
တိုင်းပြည်ဝင်ငွေတိုးမြင့်လာရင် လာမဲ့နှစ်မှာ လစာတိုပေးသွားမယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းတွေကို မျှော်လင့်ချက်ပေး ပြောကြားသွားပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာ မိန့်ခွန်းပြောစဉ် ထည့်သွင်း ပြောကြားသွားတာပါ။
စစ်အာဏာရှင် မင်းအောင်လှိုင်က “ကျနော် အခု တွက်နေပါတယ်။ လစာတိုးနိုင်ဖို့အတွက်လည်း တွက်နေပါတယ်။ ဒါလည်း ကျနော် ပြောချင်ပါတယ်။ လာမဲ့ ဘဏ္ဍာနှစ်ဆိုရင်တော့ လစာတိုးပေးနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။ အဓိကတော့ တိုင်းပြည်ဝင်ငွေ ရဖို့ကတော့ ဒါ အဓိကကျပါတယ်။ လက်ရှိ အခြေအနေမှာတော့ ကျနော်တို့ အခြေအနေကောင်းပါတယ်။ ဒီထက် ပိုရမယ်ဆိုရင် ကျနော်တို့ ခိုင်ခိုင်မာမာ ဒီ လစာနဲ့ပတ်သက်ပြီးတော့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။
အဲဒီလို တိုင်းပြည်ဝင်ငွေတိုးလာဖို့ ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်လုပ်ဆောင်ရမဲ့အပြင် အခွန်တွေ တိုးရအောင် ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အိမ်ခြံမြေကဏ္ဍနဲ့ မော်တော်ယာဉ်ဝယ်ရောင်း ကဏ္ဍတွေက အခွန်ငွေတိမ်းရှောင်မှုတွေ အများဆုံးရှိနေလို့ ပြီးခဲ့တဲ့နှစ်က စတင်ကြပ်မတ် လုပ်ဆောင်နေတယ်လို့လည်း စစ်အာဏာရှင်က ထည့်သွင်း ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့ NLD အစိုးရ လက်ထက်မှာ နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးတာ၊ ထောက်ပံ့ငွေပေးတာတွေကို မကြာမကြာ လုပ်ပေးခဲ့ပေမဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဲဒီအစီအစဉ်တွေ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ပညာရေးဝန်ထမ်းတွေ အပါအဝင် အောက်ခြေဝန်ထမ်းတွေရဲ့ အခြေခံလစာဟာ ကျပ် ၂ သိန်း ဝန်းကျင်သာ ရှိနေပြီး နေ့စဉ် အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်နေတဲ့အတွက် လောက်ငမှု မရှိတဲ့အပေါ် ဝန်ထမ်းတွေအနေနဲ့ ပြစ်တင်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။











