DVB Logo
Home
မြန်မာသတင်း
ရွှေညဝါဆရာတော်၏ အန္တိမအဂ္ဂိစျာပနကို ဇူလိုင် ၁၆ ရက် ကျင်းပမည် 
DVB
·
July 11, 2025
ရွှေညဝါဆရာတော်၏ အန္တိမအဂ္ဂိစျာပနကို ဇူလိုင် ၁၆ ရက် ကျင်းပမည် 
Donate to DVB

ပျံလွန်တော်မူသွားတဲ့ ရွှေညဝါဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနကို လာမယ့် ဇူလိုင် ၁၆ ရက်မှာ ကျင်းပ သွားမယ်လို့  ဈာပနကော်မတီက ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၀ ရက်မနက်မှာ ပြင်းထန်တဲ့အသည်းရောဂါဝေဒနာကြောင့် ဘဝနတ်ထံ ပျံလွန်တော်မူသွားတဲ့ မှော်ဘီမြို့နယ်ရှိ သဲအင်းဂူ၊ ရွှေညဝါ သာသနာပြုကျောင်းတိုက်ဆရာတော် အရှင်ပညာသီဟလို့ ဘွဲ့အမည်ရတဲ့ ရွှေညဝါဆရာတော်ရဲ့ အန္တိမအဂ္ဂိစျာပနကျင်းပဖို့  စီစဉ်နေကြတာ ဖြစ်ပါတယ်။

အန္တိမအဂ္ဂိဈာပနဖြစ်မြောက်ရေးကော်မတီဝင်ဆရာတော်တပါးက “ရွှေညဝါ ဆရာတော်ဘုရားရဲ့ အန္တိမဈာပနအခမ်းနားအတွက် ကနေ့ အကြိုညှိုနှိုင်းတာက ဆရာတော် ဘုရားရဲ့ ဈာပနကို ၇ ရက်ထားမှာဖြစ်ပါတယ်။ ၇ ရက်ထားပြီးတော့ ၃ ရက်မြောက်တဲ့နေ့မှာ  စနေနေ့မှာ ဆရာတော်ဘုရားရဲ့ လက်ရှိစံမြန်းနေတဲ့ စံကျောင်းတော်ကနေ ဗိမာန်ကြီးထဲကိုပြန်ပြီးတော့ စံကျောင်းချ ပူဇော်သွားမှာဖြစ်ပါတယ်” လို့ မိန့်ပါတယ်။

ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီမှာ ညနေဆည်းဆာ တရားပွဲ၊ ၁၄ ရက်မှာ ညနေ ဆည်းဆာတရားပွဲတွေကို ကျင်းပသွားဖို့ရှိပြီး ဇူလိုင် ၁၅ ရက်နဲ့ ၁၆ ရက် မှာ ဆရာတော်ဘုရားကြီးရဲ့ အန္တိမဈာပနကိုတော့ ဧရင်ကျူးဆိုင်းတွေနဲ့ စည်စည်ကားကားသိုက်သိုက်မြိုက် ဖြစ်အောင်ဆောင်ရွက်ပေးသွားမယ်လို့ ဆရာတော်သံဃာတော် အရှင်သူမြတ်တွေနဲ့ ဆရာတော်ရဲ့ တပည့်သံဃာတော်အပေါင်းက စည်းဝေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေညဝါဆရာတော်ရဲ့ အန္တိမ အဂ္ဂိဈာပနပွဲ မှော်ဘီမြို့က မြို့မသုသာန်မှာ ဆရာတော့်ကိုသီးခြား မီးသင်္ဂြိုဟ်ခွင့်ရဖို့ ဒါယကာ၊ ဒါယိကာမတွေက ဆန္ဒရှိပြီး ကျန်ရစ်တဲ့ အရိုးပြာတွေကို အုတ်ဂူပြုလုပ်ပူဇော်သွားမှာဖြစ်ပါတယ်။

ဈာပနကော်မတီအဖွဲ့ဝင် ဆရာတော်ရဲ့ ဒါယကာရင်းတယောက်က  “ဆရာတော်ကြီးရဲ့ တရားတွေ၊ ဆရာတော်ကြီးရဲ့ လူမှုဝန်ထမ်းစိတ်ရှိရှိနဲ့ လူ့လောကကိုအကျိုးပြုခဲ့တဲ့ အကြောင်းအချက်တွေ များစွာရှိတယ်။ နာဂစ်မုန်တိုင်းကစပြီးတော့ ကျနော်တို့ တွေ့ကြုံလာခဲ့တဲ့အနေထားမှာ ဆရာတော်ကြီးရဲ့ လှုပ်ရှားမှုတွေက ကျနော်တို့ရဲ့ အသည်းနှလုံးကို ဆုပ်ကိုင်ထားသလိုဖြစ်ခဲ့တယ်။ ဘာသာတရားမှာလည်း ဆရာတော်ကြီးရဲ့ အဆုံးအမနဲ့ တရားတွေက ကျနော်တို့အတွက်ကို တည်ကြည်ဖြောင့်မတ်တဲ့ လူတယောက်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့တယ်။ ဆရာတော်ကြီးအတွက်ကို အရမ်းဝမ်းနည်းဖြစ်ရတယ်”လို့ ပြောပါတယ်။

မတရားမှုကို အစဥ်တစိုက်ဆန့်ကျင်ခဲ့တဲ့ အရှင်ပညာသီဟဘွဲ့အမည်ရှိတဲ့ ရွှေညဝါဆရာတော်ဟာ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးမှာ ရဟန်းပျိုများသမဂ္ဂ(ရန်ကုန်)ရဲ့ ခေါင်းဆောင် တပါးဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းကလည်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရဖူးပါတယ်။

အဲ့ဒီနောက် နိုင်ငံရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံခဲ့လို့ မူလသီတင်းသုံးရာ ကြည့်မြင်တိုင် မြို့နယ်ရှိ သာဓုကျောင်းတိုက်ကနေ မှော်ဘီမြို့နယ်ရှိ လက်ရှိ ရွှေညဝါတောရသာသနာပြုကျောင်းတိုက်မှာ  ပြောင်းရွှေ့သီတင်းသုံးတော်မူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှာတော့ အာဏာသိမ်းတဲ့ရက်မှာပဲ ဆရာတော်ကို စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ထောင်တွင်းမှာ အသည်းရောဂါကို ဆေးကုသမှုကောင်းမွန်စွာမရခဲ့လို့ သက်တော် ၆၁ နှစ်၊ ဝါတော် ၄၀ မှာ တဘဝတခန္ဓာ ချုပ်ငြိမ်းရုပ်သိမ်းတော်မူခဲ့တာ ဖြစ်ပါတယ်။ 

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013