DVB Logo
Home
Lead Story
အာဆီယံနှင့် ဆက်ဆံရေးပြန်လည်သုံးသပ်မည်ဟု စစ်အာဏာရှင်ပြော
DVB
·
November 19, 2026
Photo: MOI
Photo: MOI
Donate to DVB

အာဆီယံရဲ့ဆုံးဖြတ်ချက်တွေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် မရတာတွေကြောင့် အာဆီယံနဲ့ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ စစ်အာဏရှင် သမ္မတ မင်းအောင်လှိုင်က နိုဝင်ဘာ ၁၈ ရက်နေ့ သူ့ဩဇာခံ  ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။

အာဆီယံအဖွဲ့စတင်တည်ထောင်ချိန်ကနေ ယနေ့အချိန်အထိ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့မှာလည်း နိုင်ငံရေးအကျပ်အတည်းတွေ၊ အာဏာသိမ်းမှုတွေ၊ ရွေးကောက်ပွဲတွေမှာ ပဋိပက္ခဖြစ်ခဲ့တာတွေ၊ မဲလိမ်တာ၊ မဲခိုးတာ၊ မတရားမှုတွေ ဖြစ်လို့ ဆူပူဆန္ဒ ပြတာတွေ ဖြစ်ခဲ့ပေမဲ့ ဖိအားပေးတာတွေ မရှိခဲ့ဘဲ မြန်မာနိုင်ငံကျမှ ဖိအားပေးတာတွေ လုပ်နေတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

“အာဆီယံအဖွဲ့ဝင်နိုင်ငံတခုခုကို နိုင်ငံရေးအရဖိအားပေးတာတွေ၊ နိုင်ငံကို သိက္ခာချတာမျိုးတွေကို ကျနော်တို့လုပ်ခဲ့ တာလည်း မရှိပါဘူး။ သို့သော် မြန်မာနိုင်ငံကျတော့မှ လာပြီးလုပ်တာကို တွေ့ပါတယ်။”

အာဆီယံဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကိုလည်း ထည့်သွင်းပြီးတော့မှ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

မင်းအောင်လှိုင်က “ကျနော်တို့အနေနဲ့ အာဆီယံနဲ့ ရှေ့ဆက်ပြီး ဆက်ဆံရေးအတွက်လည်း ပြန်လည်သုံးသပ်ဆောင်ရွက်သွားဖို့ ကျနော်တို့ အစိုးရအနေနဲ့ဆုံးဖြတ်ထားကြောင်း ပြောလိုပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ ပဋိပက္ခတွေ၊ လက်နက်ကိုင် သောင်းကျန်းသူတွေကြောင့်ဖြစ်ပေါ်လာတဲ့ တရားမဝင်လုပ်ငန်းတွေဟာ လက်ရှိအစိုးရလက်မှ ဖြစ်လာတာမဟုတ်ဘဲ အာဆီယံအဖွဲ့ဝင်မဖြစ်ခင်ကတည်းက ရှိခဲ့တာတွေကို ယနေ့ထိ ဖြေရှင်းနေရတာဖြစ်လို့ အာဆီယံထုတ်ပြန်ချက်ဟာကျိုးကြောင်းဆီလျော်မှုမရှိသလို လုပ်ပိုင်ခွင့်ရှိသူ သုံးလေးယောက်ကနေ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်နေတာလို့လည်း မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ဝင်ရောက်ခဲ့တာဖြစ်ပြီး နှစ်စဉ်ကြေး တနှစ် ဒေါ်လာ ၁ သန်းကိုလည်း နှစ်စဉ်ပေးနေတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂီမုန်တိုင်းနဲ့ ၂၀၂၅ ခုနှစ် မန္တလေးငလျင်တို့မှာ ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ပေမဲ့ အာဆီယံက ၃၀ ဒသမ ၁၂၅ သန်းပဲ ကူညီခဲ့တယ်လို့လည်း စစ်အာဏာရှင်က ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013