DVB Logo
Home
Lead Story
အနောက်အုပ်စုနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်နေတဲ့ မြန်မာစစ်အာဏာရှင်
DVB
·
September 24, 2026
အနောက်အုပ်စုနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်နေတဲ့ မြန်မာစစ်အာဏာရှင်
Donate to DVB

အခန်းထဲကို ပထမဆုံး ရောက်လာတာကတော့ မှန်တချပ်ပါပဲ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းကဆိုရင် ဒါဟာ အနောက်တိုင်း မီဒီယာတခုနဲ့ မင်းအောင်လှိုင်တို့ရဲ့ ပထမဆုံး အင်တာဗျူးပါ။ သူ အခန်းထဲ မဝင်လာခင်လေးမှာတင် သူ့တပည့်တွေက အလှကြည့်ဖို့ ရိုကိုကိုခေတ်စတိုင် မှန်အကြီးကြီးတချပ်ကို နေရာအရင်ချပေးရပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ဖို့ တောင်းဆိုချက်တွေ ထွက်လာတယ်။ ဘယ်ဘက်ကနေ မီးအလင်းရောင်ပေးဖို့ပေါ့။ ဘာလို့လဲဆိုတော့ စစ်ဦးထုပ်ဆောင်းမထားချိန်မှာ ပါးလျားနေပြီဖြစ်တဲ့ သူ့ဆံပင်တွေကို ဖုံးကွယ်ထားချင်လို့ပါ။

အခုအခါမှာတော့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်းဟာ သူ့ကိုယ်သူ သမ္မတလို့ သမုတ်နေပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို လူတွေက အတုအယောင်လို့ ဝေဖန်ထားကြပေမဲ့ပေါ့။ စစ်အာဏာရှင်ဘဝကနေ အရပ်သား နိုင်ငံရေးခေါင်းဆောင်တယောက်လို ပုံဖျက်ဖို့ ကြိုးစားရာမှာ သူဟာ ဖော်ရွေပြုံးရွှင်ပျဖို့ပါ အတင်းကြိုးစားလာပါတယ်။ ဂေါက်ရိုက်ရတာ ဝါသနာပါကြောင်းလည်း သူက ဖွင့်ဟပါသေးတယ်။ သူ့ရဲ့ ဂေါက်သီးရိုက် ကျွမ်းကျင်မှုအဆင့် (handicap) က ၁၈ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ခါးနာနေလို့ ဂေါက်ကွင်းထဲ သိပ်မဆင်းဖြစ်ဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီလို ဟန်ဆောင် ပုံဖျက်တာတွေကလည်း အတိုင်းအတာတခုအထိပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မူးယစ်ဆေးဝါး မှောင်ခိုကူးတာတွေနဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ ဆွေမျိုးတွေအကြောင်း မေးခွန်းတွေ မေးလိုက်တဲ့အခါ သူ့ရဲ့ ဖော်ရွေတဲ့အပြုံးတွေ ချက်ချင်း ပျောက်သွားပါတော့တယ်။ သူ့ရဲ့ မွေးရပ်မြေကိုတောင် လျှို့ဝှက်ချက်တခုလို ထားဆဲပါ။ “ကျနော်ကိုယ့်မြို့ကို မကြာခဏ ပြန်ဖြစ်ပါတယ်။ သတင်းတွေကို သေချာစောင့်ကြည့်မယ်ဆိုရင် ကျနော့်ဇာတိကို သိနိုင်ပါတယ်” လို့ သူက စကားဝှက်နဲ့ ဖြေပါတယ်။

မင်းအောင်လှိုင်တယောက် စစ်ဝတ်စုံကို ချွတ်ပြီး ပိုးလုံချည်ကို ပြောင်းဝတ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ဖုံးကွယ်တတ်၊ လွှဲချတတ်၊ အမိန့်ပေးတတ်တဲ့ စစ်တပ်အကျင့်တွေကတော့ သူ့ဆီမှာ အခိုင်အမာ ကပ်ငြိနေတုန်းပါပဲ။ တနာရီလောက် အင်တာဗျူးလုပ်ပြီးချိန်မှာတော့ သူက “ကျနော့် အဖြေတချို့က ခင်ဗျားမေးခွန်းတွေကို တိုက်ရိုက်မဖြေထားပေမဲ့၊ အသုံးဝင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်” လို့ ပြောလာပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းနဲ့ မျက်နှာပန်းလှအောင် အတင်းကြိုးစားနေသူ တယောက်အတွက် ဒီလို လိုရင်းမရောက် ရှောင်လွှဲဖြေဆိုတတ်တဲ့ အကျင့်က တော်တော်တော့ ထူးဆန်းနေပါတယ်။ သူ့ရဲ့ အာဏာသိမ်းမှုကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ အခုဆို သူ မြန်မာနိုင်ငံကို အုပ်ချုပ်လာတာ ၅ နှစ်ရှိပါပြီ။ သူ အာဏာကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ပိုပြီး သဘောပေါက်လာကြတယ်။ အခုဆိုရင် သူ့ကို နိုင်ငံ ၉ နိုင်ငံက တရားဝင် ဖိတ်ကြား ကြိုဆိုခဲ့ကြပါတယ်။ ရုရှား နဲ့ တရုတ်လို အာဏာရှင်နိုင်ငံတွေက ကြိုဆိုတာက မဆန်းလှပေမဲ့၊ ထိုင်းနဲ့ အိန္ဒိယလို ဒီမိုကရေစီနိုင်ငံတွေကိုပါ သွားရောက်နိုင်တာကို ကြည့်ရင်တော့ သူ့အပေါ်  နိုင်ငံတကာရဲ့ဆက်ဆံရေးတွေ ပိုပြီး ပျော့ပျောင်းလာတာကို ပြသနေပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကတော့ မလွှဲမရှောင်သာမို့ သူ့ကို ဆက်ဆံနေကြရတာပါ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မက်သာဖက်တမင်းလို စိတ်ကြွဆေးတွေနဲ့ ဘိန်း အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်နေပါတယ်။ ဒါ့အပြင် ကမ္ဘာတဝန်းက ဘဏ်အကောင့်တွေဆီကနေ တနှစ်ကို ဒေါ်လာ ၁၅ ဘီလီယံလောက် လိမ်လည်ခိုးယူနေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်မကြီးလည်း ဖြစ်နေပြန်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက ကမ္ဘာတဝန်းလုံးကို သက်ရောက်မှု ရှိနေပါတယ်” လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ စစ်ဆင်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဂျယ်ရမီ ဒေါက်ဂလပ်စ်က ပြောပါတယ်။ “အခြေအနေက စံချိန်တင် ဆိုးရွားနေတာပါ။ ပိုမဆိုးလာခင် ဒေသတွင်းနိုင်ငံတွေက ဝင်ရောက်စွက်ဖက် အရေးယူဖို့ လိုအပ်နေပါပြီ” လို့ သူက ဆိုပါတယ်။

ဒီနေရာမှာ အနောက်နိုင်ငံတွေအတွက် ခေါင်းခဲစရာ ဖြစ်လာတာက အိမ်နီးချင်းတွေနည်းတူ မြန်မာစစ်တပ်နဲ့ ဆက်ဆံသင့်၊ မသင့် ဆိုတာပါပဲ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သယံဇာတ အကြွယ်ဝဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ကျောက်စိမ်း၊ ကြေးနီ၊ ကျောက်မီးသွေး၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာ၊ ခဲမဖြူနဲ့ ရွှေတွေ အများကြီး ထွက်ပါတယ်။ ဒါ့အပြင် ဝါရှင်တန်နဲ့ ပေကျင်းတို့ကြား အပြိုင်အဆိုင် လုနေကြတဲ့ မြေရှားသတ္တု ထုတ်လုပ်မှုမှာလည်း ကမ္ဘာ့တတိယ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်နဲ့ ပလဲပနံ သင့်လိုက်မယ်ဆိုရင် ရလာမဲ့ ဂုဏ်သိက္ခာကျဆင်းမှုက အဲဒီ သယံဇာတတွေထက် ပိုကြီးမားနေနိုင်ပါတယ်။ လူဦးရေ ၅၅ သန်းရှိတဲ့ မြန်မာနိုင်ငံဟာ အခုချိန်ထိ ပြည်တွင်းစစ်မီး တောက်လောင်နေဆဲပါ။ စစ်အာဏာရှင်ရဲ့ တပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ NUG ဆိုတာက ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြုတ်ချခံအစိုးရကနေ ပေါက်ဖွားလာတာပါ။ ဒီနေ့အချိန်မှာတော့ မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ စုစုပေါင်း မြေဧရိယာရဲ့ တဝက်ကိုတောင် မထိန်းချုပ်နိုင်တော့ ပါဘူး။

“ကျနော်တို့ရဲ့ မဟာဗျူဟာကတော့ နယ်မြေတွေ ဆက်ချဲ့ထွင်ဖို့၊ လိုအပ်တဲ့ လူမှုစောင့်ရှောက်ရေးနဲ့ အခြေခံဝန်ဆောင်မှုတွေပေးဖို့ပါပဲ” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ “စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကနေ ပြည်သူကို ကာကွယ်ပေးဖို့လည်း ကျနော်တို့ လုပ်ဆောင်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဒီပဋိပက္ခတွေကြောင့် အခုချိန်အထိ လူပေါင်း တသိန်းကျော် သေဆုံးခဲ့ရပါပြီ။ လူ ပေါင်း ၃ ဒသမ ၆ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို၊ ရေတွက်လို့မရတဲ့ လူပေါင်းများစွာလည်း နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရပါတယ်။ မင်းအောင်လှိုင် ကွပ်ကဲနေတဲ့ စစ်တပ်ဟာ ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် စစ်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြ တယ်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက သူ့ကို ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးရေး သုတ်သင်ရှင်းလင်းမှုတွေ ကျူးလွန်ထားတယ်လို့ စွပ်စွဲထားပါတယ်။ သူကတော့ အပြစ်လုပ်ထားတာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

ဘိုင်ဒန် အစိုးရလက်ထက်မှာ NUG ကို စကားလုံးတွေနဲ့ ထောက်ခံအားပေးခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အကျိုးအမြတ်ကိုသာ အခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေတာပါ။ ဇွန် ၂၅ ရက်က အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆွန်ဘရီက စကားတခွန်း ပြောခဲ့ပါတယ်။ “လူတွေ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်ရတာတွေ၊ နိုင်ငံဖြတ်ကျော် မှုခင်းတွေ”ကို နှိမ်နင်းဖို့အတွက် ဝါရှင်တန်အနေနဲ့ “သက်ဆိုင်သူအားလုံးနဲ့ လက်တွဲလုပ်ဆောင်ဖို့ အထူးပဲ လမ်းဖွင့်ထားတယ်” လို့ သူက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က ထရမ့်ပ်အစိုးရဟာ စစ်ကောင်စီနဲ့ နီးစပ်သူတချို့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးခဲ့ပါသေးတယ်။ မြန်မာ့အရေး မူဝါဒကို ပြန်လည်သုံးသပ်ပြီး ဆက်ဆံရေးပြန်စမဲ့ အရိပ်အယောင်တွေ ပြလာတာပါ။ အမေရိကန်မှာရှိတဲ့ မြန်မာဒုက္ခသည် ၄,၀⁠၀၀ နီးပါးကို ယာယီအကာအကွယ်ပေးထားတဲ့ အစီအစဉ်ကိုလည်း ရပ်ဆိုင်းလိုက်ပါပြီ။ “မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ လုံခြုံစိတ်ချရနေပါပြီ” လို့ ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နိုရမ် က ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်နဲ့ အပြည့်အဝ ပြန်လည်ဆက်ဆံလိုက်ခြင်းဟာ “မြန်မာပြည်သူ အများစုကြီးကို အကြီးအကျယ် ဒေါသထွက်စေပါလိမ့်မယ်” လို့ ၂၀၁၆ ကနေ ၂၀၂၀ အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စကော့ မာစီရယ်က ပြောပါတယ်။ “ဒါပေမဲ့ ထရမ့်ပ်နဲ့ သူ့လူတွေကတော့ ဒါကို ဂရုစိုက်မယ် မထင်ပါဘူး” လို့လည်း သူက ဆိုပါတယ်။

ဒီလို ဆက်ဆံရေး ပြန်စချင်ရတဲ့ အဓိက အကြောင်းရင်းကတော့ အရှိန်အဟုန် ကြီးမားလာတဲ့ တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ပါပဲ။ တရုတ်ဟာ မြန်မာနိုင်ငံက သယံဇာတတွေကို သွားရည်ကျနေသလို၊ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ထွက်ခွင့်ရမဲ့ မဟာဗျူဟာမြောက် နေရာကိုလည်း လိုချင်နေတာပါ။ ဒါပေမဲ့ ပေကျင်းရဲ့ ချဉ်းကပ်ပုံက ဟိုလိုလို ဒီလိုလို ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ “မိတ်ဆွေဟောင်းကြီး” လို့ သတ်မှတ်ထားပေမဲ့၊ တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို ထောက်ပံ့သလို မင်းအောင်လှိုင်ကိုလည်း ကျောထောက်နောက်ခံ ပေးထားပြန်ပါတယ်။ တန်ဖိုးထားမှုတွေကို အခြေခံတဲ့ အမေရိကန်ရဲ့ မူဝါဒနေရာမှာ အကျိုးအမြတ်ကိုပဲ ကြည့်တဲ့ တရုတ် ဦးဆောင်တဲ့ ဒေသတွင်း အစီအစဉ်သစ်နဲ့ အစားထိုးလိုက်ရင် ဘယ်လောက် အန္တရာယ်များလဲ ဆိုတာကို ဒီသံတမန်ရေး ကမောက်ကမဖြစ်မှုက မီးမောင်းထိုးပြနေတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

"မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ တိကျပြတ်သားတဲ့ မဟာဗျူဟာက ဘာလဲဆိုတာ ပြောရခက်ပါတယ်" လို့ အမေရိကန် ကာကွယ်ရေး အရာရှိဟောင်း လက်ရှိ စင်ကာပူနိုင်ငံ အက်စ် ရာဂျာရတ်နမ်နိုင်ငံတကာ လေ့လာရေးကျောင်းက ဒရူးသွန်မ်ဆင်က ပြောပါတယ်။ 

“ဘယ်အဖွဲ့ကိုမှ အင်အားအပြတ်အသတ် သာသွားအောင် မလုပ်ပေးဘဲ ထားတဲ့အတွက်၊ သူတို့ဟာ မတည်ငြိမ်မှုတွေကို ပိုဆိုးစေခဲ့ပါတယ်” လို့ သူက သုံးသပ်ပါတယ်။

ဒီနေရာမှာ စွန့်စားရမဲ့ အချက်က စစ်တပ်နဲ့ ပြန်လည်ဆက်ဆံလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံကို တရုတ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ ဆွဲထုတ်နိုင်မလား ဆိုတာပါပဲ။ နှစ်ပေါင်းများစွာ ရှုတ်ချနေခဲ့တာထက် ပိုကောင်းတဲ့ ရလဒ်တွေများ ရလာမလား ဆိုတာပေါ့။ တချို့ကလည်း ဒီလို ငြင်းခုံကြပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပေမဲ့ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဝင်လုပ်နေတာကို မတားဆီးနိုင်ခဲ့သလို၊ အမေရိကန်ကုမ္ပဏီတွေ ပြန်ဝင်လာမဲ့ ကိစ္စကိုလည်း ပိတ်ပင်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလို လက်တွေ့ဆန်တဲ့ နိုင်ငံရေးမျိုးမှာ ဝါရှင်တန်ရဲ့ တောင်းဆိုချက်တွေက ရှင်းလင်းပြတ်သားပါလိမ့်မယ်။ အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန်လျှော့ချဖို့၊ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ တရုတ်ကို အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ အသုံးပြုခွင့်မပေးဖို့ စတာတွေ ဖြစ်လာပါလိမ့်မယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဆိုတာကတော့ နောက်တန်းကို ရောက်သွားပါတော့မယ်။

မြန်မာ့အရေး မူဝါဒကို ပြင်ဆင်ဖို့ဆိုတာ အမေရိကန်အတွက် ဦးစားပေးကိစ္စတော့ မဟုတ်သေးပါဘူး။ “ဒီကိစ္စကို တကယ်တမ်း အာရုံစိုက်လာဖို့ဆိုရင် ထိရောက်တဲ့ စီးပွားရေး အကျိုးအမြတ် တခုခု ရှိနေမှ ရပါလိမ့်မယ်” လို့ မာစီရယ်က ပြောပါတယ်။

မင်းအောင်လှိုင်ကလည်း ဒီအချက်ကို သိလို့ သြဇာညောင်းတဲ့ လူတွေကို ငှားရမ်း အသုံးပြုလာပါတယ်။ တရားဝင် မှတ်တမ်းတွေအရဆိုရင် ဝါရှင်တန်နဲ့ ဆက်ဆံရေး “ပြန်လည်တည်ဆောက်ဖို့” သမ္မတ ထရမ့်ပ်ရဲ့ လူယုံဖြစ်သူ လော်ဘီသမား ရော်ဂျာ စတုန်းကို တလ ဒေါ်လာ ၅၀,၀၀၀ ပေးပြီး ငှားရမ်းထားတယ်လို့ သိရပါတယ်။

“အမေရိကန်သာ စစ်ကောင်စီနဲ့ ပြန်ပြီး မဆက်ဆံဘူးဆိုရင် ကျနော်တော်တော်လေး အံ့သြမိမှာပါ” လို့ အရှေ့တောင်အာရှရေးရာ လေ့လာဆန်းစစ်သူနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝန်ထမ်းဟောင်း ဂျိုနာ ဘလန့်ခ်က ပြောပါတယ်။

“ယခင် အစိုးရလက်ထက်တွေတုန်းက တားဆီးထားခဲ့တဲ့ လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီ မြှင့်တင်ရေးတို့ ဆိုတာတွေက အခုတော့ ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီလို ပြန်လည်ဆက်ဆံလိုက်ခြင်းက ဒီဒေသတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ သြဇာတိက္ကမ အတော်များများကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ 

မင်းအောင်လှိုင်ကတော့ နိုင်ငံကိုသာ ပထမဦးစားပေးမဲ့ မူဝါဒဟာ သူ့အတွက် အသက်ကယ်ကြိုး ဖြစ်လာလိမ့်မယ်လို့ ပွင့်ပွင့်လင်းလင်း မျှော်လင့်နေပါတယ်။ “ကျနော်တို့ ပြည်သူတွေ ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ဆောင်ရာမှာ အမေရိကန်ကသာ ပူးပေါင်းပါဝင်ပေးမယ်ဆိုရင် အကောင်းဆုံးပါပဲ” လို့ သူက ပြောပါတယ်။

အဲဒီစကားစုလေးက မြို့တော် နေပြည်တော်မှာ ကြားရတာ တော်တော်လေး အံချော်နေပါတယ်။ နေပြည်တော်ဆိုတာ ဆန္ဒပြပုန်ကန်မှုတွေကနေ ကင်းဝေးအောင် စစ်တပ်က ၂၀၀၅ ခုနှစ်မှာ ဝင်္ကပါကြီးတခုလို တည်ဆောက်ခဲ့တဲ့ ခံတပ်မြို့တော်ကြီးလေ။ “ဒီမိုကရေစီဆိုတာ ပုံစံအမျိုးမျိုး ရှိပါတယ်” လို့ မင်းအောင်လှိုင်က ခပ်ပြုံးပြုံးနဲ့ ပြောပါတယ်။ “အမေရိကန် ဒီမိုကရေစီ ရှိသလို၊ ဥရောပ ဒီမိုကရေစီ ဆိုတာလည်း ရှိတယ်။ မြန်မာနိုင်ငံအတွက်တော့ ကျနော်တို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေနဲ့ တကယ်ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်တခု ရရှိစေရမယ်လို့ ကျနော် အာမခံပါတယ်” လို့ သူက ဆိုပါတယ်။

အဲဒီ အစဉ်အလာဆိုတာတွေကို မင်းအောင်လှိုင်ရဲ့ ရုံးခန်းနဲ့ သိပ်မဝေးလှတဲ့ နေရာမှာ အထင်အရှား တွေ့မြင်နိုင်ပါတယ်။ အဲဒီမှာ ဧက ၆၀၀ ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်ထားတဲ့ တပ်မတော် စစ်သမိုင်းပြတိုက်ကြီး ရှိပါတယ်။ အဲဒီပြတိုက်မှာ ရွှေဝါရောင် သနပ်ခါး ပါးကွက်ကျားလေးတွေ လူးထားတဲ့ ကျောင်းသားလေးတွေ အပြည့်ပါလာတဲ့ ဘတ်စ်ကားတွေ ရောက်လာတတ်ကြတယ်။ ပြီးရင် အဲဒီကလေးတွေက အသုံးမပြုတော့တဲ့ တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ လေယာဉ်ပစ် အမြောက်တွေပေါ်ကို တွယ်တက် ဆော့ကစားနေကြတာကို တွေ့ရပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က အသက်ရှူကြပ်လောက်အောင် လွှမ်းမိုးခြယ်လှယ်လာတာကတော့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမြစ်စတွယ်ခဲ့တာပါ။ အဲဒီအချိန်က မင်းအောင်လှိုင်ဟာ အသက် ၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ အထက်ပိုင်းမြို့ဖြစ်တဲ့ မန္တလေးမှာ ကြီးပြင်းခဲ့တာပါ။ သူက ကျောင်းသွားရတာ သိပ်မကြိုက်ပါဘူး၊ “ဒါပေမဲ့ အမေကတော့ ကျနော့်ကို ကျောင်းမရောက်ရောက်အောင် အတင်းလွှတ်ခဲ့တယ်” လို့ သူက ပြောပါတယ်။ အဲဒီကနေ စာပေကို ချစ်မြတ်နိုးစိတ် ကိန်းအောင်းလာတယ်လို့ သူက ဆိုတယ်။ ဒါပေမဲ့ ရန်ကုန်မှာ တက္ကသိုလ်တက်နေရင်း ဥပဒေပညာကို ဆက်မသင်တော့ဘဲ စစ်တပ်ထဲဝင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ထိပ်တန်းကျောင်းတကျောင်းဖြစ်တဲ့ စစ်တက္ကသိုလ် (DSA) ကို ၁၉၇၄ ခုနှစ်မှာ တတိယအကြိမ်မြောက် ဖြေဆိုမှ ဝင်ခွင့်ရခဲ့တာပါ။

မင်းအောင်လှိုင်ကို ပုံသွင်းပေးခဲ့တဲ့ ပတ်ဝန်းကျင်ကတော့ နေဝင်းရဲ့ စစ်အာဏာရှင် ယန္တရားကြီးပါပဲ။ အဲဒီအဖွဲ့အစည်းကြီးဟာ နိုင်ငံရဲ့ ညီညွတ်ရေး၊ အချုပ်အခြာအာဏာနဲ့ နိုင်ငံရေး တည်ငြိမ်မှုတို့ကို သူတို့တဦးတည်းကသာ စောင့်ရှောက်ကာကွယ်ရမယ်လို့ ခံယူထားကြတာပါ။ "စစ်တပ်ဆိုတာ နိုင်ငံတော်ရဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းတခုပါ" လို့ သူက ပြောပါတယ်။ "ပြီးတော့ စစ်မှုထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဆိုတာလည်း ပြည်သူတွေပါပဲ" လို့ သူက ဆိုပါတယ်။

သူ့ရဲ့ အတန်းဖော်ဟောင်းတွေကတော့ သူ့ကို ဆွဲဆောင်မှု သိပ်မရှိတဲ့ သာမန် ဗိုလ်လောင်းတယောက်အဖြစ်ပဲ မှတ်မိကြပါတယ်။ စကားနည်းတယ်၊ စည်းကမ်းကြီးတယ်၊ နိုင်ငံရေးအရ အမြဲ သတိထားတတ်တဲ့ အရာရှိတယောက်ပေါ့။ သူဟာ အဖွဲ့အစည်းအပေါ် သစ္စာရှိမှု၊ စစ်တပ်ယန္တရားထဲမှာ ဇွဲကောင်းကောင်းနဲ့ တောင့်ခံနိုင်မှု၊ ပြီးတော့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေကို သေသေချာချာ ချဉ်းကပ်နိုင်မှုတွေကြောင့် တဖြည်းဖြည်း သြဇာကြီးလာခဲ့တာပါ။ သူ့နာမည် စပြီး ထွက်လာတာကတော့ ၂၀၀၉ ခုနှစ်မှာပါ။ တရုတ်နယ်စပ်က ကိုးကန့်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးကို သူကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ အဲဒီထိုးစစ်ကြောင့် ဆယ်စုနှစ် ၂ ခုကြာ ရပ်စဲထားတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး၊ လူပေါင်း ၃၀,၀⁠၀၀ လောက် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတယ်။ ဒီဖြစ်ရပ်ကြောင့် ပေကျင်း ကို ဒေါသထွက်စေခဲ့ပေမဲ့၊ မင်းအောင်လှိုင် အတွက်တော့ ခေါင်းဆောင်မှု အရည်အသွေးကို သက်သေပြနိုင်ခဲ့ပြီး ရာထူးတွေလည်း ဆက်တိုက် တက်လာခဲ့ပါတယ်။

အဲဒီအချိန်က မြန်မာနိုင်ငံအတွက်တော့ အပြောင်းအလဲတွေများတဲ့ ထူးဆန်းတဲ့ ကာလတခုပါပဲ။ နောက်ထပ် စစ်အာဏာရှင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရဟောင်းဟာ အမည်ခံအားဖြင့် နောက်ဆုတ်သွားခဲ့ပါတယ်။ သတင်းမီဒီယာ ဆင်ဆာဖြတ်တောက်မှုတွေ လျှော့ချပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မင်းအောင်လှိုင်ကတော့ စနစ်တကျ ပြောင်းလဲနေတဲ့ အကူးအပြောင်းကာလကို ထောက်ခံ အားပေးနေတဲ့ ပရော်ဖက်ရှင်နယ် စစ်သားကောင်းတယောက်အဖြစ် ဟန်ဆောင်ပြခဲ့ပါတယ်။ နိုင်ငံတကာစစ်တပ်တွေနဲ့ ဆက်ဆံရေး တည်ဆောက်တယ်၊ သံတမန်တွေနဲ့ တွေ့ဆုံတယ်၊ ဘုန်းတော်ကြီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ပြတယ်။ တချိန်က စကားနည်းလှတဲ့ စစ်အရာရှိဟာ နိုင်ငံရေးသမား တယောက်လို တဖြည်းဖြည်း ပြုမူလာပါတော့တယ်။

၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တောင်ပြိုကမ်းပြို အနိုင်ရတဲ့အခါ၊ အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ကျန်နေသေးတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ အားလုံးကို ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လက်လွှဲရယူလိုက်ရတဲ့ တိုင်းပြည်ကတော့ ရာစုနှစ်ဝက်လောက် စီမံခန့်ခွဲမှု အလွဲတွေကြောင့် အခွံချည်းသက်သက်သာ ကျန်ပါတော့တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အတိုင်းအတာ တခုအရဆိုရင် အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်နေပါပြီ။ ဘဏ်တွေက ဒေဝါလီခံရမလို ဖြစ်နေတယ်၊ အုပ်ချုပ်ရေး ယန္တရားကြီးက ပျက်စီးနေပြီး အဂတိလိုက်စားမှုတွေက နေရာတိုင်းမှာ အမြစ်တွယ်နေပါတယ်။ ဒီလို ကျဆင်းနေတာတွေကို ပြန်ဆယ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနယ်ကို ခေါ်ယူ အကူအညီတောင်းခဲ့ပါတယ်။ သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ငွေကြေးဖောင်းပွမှုနဲ့ လိုငွေပြမှုတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေအတွက် တံခါးဖွင့်ပေးနိုင်ခဲ့သလို၊ ငွေချေးယူသူ ၆ သန်းလောက်အထိ အသေးစား ချေးငွေလုပ်ငန်းတွေကို တိုးချဲ့ပေးနိုင်ခဲ့ပါတယ်။ ငွေချေးသူ အများစုကတော့ အမျိုးသမီးတွေပါ။

ဒါပေမဲ့ အရပ်သားအစိုးရရဲ့ အုပ်ချုပ်ခွင့်ဆိုတာ တကယ်တော့ တံလျှပ်တခုလိုပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် နေရာရဲ့ လေးပုံတပုံကို စစ်တပ်အတွက် အပိုင်ပေးထားရပါတယ်။ ဒါ့အပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကိုလည်း စစ်တပ်ကပဲ ခန့်အပ်တာပါ။ ပြုပြင်ပြောင်းလဲရေး ဆိုတာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတဲ့ လှောင်ချိုင့်ထဲမှာပဲ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အရပ်သား ခေါင်းဆောင်တွေအနေနဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေအတွက် ဘတ်ဂျက်ငွေ ပိုသုံးခွင့် ရခဲ့ပေမဲ့၊ ဗိုလ်ချုပ်တွေကိုတော့ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပါဘူး။ အားနည်းနေတဲ့ အဖွဲ့အစည်းတွေကို မကျော်လွှားနိုင်ခဲ့သလို၊ အာဏာခွဲဝေကျင့်သုံးခွင့်လည်း မလုပ်နိုင်ခဲ့ပါဘူး။ “မြန်မာနိုင်ငံဟာ သားကောင်ဖြစ်ပြီး၊ တရားခံတွေက အမြဲတမ်း မနာလိုဝန်တိုဖြစ်နေတဲ့ နိုင်ငံခြားသားတွေပဲ ဆိုတဲ့ စစ်တပ်ရဲ့ စိတ်သဘောထားက ရှိနေတုန်းပါပဲ” လို့ ရှောင် တာနယ်က ပြောပါတယ်။ “နိုင်ငံတကာ စီးပွားရေးဆိုတာ သူတို့အတွက်တော့ အခွင့်အလမ်း တခုထက် ခြိမ်းခြောက်မှု တခုလို ဖြစ်နေခဲ့တယ်” လို့ သူက ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ အခြေအနေတွေ အောက်ဆုံးအထိ ထိုးကျသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ အများစု နေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင် လူနည်းစု ရိုဟင်ဂျာတွေအပေါ် စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့လို့ပါပဲ။ ဒီလုပ်ရပ်ကို အမေရိကန်က ဂျီနိုဆိုက်အဖြစ် နောက်ပိုင်းမှာ သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား မျိုးနွယ်စုတခု ဖြစ်တယ်ဆိုတာကို လက်မခံပါဘူး။ သူတို့ကို “ဘင်္ဂါလီ” တွေလို့ အများအားဖြင့် သုံးနှုန်းပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ကျူးကျော်ဝင်ရောက်လာသူတွေအဖြစ် ပုံဖော်ထားပါတယ်။

နောက်တနှစ်မှာ ရိုဟင်ဂျာ လက်နက်ကိုင်တွေက လုံခြုံရေးကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါကို အကြောင်းပြပြီး စစ်တပ်က အကြမ်းဖက်နှိမ်နင်းရေး “နယ်မြေရှင်းလင်းမှုတွေ” စတင်လုပ်ဆောင်ခဲ့ရာမှာ ကျေးရွာပေါင်း ရာနဲ့ချီ မီးရှို့ခံခဲ့ရပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်လာခဲ့တယ်။ လူပေါင်း ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရပါတယ်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ ခန့်မှန်းချက်အရ အနည်းဆုံးလူပေါင်း ၁၀,၀⁠၀၀ အထိ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ရာဇတ်မှုတရားရုံး (ICC) ရဲ့ အစိုးရရှေ့နေက လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာဂျင်တီးနားကလည်း သူ့ကို ဂျီနိုဆိုက်မှုနဲ့ သီးခြား စွဲချက်တင်ထားပါတယ်။

“ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေအပေါ် အဲဒီလိုလုပ်ရပ်မျိုး ကျနော်တို့ မကျူးလွန်ခဲ့ပါဘူး” လို့ မင်းအောင်လှိုင်ကပြောပါတယ်။ “ကျနော်တို့ လုပ်ခဲ့တာတွေက နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ သက်သက်ပါပဲ။ ကျနော်တို့ စိတ်သန့်ပါတယ်” လို့ ဆိုပါတယ်။

အဲဒီအချိန်က မင်းအောင်လှိုင်အတွက် မထင်မှတ်ထားတဲ့ မဟာမိတ်တယောက် ရှိနေခဲ့ပါတယ်။ သူကတော့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။ သူဟာ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာစစ်တပ်ဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေနဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေး စိန်ခေါ်မှုတွေကို ထည့်သွင်းစဉ်းစားပေးဖို့ တရားသူကြီးတွေကို သူက တောင်းဆိုခဲ့တယ်။ ဒီလုပ်ရပ်ကြောင့် နိုင်ငံတကာ အသိုက်အဝန်းက အံ့သြမှင်တက်သွားခဲ့ပြီး သူ့ကို ပေးအပ်ထားတဲ့ ဆုတံဆိပ် အများအပြားကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ “သူက စစ်တပ်နဲ့ ပြဿနာမဖြစ်အောင် သတိကြီးကြီးထား ကြိုးစားနေခဲ့တာပါ” လို့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတ္ထုပ္ပတ္တိ ရေးသားသူ မွန်မွန်မြတ် က ပြောပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုက မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း ဒေါသထွက်စေခဲ့ပါတယ်။ စည်းမျဉ်းဖောက်ဖျက်တဲ့ စစ်သားတွေကို စစ်ခုံရုံးတင်နိုင်တယ်လို့ သူက ထည့်ပြောခဲ့တာကြောင့်ပါ။ ဒါကြောင့် သူ့ရဲ့ ကာကွယ်ပေးမှုက မပြတ်သားဘူးလို့ စစ်တပ်က မြင်ခဲ့ကြတယ်။ “ဒါဟာ မှားယွင်းတဲ့ ဗျူဟာတခုပါ” လို့ ကျောင်းသား တက်ကြွလှုပ်ရှားသူဟောင်းနဲ့ ထိုင်းအခြေစိုက် ဧရာဝတီသတင်းဌာနကို တည်ထောင်သူ အောင်ဇော်က သုံးသပ်ပါတယ်။ “သူက သည်ဟိတ်မှာ စစ်တပ်ကို ကာကွယ်ပေးခဲ့တယ်လို့ အများက မြင်ကြပေမဲ့၊ စစ်တပ်ကလည်း သူ့အပေါ် မကျေနပ်ခဲ့ပါဘူး” လို့ အောင်ဇော်က  ဆိုပါတယ်။

ဒီမကျေနပ်မှုတွေဟာ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ NLD ပါတီ ထပ်ပြီး တောင်ပြိုကမ်းပြို နိုင်သွားချိန်မှာတော့ ပေါက်ကွဲထွက်လာပါတော့တယ်။ ကာတာစင်တာကတော့ သူတို့ စောင့်ကြည့်ခဲ့တဲ့ မဲရုံ ၉၅ ရာခိုင်နှုန်းမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ "အလွန်ကောင်းမွန်တယ်" ဒါမှမဟုတ် "လက်ခံနိုင်စရာရှိတယ်" လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ မဲလိမ်မဲခိုးမှုတွေ အများကြီးရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ ဒီရွေးကောက်ပွဲကို “ဒီမိုကရေစီ သမိုင်းမှာ အရှက်အရဆုံး ရွေးကောက်ပွဲတွေထဲက တခု” လို့တောင် သမုတ်ခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာတော့ အနက်ရောင် စစ်ကားတန်းကြီးဟာ နေပြည်တော်ကို ဖြတ်မောင်းသွားပြီး NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အဂတိလိုက်စားမှုကနေ စကားပြောစက် (walkie-talkie) တရားမဝင် ကိုင်ဆောင်မှုအထိ စွဲချက်တွေနဲ့ ထောင်ဒဏ် ၃၃ နှစ် (အခုတော့ ၁၈ နှစ်ကို လျှော့ချထားပါတယ်) ချမှတ်ခံခဲ့ရတယ်။ “ကျနော် သူ့အပေါ် တော်တော်လေး သက်ညှာပေးထားပါတယ်” လို့ မင်းအောင်လှိုင်က မျက်နှာသေနဲ့ ပြောပါတယ်။ “ဒီလိုအခြေအနေမျိုး မရောက်ရအောင် ကျနော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" လို့လည်း သူက ဆက်ပြောပါတယ်။

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ တကယ်တွန်းအားပေးခဲ့တာ ဘာလဲဆိုတာကို ဖမ်းဆီးခံထားရတဲ့ အစိုးရအရာရှိတွေ အချုပ်ခန်းထဲမှာ အမြဲ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ "ကျနော်တို့ အဲဒီအကြောင်းကို တော်တော်လေး ပြောဖြစ်ခဲ့ကြတယ်"လို့ အချုပ်ထဲမှာ ၆၅၀ ရက်ကြာ နေခဲ့ရတဲ့ ရှောင်တာနယ်က ပြောပါတယ်။ "နိုင်ငံရေးအရ လွတ်လပ်ခွင့်တွေ ပေးလာတာကို လုံးဝမကျေနပ်တဲ့ အုပ်စုတစု စစ်တပ်ထဲမှာ ရှိနေခဲ့တာတော့ အသေအချာပါပဲ"လို့ သူက ဆိုပါတယ်။

အာဏာသိမ်းတယ်ဆိုတာ သူတို့ ထိန်းချုပ်နိုင်စွမ်းတွေ လက်လွတ်ကုန်မှာစိုးလို့ တန်ပြန်လုပ်ရပ်တခု လုပ်လိုက်တာပါပဲ။ ပေါက်ကြားလာတဲ့ ၂၀၀၄ ခုနှစ်က စစ်တပ်ရဲ့ လျှို့ဝှက်မှတ်တမ်းတခုအရဆိုရင်၊ စစ်တပ်ဟာ ပေကျင်းရဲ့ လွှမ်းမိုးမှုကို ဟန့်တားဖို့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ခဲ့တာပါ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်းအားဖြင့် အနောက်နိုင်ငံတွေဆီကနေ ကုန်သွယ်ရေး၊ အကူအညီနဲ့ သံတမန်ရေးအရ အသိအမှတ်ပြုမှုတွေ ရလာအောင် အသုံးချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ "ဒီမိုကရေစီမိခင်ကြီး" အပေါ် ပြည်သူတွေရဲ့ အကြွင်းမဲ့ ချစ်ခင်အားပေးမှုကို ဗိုလ်ချုပ်တွေ တွက်ဆရ ခက်သွားခဲ့တယ်။ သူ့ရဲ့ လူကြိုက်များမှုက စစ်တပ်ရဲ့ အကြွင်းမဲ့အာဏာနဲ့ လုံးဝသဟဇာတ မဖြစ်ခဲ့ပါဘူး။ ဒါ့အပြင် မြန်မာစစ်တပ်မှာ ဘဏ်လုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ ကျောက်မျက်၊ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးလိပ်၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ အိမ်ခြံမြေစတဲ့ ဧရာမ စီးပွားရေးလုပ်ငန်းကြီးတွေ ရှိနေပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေက သူတို့ရဲ့ ဒီရွှေတွင်းကြီးကို ခြိမ်းခြောက်လာလို့ပါပဲ။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာ မင်းအောင်လှိုင်ဟာ အငြိမ်းစားယူရမဲ့ အချိန်ရောက်နေပြီဆိုတာကလည်း အမှန်ပါပဲ။ ဒေသတွင်း သံတမန်တဦး ထောက်ပြတာကတော့၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲမတိုင်ခင် ငါးရက်အလိုမှာတင် ထရမ့်ပ်က သူရွေးကောက်ပွဲရှုံးတဲ့အပေါ် မဲလိမ်တယ်လို့ စွပ်စွဲခဲ့တာကလည်း ရှေ့ဆောင်လမ်းပြ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၇ နှစ်က ထိုင်းစစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းခဲ့တုန်းကလည်း၊ ဆန္ဒပြပွဲတွေနဲ့ ဆူပူမှုတွေ ခဏဖြစ်ပြီးနောက်ပိုင်းမှာ နိုင်ငံတကာက မကျေမနပ်နဲ့ပဲ လက်ခံပေးခဲ့ရတာမျိုးလည်း ရှိခဲ့တာကိုး။

ဒါပေမဲ့ မြန်မာနိုင်ငံက Gen Z လူငယ်တွေကတော့ လုံးဝ အရှုံးမပေးခဲ့ပါဘူး။ လူသန်းပေါင်းများစွာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သပိတ်မှောက်ခဲ့ကြတယ်။ ဆရာဝန်တွေနဲ့ ဆရာ၊ ဆရာမတွေက အလုပ်ခွင်ကနေ ထွက်ခွာပြီး CDM လုပ်ခဲ့ကြတယ်။ လူငယ်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။ နယ်စပ်ဒေသတွေက လက်နက်ကိုင် တော်လှန်ရေးကို မြို့ကြီးပြကြီးတွေအထိ သယ်ဆောင်လာခဲ့ကြတယ်။ စစ်တပ်ဘက်ကလည်း ဥပဒေမဲ့ သတ်ဖြတ်တာတွေ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က နိုင်ငံအရှေ့မြောက်ပိုင်းမှာ "၁၀၂၇ စစ်ဆင်ရေး" ကို စတင်ခဲ့ပြီး စစ်ကောင်စီတပ်စခန်း ၂၀၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီပြုတ်ကျတော့မယ်လို့ လေ့လာသူတွေက ပွင့်ပွင့်လင်းလင်း ခန့်မှန်းလာကြသလို၊ စစ်တပ်အတွင်း ပုန်ကန်မှုတွေ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကို မင်းအောင်လှိုင်က ရက်ရက်စက်စက် တုံ့ပြန်ခဲ့ပါတယ်။ မကျေနပ်တဲ့ စစ်ဗိုလ်ချုပ်တွေကို ရာထူးကနေ ဖယ်ရှားခဲ့တယ်။ လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ ဥပဒေထုတ်ခဲ့တယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေဆီကို ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းနဲ့ လူသူ အင်အား မရောက်အောင် ဖြတ်တောက်တဲ့ "ဖြတ်လေးဖြတ်" ဗျူဟာကို အဆိုးရွားဆုံး ကျင့်သုံးခဲ့ပါတယ်။ ရွာတွေကို မီးရှို့ပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ ဒီလို အစုလိုက်အပြုံလိုက် အပြစ်ပေး အရေးယူတာတွေဟာ "လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ မြောက်နိုင်တယ်" လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗောလ်ကာ တာ့ခ်က သတိပေးခဲ့ပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင် အတွက် နောက်ဆုံး ကယ်တင်ရှင် ဖြစ်လာတာကတော့ ပေကျင်းပါပဲ။ အစတုန်းက တရုတ်ဟာ စစ်အာဏာသိမ်းမှုကို မကြည်ဖြူခဲ့ပါဘူး။ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် မင်းအောင်လှိုင်ဟာ မျက်နှာမပျက်ရအောင် မော်စကို ကို အစားထိုး သွားရောက်ခဲ့ရတယ်။ "နိုင်ငံရေးအခြေအနေတွေကြောင့် ကျနော်တို့ အကျပ်အတည်း ကြုံရတိုင်း ရုရှားက အမြဲတမ်း ထောက်ခံအားပေးခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ အာရှရဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ဟာ သူ့ရဲ့ နယ်စပ်ဘေးက ရုတ်တရက် အာဏာရလာတဲ့ အာဏာရှင်တယောက်ကြောင့်တော့ အရှက်ကွဲမခံနိုင်ပါဘူး။ အထူးသဖြင့် စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက တရုတ်နိုင်ငံသား သန်းပေါင်းများစွာကို ဗြောင်ကျကျ လိမ်လည်နေချိန်မှာပေါ့။ ဒါကြောင့် ပေကျင်းဟာ တော်လှန်ရေး အင်အားစုတွေကို လက်နက်တွေ စတင်ထောက်ပံ့ပေးခဲ့ပါတော့တယ်။

အဲဒီအခါမှာ အထိတ်တလန့်ဖြစ်သွားတဲ့ မင်းအောင်လှိုင်ဟာ တရုတ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ လမ်းကြောင်းပြောင်းခဲ့ရတယ်။ ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တွေအပြင်၊ သာမန် လိမ်လည်သူ သောင်းနဲ့ချီပြီး တရုတ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပေကျင်းကလည်း သတိထားပြီး ဆက်ဆံရေးကို ပြန်လည်လျှော့ချပေးခဲ့တယ်။ မင်းအောင်လှိုင် ကို ပေကျင်းကို ဖိတ်ခေါ်ခဲ့သလို၊ တော်လှန်ရေး အဖွဲ့တွေကိုလည်း အပစ်အခတ် ရပ်စဲဖို့ ဖိအားပေးခဲ့ပါတယ်။ စစ်လက်နက် ပစ္စည်းတွေလည်း ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတာတွေ အားလုံးက မြန်မာနိုင်ငံတွင်းက တရုတ်ရဲ့ စီးပွားရေး ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးဖို့နဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ ဆိုတဲ့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့ပါပဲ။

"တိုင်းရင်းသား နယ်စပ်ဒေသတွေရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ အတိုင်းအတာ တခုအထိတော့ အောင်မြင်မှု ရခဲ့ပါတယ်" လို့ မင်းအောင်လှိုင် က ပြောပါတယ်။ "တချို့ကိစ္စတွေကိုတော့ ဆွေးနွေး ညှိနှိုင်းနေဆဲပါပဲ" လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်အပေါ် ဘယ်လောက်တောင် မှီခိုနေရသလဲ ဆိုတာကို မန္တလေးကျောက်ဝိုင်းမှာ မျက်မြင်ကိုယ်တွေ့ မြင်နိုင်ပါတယ်။ မနက်ခင်းတိုင်း တက်တူးတွေ အပြည့်ထိုးထားတဲ့ မြန်မာ ကျောက်ကုန်သည်တွေဟာ ခေါက်စားပွဲတွေပေါ်မှာ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကနေ ရလာတဲ့ ကျောက်စိမ်းတွေကို ချပြထားကြတယ်။ တရုတ်ကုန်သည်တွေက လက်နှိပ်ဓာတ်မီးလေးတွေနဲ့ လိုက်ထိုးကြည့်ကြပါတယ်။ အဲဒီကျောက်စိမ်းတွေကို ဖြတ်တောက် အရောင်တင်ပြီးတဲ့အခါမှာတော့ တရုတ်ပြည် တလွှားက ဝယ်လက်တွေဆီကို TikTok နဲ့ RedNote လို App တွေ ကနေတဆင့် ရောင်းချကြပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က ယူနန်ပြည်နယ်ကနေ ရောက်လာတဲ့ အမျိုးသမီး Mei Mei ကတော့ အွန်လိုင်းကနေ ကျောက်စိမ်းရောင်းလို့ တနှစ်ကို ဒေါ်လာ တသိန်းခွဲလောက် ဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ပွဲတွေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ဆို့ပြီး အရောင်းအဝယ်တွေ ထိုးကျသွားခဲ့တယ်။ "တရုတ်လူမျိုးတွေဆီမှာလည်း ငွေသိပ်မရှိကြတော့ဘူး" လို့ သူက ပြောပါတယ်။ "ပြီးတော့ တိုက်ပွဲတွေကြောင့် ဒီကို ကျောက်စိမ်းတွေ သယ်လာဖို့က အရမ်းခက်ခဲသွားပြီ" လို့လည်း သူက ဆိုပါတယ်။

တရုတ်ကုန်သည်တွေချည်းပဲ အခက်တွေ့နေတာ မဟုတ်ပါဘူး။ အာဏာသိမ်းပြီးကတည်းက နယ်စပ်ကုန်သွယ်ရေး တခုလုံးရဲ့ ထက်ဝက်လောက်က ကျဆင်းသွားခဲ့ပါတယ်။ ဒီလို ကျဆင်းလာတာဟာ စစ်တပ်ကိုသာမက NUG အပေါ်မှာပါ စိတ်ပျက်မှုတွေ ဖြစ်လာစေပါတယ်။ တကယ့် အပြောင်းအလဲကြီး ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ဆုံးလာကြတယ်။ "PDF တွေက လူမိုက်တွေလိုပဲ" လို့ ကလေးနှစ်ယောက် ဖခင် မန္တလေးမြို့ခံက ပြောပါတယ်။ "အခုဆို ကျနော်တို့က စစ်တပ်ကိုရော၊ PDFတွေကိုပါ ပိုက်ဆံပေးနေရတယ်။ သူတို့ တိုက်ပွဲတွေ ရပ်သင့်နေပြီ။ ဒီမိုကရေစီက အကောင်းဆုံးဆိုပေမဲ့၊ စစ်ဖြစ်နေတာထက်စာရင်တော့ တည်ငြိမ်တာက ပိုကောင်းပါတယ်" လို့ သူက ညည်းတွားပါတယ်။

ဒါပေမဲ့ ဒီပဋိပက္ခကြီးကတော့ ဆက်ပြီး ဖြစ်နေဦးမှာပါ။ တရုတ်ရဲ့ ထောက်ခံမှု မရတော့ပေမဲ့လည်း၊ NUG ဟာ အခွန်ကောက်ခံတာတွေနဲ့ သယံဇာတ ထုတ်ယူမှုတွေကနေ ရေရှည်ရပ်တည်နိုင်လောက်တဲ့ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်ဆဲပါ။ တော်လှန်ရေး အင်အားစုတွေဘက်က ပိုပြီး အပြင်းအထန် တိုက်ခိုက်လေ၊ မင်းအောင်လှိုင်ကလည်း သာမန်ပြည်သူတွေအပေါ် ပိုပြီး ဖိနှိပ်လေပါပဲ။ TIME မဂ္ဂဇင်း အနေနဲ့ မန္တလေးအနီး လမ်းဘေး တနေရာမှာ အိပ်နေရတဲ့ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တဦးကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ဖခင်ဟာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ဖမ်းဆီးခံခဲ့ရတာပါ။ တချိန်တည်းမှာပဲ ရန်ကုန်က ငွေကြေးတတ်နိုင်သူတွေကတော့ စစ်မှုမထမ်းရအောင် လစဉ်ကြေးတွေပေးပြီး အရာရှိတွေရဲ့ အိတ်ကပ်တွေကို ဖြည့်ပေးနေကြပါတယ်။

ဒီလို လူတန်းစား ကွာဟမှုတွေ ရှိနေပေမဲ့၊ အားလုံးကို တူညီသွားစေတာ တခုကတော့ မင်းအောင်လှိုင်ကို မုန်းတီးနေကြတာပါပဲ။ သူ့နာမည်ကို ကြားလိုက်တာနဲ့တင် လူတွေက မဲ့ရွဲ့ကြတယ်၊ ခေါင်းခါကြတယ်၊ ဒါမှမဟုတ် ကွမ်းသွေးတွေကို ထွေးထုတ်ပစ်တတ်ကြတယ်။ နိုင်ငံပြင်ပမှာ ရောက်နေသူတွေကတော့ ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောရဲကြတယ်။ "သူဟာ လူရွှင်တော် တယောက်ပါ" လို့ အတ္ထုပ္ပတ္တိ စာရေးဆရာမ မွန်မွန်မြတ်က ပြောပါတယ်။ "သူဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်တွေထဲမှာ အဆိုးဆုံးပါပဲ" လို့ ထင်ရှားတဲ့ ရဟန်းတပါးဖြစ်ပြီး တက်ကြွလှုပ်ရှားသူ ဦးဂမ္ဘီရက ဆိုပါတယ်။ "ပြည်သူတွေက သူ့ကို ရွံရှာနေကြပြီ" လို့ သတင်းသမား အောင်ဇော်ကလည်း မှတ်ချက်ပြုပါတယ်။

တရုတ်ဒါမှမဟုတ် ဗီယက်နမ်က အာဏာရှင် အစိုးရတွေနဲ့ မတူတာက၊ မြန်မာစစ်တပ်မှာ ဆွဲဆောင်မှုရှိတဲ့ စီးပွားရေးအမြင် မျှော်မှန်းချက် ဘာတခုမှ မရှိတာပါပဲ။ မင်းအောင်လှိုင်က "အခြေခံကုန်ကြမ်း ထုတ်လုပ်မှုကနေ အချောထည် ထုတ်လုပ်မှုဆီ ကူးပြောင်းမယ်" ဆိုပြီး ဝေဝါးဝါးလောက်ပဲ ပြောတတ်ပါတယ်။ ဒါပေမဲ့ သူ အာဏာသိမ်းပြီးကတည်းက နိုင်ငံရဲ့  GDP က ၁၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ ဆင်းရဲနွမ်းပါးမှုက ၂ ဆနီးပါး တက်လာပြီး၊ ကျပ်ငွေတန်ဖိုးကလည်း ၆၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ၉၀ ရာခိုင်နှုန်း ကျသွားပြီး၊ ငွေကြေးဖောင်းပွမှုက ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ "ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်မှု မရှိတာက သူတို့ကို တခြား အာဏာရှင်တွေနဲ့ ကွဲပြားသွားစေတာပါပဲ" လို့ ရှောင်တာနယ်က သုံးသပ်ပါတယ်။ "သူတို့မှာ စီးပွားရေးကို ပြည်သူတွေကို ထိန်းချုပ်ဖို့ ယန္တရားတခု အနေနဲ့ကလွဲလို့၊ တခြား ဘာအမြင်မှ မရှိပါဘူး" လို့ သူက ဆိုပါတယ်။

မင်းအောင်လှိုင်ကတော့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးတာဟာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ်လို့ ပြောဆိုနေပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းကို ဆွေးနွေးပွဲစားပွဲဝိုင်းဆီ ပြန်လာအောင် မက်လုံးပေး ဆွဲဆောင်နေတာပါ။ ရိုဟင်ဂျာတွေကို ပြန်လည်လက်ခံမဲ့ ယခင် နှစ်နိုင်ငံ သဘောတူညီချက်က သူ့အပေါ် တရားစွဲဆိုထားမှုတွေကို ရုပ်သိမ်းပေးခြင်း၊ မပေးခြင်း အပေါ်မှာ မူတည်နေတယ်လို့ သူက ပြောပါတယ်။ အဲဒီလိုမှ မဟုတ်ရင် "ဒီကိစ္စက ကျနော်တို့ ဖြေရှင်းပေးဖို့ မဖြစ်နိုင်တဲ့ အခြေအနေတခု ဖြစ်သွားလိမ့်မယ်" လို့ သူက ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးနိုင်ခြေနဲ့ ပတ်သက်ပြီးတော့လည်း "သူ့အပေါ်မှာပဲ မူတည်ပါတယ်" လို့ မင်းအောင်လှိုင်က ပြောပါတယ်။ ဒါပေမဲ့ "ကျနော်တို့ဘက်က ပြန်လည်စဉ်းစားပေးစရာ အကြောင်းတရားတွေ ပေါ်ပေါက်လာရင်တော့" အခြေအနေ ပြောင်းလဲသွားနိုင်တယ်လို့လည်း အရိပ်အမြွက် ပြောခဲ့ပါတယ်။

ဒီလို ကမ်းလှမ်းမှုတွေရဲ့ နောက်ကွယ်မှာတော့ တရုတ်ရဲ့ လွှမ်းမိုးမှုကို အမြဲတမ်း စိုးရိမ်ကြောက်လန့်နေတဲ့ စိတ်အခံ ရှိနေပါတယ်။ ဒါဟာ အရင်တုန်းက အနောက်အုပ်စုနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ မြန်မာနိုင်ငံရဲ့ မအောင်မြင်ခဲ့တဲ့ ကြိုးပမ်းမှုကို တွန်းအားပေးခဲ့တဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ ဒါ့အပြင် ပိတ်ဆို့မှုတွေ လျှော့ချပေးလိုက်မယ် ဆိုရင် မင်းအောင်လှိုင် ကိုယ်တိုင်လည်း ကိုယ်ကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်။ သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကြောင့် သူရော သူ့ကလေးတွေပါ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပစ်မှတ်ထား အရေးယူတာ ခံနေရလို့ပါ။ "အမေရိကန် အစိုးရအနေနဲ့ [ပိတ်ဆို့အရေးယူမှုတွေကို] မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့ ကျနော်တိုက်တွန်းချင်ပါတယ်" လို့ သူက ပြောပါတယ်။

စံတန်ဖိုးတွေကို အခြေခံတဲ့ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးတဲ့ ခေတ်မျိုးမှာဆိုရင်တော့ သူ့ရဲ့ ဒီလိုတောင်းဆိုချက်တွေက အစကတည်းက ပယ်ချခံရမှာ သေချာပါတယ်။ ဒါပေမဲ့ ဒီကနေ့ခေတ်မှာတော့ ဒါတွေကို လက်ခံစဉ်းစားပေးမဲ့ သူတွေ ရှိလာနိုင်ပါတယ်။ "အဓိက နားလည်ထားရမဲ့ အချက်ကတော့၊ ခင်ဗျားတို့ စစ်တပ်နဲ့ ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ သူတို့ရဲ့ အကျင့်စရိုက်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" လို့ မာစီရယ်က ပြောပါတယ်။ "ဒါပေမဲ့ သူတို့ကို အထီးကျန်အောင် ဖယ်ကြဉ်ထားတာကလည်း သိပ်တော့ အကျိုးသက်ရောက်မှု မရှိလှပါဘူး" လို့ သူက ဆက်ပြောပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက သူတို့ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားနဲ့ ဒီမိုကရေစီ စံနှုန်းတွေကြားမှာ ချိန်ခွင်လျှာ ညှိနေကြချိန်မှာ၊ မြန်မာပြည်သူတွေကတော့ ရုန်းထွက်လို့မရတဲ့ အကျပ်အတည်းကြီးထဲမှာ ပိတ်မိနေကြဆဲပါ။ နိုင်အောင်မတိုက်နိုင်တဲ့ အာဏာရှင်၊ အနိုင်မရသေးတဲ့ တော်လှန်ရေး၊ ပြီးတော့ ဘယ်ဘက်ကိုမှ အလေးသာအောင် ဝင်မပါချင်ကြတဲ့ နိုင်ငံခြားအစိုးရတွေ ကြားမှာပေါ့။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အဖြစ်ဆိုးက နိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်နေတာ တခုတည်း မဟုတ်ပါဘူး။ ပါဝင်ပတ်သက်နေသူတိုင်းက မီးလောင်ရာ လေပင့်လုပ်နိုင်ကြပေမဲ့၊ ပြာပုံဘဝ ရောက်သွားတဲ့ နိုင်ငံကို ပြန်လည် တည်ဆောက်ပေးနိုင်မဲ့သူ တယောက်မှ မရှိတာပဲ ဖြစ်ပါတယ်။

ချာလီကမ်းဘဲလ်

Ref:  Time Magazine 

( Time မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမေးမြန်းခဲ့သူ သတင်းထောက် Charlie Campbell ရေးသားထားသည့်  “Myanmar’s Dictator Wants to Rebuild Ties With the West” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ ) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013