
အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ ပညာရေးအတွက် အသုံးပြုမဲ့ငွေကို နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲထားဖို့ ရည်မှန်းထားတယ်လို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်က နေပြည်တော်က State Academy မှာ ပြုလုပ်တဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်နဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ သြဝါဒခံယူပွဲ အတွင်း ပြောကြားခဲ့တာပါ။
စစ်အာဏာရှင်အစိုးရ အနေနဲ့ ပညာရေးဘက်မှာ နိုင်ငံတော်ဘတ်ဂျက်ကို တိုးမြှင့်နေပြီး ၂၀၂၆-၂၇ ခုနှစ်မှာ နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၆ ဒသမ ၉ ရာခိုင်နှုန်းကို ခွဲဝေသုံးစွဲမှာဖြစ်ကာ တခြားဝန်ကြီးဌာနတွေရဲ့ ပညာရေးဆိုင်ရာ အသုံးစရိတ်တွေကိုပါ ထည့်တွက်မယ်ဆိုပါက ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို ခွဲဝေသုံးစွဲမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၇-၂၈ မှာ ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို အနည်းဆုံး ၁၀ ရာခိုင်နှုန်း၊ ၂၀၂၈-၂၉ ခုနှစ်အတွက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားမှာဖြစ်ပြီး ၅ နှစ်တာကာလအတွင်းမှာ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိစေဖို့ ရည်မှန်းထားတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် အခြေခံပညာကျောင်းတွေကို စံကိုက်ကျောင်းတွေအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
အခြေခံပညာမူလတန်းကျောင်းတွေအတွက် ကျောင်းပိုင်မြေ ၃ ဧက ကနေ ၅ ဧကအထိ၊ အလယ်တန်းကျောင်းတွေအတွက် ၅ ဧက ကနေ ၇ ဧက အထိနဲ့ အထက်တန်းကျောင်းတွေအတွက် ၇ ဧက ကနေ ၁၀ ဧကဆိုပြီး သတ်မှတ်ထားပြီး ကျောင်းဆောင်သစ်တွေ၊ အကြီးစား ပြုပြင်မွမ်းမံမှုတွေနဲ့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ပညာရေးဘတ်ဂျက် တိုးသုံးမယ်လို့ စစ်အာဏာရှင်က ပြောနေပေမဲ့ လက်တွေ့မှာတော့ အခမဲ့ ပညာရေစနစ်နဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေကို လုံလောက်အောင် ထောက်ပံ့ပေးနိုင်တာ မရှိပါဘူး။
တဖက်မှာတော့ အခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၂,၅၀၀ ကျော် ထပ်တိုးတောင်းခံခဲ့တာကြောင့် စုစုပေါင်း စစ်အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာသလို စာသင်ကျောင်းတွေကို စစ်အာဏာရှင်တပ်က ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေပါတယ်။











