ဘာစီလိုနာတွင် ဆန္ဒပြသူများက ပိုကောင်းသည့် အိမ်ရာနှင့် ပညာရေးစနစ် တောင်းဆို
စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ဆန္ဒပြသူတွေက အများပြည်သူဆိုင်ရာ ပညာရေးစနစ် တိုးတက်ကောင်းမွန်လာစေဖို့နဲ့ ဈေးနှုန်းသက်သာတဲ့ အိမ်ရာတွေ ရနိုင်ရေးအတွက် နိုဝင်ဘာ ၂၁ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲဟာ လက်ရှိအစိုးရနဲ့ တက်လာမဲ့အစိုးရသစ် နှစ်ရပ်စလုံးကို ရည်ရွယ်တယ်လို့ ဆန္ဒပြသူလည်းဖြစ် အိမ်ငှားများသမဂ္ဂအဖွဲ့ဝင်လည်းဖြစ်သူ ဂျမ်မာ ဘရမ်မူလက်စ်က ပြောပါတယ်။
အစိုးရတွေဟာ အိမ်ရာကဏ္ဍနဲ့ ပညာရေးကဏ္ဍတို့မှာ လုံလောက်အောင် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သူက ပြောပါတယ်။
စပိန်နိုင်ငံမှာ မကြာမီကျင်းပတော့မဲ့ ရွေးကောက်ပွဲမှာ အိမ်ရာဈေးနှုန်း သက်သက်သာသာ ရရှိနိုင်ရေး ကိစ္စရပ်ဟာ အဓိကကျတဲ့ ပြဿနာတရပ်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
လက်ရှိအာဏာရ PSOE အစိုးရဟာ ရွေးကောက်ပွဲဆိုင်ရာ လူထုသဘောထား စစ်တမ်းအများစုမှာ နောက်ကောက်ကျနေပြီး မဲရရှိရေးအတွက် ရုန်းကန် နေရချိန်မှာ အခက်အခဲရှိတဲ့ မိသားစုတွေအတွက် ယူရိုသန်း ၈၂၀ လောက် ထောက်ပံ့ပေးဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
ဘာစီလိုနာမြို့က ချီတက်ဆန္ဒပြပွဲဟာ အမြတ်အစွန်းထက် လူထုက အရေးကြီးတယ်ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဥရောပတဝန်းလုံးမှာလုပ်တဲ့ လှုပ်ရှားမှုတရပ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
Source: Reuters











