း ဗုံးကြဲခံခဲ့ရစဉ်က။ (Photo: CJ)
Donate to DVB

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့မှာ စစ်အာဏာရှင်သမ္မတက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင် ရွက်ပေးနေတယ်လို့ ပြောဆိုခဲ့ပေမဲ့ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ပညာရေးအသိုက်အဝန်း က ပြောပါတယ်။ 

ဒီလ စက်တင်ဘာလ ၈ရက်နေ့ဟာ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်ပါတယ်။ စစ်အာဏာရှင် အစိုးရက နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အခမ်းအနားကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက စစ်အာဏာရှင်တပ် စိုးမိုးထားတဲ့ မြို့ကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်။ 

နေပြည်တော် Naypyitaw State Academy၊ ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတဲ့ အခမ်းအနားမှာ တော့ စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင် တတ်ရောက်ခဲ့ပြီး နိုင်ငံတော်အနေနဲ့ "နိုင်ငံတော်ဖွံဖြိုးဖို ပညာရေးကို အားပေးစို" ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က အဲဒီလိုပြောခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့က အရပ်သားနေအိမ်တွေအပါအဝင် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေး အဆောက်အဦတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ 

စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော် ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု တွေ ပြုလုပ်ခဲ့တာကြောင့် နိုင်ငံအနှံ့က စာသင်ကျောင်းပေါင်း ၆၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ DVB က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

စစ်ခေါင်းဆောင်ရဲ့ ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုချက်ဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲချက်ရှိနေတယ်လို့ မကွေးတိုင်းထဲ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။ 

“မြေပြင်အခြေအနေနဲ့ အများကြီးကွဲလွဲနေပါတယ်၊ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ မြေပြင်မှာ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ကျောင်းသူကျောင်းသားပေါင်း မြောက်မြားစွာ၊ စာသင်ကျောင်း မြောက်မြားစွာ ပျက်စီးနေတယ်။ ထင်သာမြင်သာရှိတဲ့ အိုးထိန်းတွင်း ဖြစ်စဉ်တွေရှိတယ်။ မကွေးတိုင်းထဲကဆိုရင်လည်း အောင်ဆန်းတက္ကသိုလ်ကို ၂ ရက်ဆက်တိုက် ဗုံးလာကြဲတယ်၊ တက္ကသိုလ်ကျောင်းသူတယောက် ဆုံးရှုံးသွားရတယ်ပေါ့နော်။ တကယ်တန်းသာ ပညာရေးကို သူမြှင့်တင်ချင်တယ်ဆိုရင် ပညာသင်ခွင့်သည် မွေးရာပါ အခွင့်အရေးဖြစ်တယ်၊ ဘယ်သူ့ဆီကပဲ သင်သင် ပညာရရှိဖို့ ခွင့်ပြုပေးရမှာဖြစ်တယ်။” 

စာသင်ကျောင်းတွေကို အဲဒီလို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပြင် ပညာသင်ကြားရေးမှာ အခြေခံ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းသယ်ယူမှုတွေကိုလည်း စစ်အာဏာရှင်အစိုးရက တင်းတင်း ကျပ်ကျပ် ကန့်သတ်ထားပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဘက် ကို စာရေးကိရိယာ သယ်ယူတဲ့သူတွေကိုလည်း ဖမ်းဆီးအရေးယူနေပါတယ်။ 

အဲဒီလို ဖမ်းဆီးတာတွေရှိနေတဲ့အတွက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကျောင်းသုံး ဗလာစာအုပ်အပါအဝင် စာရေးကိရိယာတွေရဲ့ဈေးနှုန်းဟာ အခြားနေရာတွေထက် ဈေးနှုန်း နှစ်ဆလောက် ကြီးမြင့်နေပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုနဲ့ လေနက်ကြီးပစ်ခတ်မှုတွေကြောင့် ကျောင်းနေအရွယ် ကလေးငယ်တွေ ဟာ စာသင်ကျောင်းတွေမှာ လုံခြုံစိတ်ချစွာ စာမသင်ကြားနိုင်ဘဲ ပညာသင်ကြားခွင့်ဆုံးရှုံးနေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆရာ ဆရာမတွေက ပြောကြပါတယ်။ 

စာသင်ကျောင်းဆိုတာ ကလေးတွေအတွက် စိတ်ပျော်ရာနေရာဖြစ်နေပေမဲ့ လက်တွေ့မှာတော့ ကလေးတွေဟာ စာသင်ကျောင်းမှာ စာသင်ကြားဖို့ကိုတောင် ကြောက်ရွံနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ချောင်းဦးမြို့နယ်မှ ဆရာမတယောက်က ပြောပါတယ်။ 

“ဆရာ၊ ဆရာမတွေနဲ့ ကလေးတွေဟာ နေ့စဉ်နဲ့အမျှ ကြောက်ရွံ့မှုကို ရင်ဆိုင်နေရတယ်။ ကြောက်ရွံမှုတွေကြားမှာဘဲ ပညာသင်နေရတယ်။ တကယ်ဆိုရင် ပညာသင်ကြားတယ်ဆိုတာ စာသင်ကျောင်းသည် ပျော်စရာရပ်ဝန်းတခုဖြစ်ရမယ်၊ ဒါမှလည်း ကလေးတွေ ကလေးတွေရဲ့ စိတ်ထဲမှာ ပညာရေးက ပျော်စရာကောင်းတယ်၊ ပညာသင်ကြားရတာ ပျော်စရာကောင်းတယ်ဆိုတဲ့ အတွေးကိုရောက်မှာ။ ဒါပေမဲ့ ဒီဘက်က ကလေးတွေရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှုကပဲ အဓိကဖြစ်နေတယ်၊ ကြောက်ရွံ့မှုကပဲ ကျောင်းကိုလာတယ်။ ကျောင်းသွားတဲ့ လမ်းမှာပဲ ဘာဖြစ်မလဲ၊ ဒီနေ့ ငါတို့ကျောင်းကိုများ လေယာဉ်လာချမလား အဲ့လိုမျိုး စိုးရိမ်ကြောက်ရွံ့နေရတယ်၊ သူတို့မှာ ပျော်ရွှင်မှုမရှိဘူး၊ စာသင်ခန်းဆိုတာလည်း ကြောက်စရာ နေရာကြီးလိုပဲ သူတို့က ဖြစ်နေကြတယ်။” 

အဲ့ဒီလို စစ်အာဏာရှင်ရဲ့ အဘက်ဘက်က ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးဟာ လက်ရှိအချိန်မှာ အဆိုးရွားဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ ကျွမ်းကျင်သူတွေက ပြောကြ ပါတယ်။ 

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်တွေက နိုင်ငံရဲ့ပညာရေးကို စနစ်တကျဖျက်ဆီးခဲ့တာကြောင့် ပညာရေးနိမ့်ကျခဲ့ရတာကို ပြည်သူတွေအား အပြစ်တင်တဲ့ သဘောနဲ့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ပြောဆိုလိုက်တာလို့ နိုင်ငံရေး လေ့လာသူ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ပြောပါတယ်။ 

“စစ်အာဏာရှင်က ခေတ်အဆက်ဆက် ပညာရေးစနစ်ကို စနစ်တကျဖျက်ဆီးပြီးတော့မှ နိုင်ငံသူနိုင်ငံသားတွေက စာတတ်မြောက်မှုမရှိဘူး၊ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ် ဘာညာသာရကာ ပြောနေတာကတော့ တကယ်ရီစရာကောင်းတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို တာဝန်မခံတဲ့အပြင် ပြည်သူကို မထီမဲ့မြင်ပေါ့ဗျာ။ ဒီအာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်ကြောင့်ပဲ ပညာရေးက ပျက်စီးခဲ့ရတာကို ပြည်သူတွေကပဲ အရည်အချင်းမရှိလို့၊ ပြည်သူတွေက ပညာရေးမလိုက်စားလို့ ပညာရေချိန်နိမ့်ရသလိုပုံစံမျိူး ပြည်သူကို အပြစ်တင်တဲ့ သဘောမျိုး ပြောတာကတော့ တကယ့်ကို အာဏာရှင် စရိုက်ပီသတယ်။” 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း AAPP ရဲ့ စာရင်းဇယားတွေအရ အာဏာသိမ်းပြီးကတည်းက ပညာရေးကဏ္ဍက ဆရာဆရာမနဲ့ ကျောင်သားကျောင်းသူပေါင်း ၃၆၃ ယောက်သေဆုံးခဲ့တဲ့အပြင် ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအပါအဝင် ပညာရေးကဏ္ဍက ၁၇၀၁ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013