
ကျနော်ဟာ ဒီကာလတွေမှာ ဘုရား၊ တရား၊ သံဃာနဲ့ ခပ်စိမ်းစိမ်းဖြစ်လာခဲ့တာ ကျနော့်ကိုကျနော် သတိပြုမိလာတယ်။ ဘုန်းကြီးရာကြီးကြောင်း လုပ်နေတဲ့ ဘုန်းကြီးအတုတွေ ခေါင်းတုံးတုံးပြီး သင်္ကန်းဝတ်ထားတိုင်း ဖင်ဗူးတောင်းထောင်ပြီး ဟန်ဆောင်ပန်ဆောင် ရှိခိုးတတ်တဲ့ အကျင့်တွေ မလုပ်ဖြစ်တော့ဘူး။ ဘုရားကို တန်ခိုးရှင်တယောက်လို မကိုးကွယ်တတ်တော့ဘူး။ တရားကို အပြင်မှာ လိုက်မရှာတတ်တော့ဘူး။ ဒါပေမဲ့ ကျနော်တို့ စိတ်နှလုံးသားထဲက ကြည်ညိုလေးစား ရှိခိုးချင်တဲ့ ဆရာတော်တွေအထဲမှာတော့ ရွှေညဝါလို သတ္တိရှိတဲ့ ရဟန်းသံဃာ ဆရာတော်တွေဟာ ထိပ်ဆုံးက ရှိနေပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံလို အယူဝါဒတွေ မျိုးစုံရှိတဲ့ နိုင်ငံမှာ ရွှေညဝါဆရာတော်တို့လို သတ္တိရှိတဲ့ ဗုဒ္ဓသားတော်စစ်စစ်တွေ ပေါ်ပေါက်ဖို့လိုပါတယ်။ ဆရာတော် ပျံလွန်တော်မူသွားခြင်းဟာ သာသနာအတွက်ပါမက လက်ရှိ နိုင်ငံတော်အတွက်ပါ ဆုံးရှုံးမှုကြီးပါ။ သို့ပေမဲ့လည်း ဆရာတော်ရဲ့ တရားဓမ္မ မီးရှူးတန်ဆောင်တွေကတော့ တော်လှန်တရားတွေ ဆက်လက်ထွန်းလင်း တောက်ပနေစဲပါ။
ရွှေညဝါ ဆရာတော်ဘုရားကြီးဟာ ဗုဒ္ဓသာသနာထဲမှာ ဗုဒ္ဓအယူအဆကို လှုပ်လှုပ်ရှားရှား ရှင်းလင်းတော်မူတဲ့ ရဟန်းတော်တပါးဖြစ်ပြီး ဗုဒ္ဓသာသနာ၊ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စဉ်ဆက်မပြတ် ဆွေးနွေးမှုနဲ့ သံဃာ့တာဝန်ကို ပြည်သူထဲထိ ဆောင်ရွက်တော်မူနိုင်တဲ့ ဆရာတော် အရှင်သူမြတ်တပါး ဖြစ်ပါတယ်။
ဆရာတော်ရဲ့ အမြင်တွေကို ကျနော် လေ့လာဖတ်ရှုမိသလောက် အကျယ်အဝန်း ဖော်ပြ ပူဇော်ချင်ပါတယ်။
၁။ ဗုဒ္ဓသာသနာအပေါ်ထားသော ဆရာတော်ရဲ့ အမြင်
(က) သာသနာရေးရာမှာ တိကျမှု၊ အသိပညာနဲ့ ပြုစုမှု
ရွှေညဝါ ဆရာတော်ရဲ့ သာသနာတရားလို့ ခေါ်ရာမှာ တရားဟာ ဗုဒ္ဓရဲ့အမှန်တရား ဖြစ်ရမယ်။ လူသိ၊ လူနားလည်နိုင်တဲ့ပုံစံနဲ့ တင်ပြရမယ်။ ဆွေးနွေးမှုမှာ သိပ္ပံနည်းကျနဲ့ ခိုင်မာမှုရှိဖို့လိုတယ်လို့ ဆရာတော်က မြင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် “နာမ်နဲ့ ရုပ်ကို တမင်သိချင်တယ်ဆိုရင် ဗုဒ္ဓဟာ ဘယ်လိုမြင်သလဲ၊ ဘယ်လိုခွဲခြားတော်မူသလဲ ဆိုတာကို သေချာနားလည်ဖို့ လိုပါတယ်။” သဒ္ဓါထက် ပညာအခြေခံတဲ့ ဗုဒ္ဓဘာသာကို ဆရာတော်က ရှင်းလင်းပြောကြားတော်မူတတ်ပြီး “မေးခွန်းမရှိရင် သာသနာမရိုးရှင်းနိုင်” ဆိုတာအထိ ဟောတော်မူတတ်သူပါ။
(ခ) ဗုဒ္ဓဘာသာရဲ့ မူရင်းနိယာမဆီသို့ ပြန်သွားခြင်း
ရှေးက မေးခွန်းမမေးခင် ယုံမှာသာယုံတဲ့ အယူအဆကို ဆရာတော်က များစွာအန္တရာယ်ရှိတယ်လို့ မြင်တယ်။ ဗုဒ္ဓဟာ ပညာနဲ့ သမိုင်းနဲ့ ဝိဇ္ဇာနည်းနဲ့ သက်သေဖော်ပြချက် ဆိုတဲ့အမြင်ကို အားပေးတယ်။ “အမှန်တရားဆိုတာ လူကြီးတွေပြောတာ မဟုတ်ဘူး။ တိကျမှန်ကန်တဲ့ အတည်တကျရှိတဲ့ အမှန်ပဲ ဖြစ်ဖို့လိုတယ်” ဆိုတဲ့စကားဟာ ဆရာတော်ရဲ့ ရှုမြင်ချက် ဖြစ်ပါတယ်။
၂။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားသော စိတ်နေသဘောထား
(က) လူထုနဲ့ သာသနာက ချိတ်ဆက်နေတယ်
ရွှေညဝါဆရာတော်အနေနဲ့ တိုင်းပြည်ကို သာသနာကနေ ခွဲမထားဘဲ တိုင်းပြည်တိုးတက်ဖို့ ပြည်သူခိုင်မာဖို့အတွက် ဗုဒ္ဓတရားက အခြေခံဖြစ်နိုင်တယ်လို့ မြင်တယ်။
ဥပမာအနေနဲ့ ပြောရရင် “နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့လည်း ဗုဒ္ဓရဲ့ သီလ၊ သမာဓိ၊ သိက္ခာ၊ နည်းစနစ်နဲ့ ဆက်စပ်စဥ်းစားနည်းတခုလည်း ကောင်းတယ်လို့ ရှုမြင်ပါတယ်။”
(ခ) ပြည်သူထဲက လူတွေရဲ့ စိတ်ပညာ တန်ဖိုးထားတယ်
စိတ်ပညာ လူမှုပညာနဲ့ ငါးပါးသီလကို ပြည်သူရဲ့ နေထိုင်မှုအခြေခံအဖြစ် ပြောဆို ဆုံးမတတ်ပါတယ်။ ဆရာတော် ဟောတော်မူတဲ့ တရားမှာ လူထုအတွက် တက်ကြွစွာ နားလည်အောင် ဟောပြဆုံးမတော်မူတတ်ပါတယ်။
“တရားဆိုတာ နားထောင်ဖို့သက်သက် မဟုတ်ဘူး။ လက်တွေ့နဲ့ ထိတွေ့ဖို့၊ လက်တွေ့ဖြစ်ဖို့” ဆိုတဲ့ စကားတွေကလည်း ဆရာတော်ရဲ့ နောက်ခံအသိအမြင်တွေ ဖြစ်ပါတယ်။
၃။ လက်ရှိပတ်ဝန်းကျင်နဲ့ သာသနာစဉ်အပေါ် အလေးထားမှု
ဆရာတော်က “လူမှုရေးအလှည့်အပြောင်းများကြောင့် သာသနာအပျက်နဲ့ သံဃာအပျက် များလာနိုင်တယ်” ဆိုပြီး သတိပေးတော်မူခဲ့တယ်။ သံဃာတော်အဖွဲ့တွေကို တာဝန်ယူမှုရှိဖို့ အကြံပြုတော်မူခဲ့တယ်။ လူထုမှာ ယုံကြည်မှုတွေ မရှိတော့ခြင်း ဖြစ်လာတာကို ပြောပြပြီး “ယုံကြည်မှုမရှိရင် သာသနာမတည်နိုင်” ဆိုတာကို မိန့်တော်မူခဲ့တယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး (Saffron Revolution) နဲ့ ရွှေညဝါဆရာတော်
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းကလည်း သံဃာတော်တွေ ဦးဆောင်ကာ နိုင်ငံရေးဆန္ဒပြမှု ဖြစ်ခဲ့ပါတယ်။ လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်မှုကစတင်ပြီး နိုင်ငံတဝန်း ပျံ့နှံ့သွားတဲ့ အရေးတော်ပုံ တော်လှန်ရေးတခု ဖြစ်ခဲ့ပါတယ်။ အဲဒီထဲမှာ ရွှေညဝါ ဆရာတော်ဘုရားကြီး အနေနဲ့ သံဃာ့တာဝန်နဲ့ သာသနာရေးအမြင်အပေါ် အခြေခံထားတဲ့ အလေးနက်သုံးသပ်မှုနဲ့ တုံ့ပြန်မှုပေးခဲ့တဲ့ ရဟန်းတပါး ဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက ဆရာတော်ရဲ့ ရှုမြင်ချက်ကို ကျနော် သဘောကျမိခဲ့ပါတယ်။ တရားတော်မှတဆင့် လူထုစိတ်ထဲဝင်ပြီး နားလည်အောင် ဆွေးနွေးပေးနိုင်ခဲ့တယ်။ ဆရာတော်ဟာ ရွှေဝါရောင်တော်လှန်ရေး အချိန်အတွင်းမှာ စစ်အာဏာရှင်နဲ့ ပြည်သူများအကြား အကြမ်းမဖက် ဆွေးနွေးမှု အခြေခံထားသင့်ကြောင်း တရားတော်တွေမှာ ဟောပြဆုံးမခဲ့ပါတယ်။ တန်ဖိုးရှိတဲ့ အဆုံးအမတချို့ကို မျှဝေချင်ပါတယ်။ “မုန်းတာနဲ့ တိုက်တာက မအောင်မြင်ဘူး။ နားလည်မှုနဲ့ ပြုပြင်မှသာ တည်တံ့မယ်။ တာရှည်ငြိမ်းချမ်းရေးရမယ်။”
ပြဿနာဖြေရှင်းမှုအတွက် သာသနာ သံဃာ့တာဝန်အဖြစ် တည်ငြိမ်မှု မျှတမှုကို ဦးစားပေးတော်မူခဲ့ပါတယ်။ တော်လှန်ရေးတလျှောက်မှာ ဆရာတော်ဟာ သံဃာတော် တော်တော်များများ ဆန္ဒပြနေချိန်မှာ သံဃာအဖွဲ့တခုအနေနဲ့ ပါဝင်ဖွယ်ရာများကို ပေါ့ပေါ့ပါးပါးမမြင်ဘဲ သာသနာအပျက်နဲ့ သံဃာအယိုင်ကို မဖြစ်စေဖို့ တိုက်တွန်းတော်မူခဲ့တယ်။ ဆရာတော်ဟာ တိုက်ခိုက်မှုအခြေအနေမှာ သံဃာတော်အနေနဲ့ ငြိမ်းချမ်းမှုကို ဦးစားပေးဖို့ ပြောတော်မူခဲ့တဲ့ အရှင်မြတ်တပါး ဖြစ်ခဲ့ပါတယ်။
ဆရာတော်ရဲ့ သာသနာရေးနဲ့ အကျင့်ရေးဘက်မှာလည်း သတ်မှတ်ချက်တွေ ရှိခဲ့ပါတယ်။ တော်လှန်ရေးမှာ တာဝန်ရှိသူတွေ၊ သံဃာတော်တွေ၊ ပြည်သူတွေကို အင်အားနဲ့မဟုတ်ဘဲ တရားဓမ္မနဲ့ ပြန်ကြားဖို့ ဆုံးမတော်မူတာတွေ ပြုလုပ်ခဲ့ပါတယ်။ “အကြမ်းမဖက်တာက သာသနာရဲ့ စစ်မှန်တဲ့ရုပ်ပုံ ဖြစ်တယ်။ ဗုဒ္ဓဟာ အကြမ်းဖက်တာနဲ့ တိုက်ခိုက်တာကို လက်မခံဘူး” လို့ ရွှေညဝါ ဆရာတော်ရဲ့ တရားတော်တပုဒ်မှာ နာကြားခဲ့ရဖူးတယ်။
နွေဦးတော်လှန်ရေး (Spring Revolution) ကာလ ရွှေညဝါဆရာတော်
နွေဦးတော်လှန်ရေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပွားလာခဲ့ပြီး မြန်မာ့သမိုင်းထဲက လူထုအင်အားအကြီးဆုံး ဆန့်ကျင်ရေးဖြစ်ရာ ဗုဒ္ဓဘာသာရဲ့ သံဃာတော်များ အပါအဝင် လူထုအစုအဝေးအားလုံး ပါဝင်ခဲ့ကြပါတယ်။ ရွှေညဝါဆရာတော်ရဲ့ နွေဦးတော်လှန်ရေးအတွင်းက အခန်းကဏ္ဍဟာ တိုက်ရိုက်ကယ်ဆယ်မှု၊ စစ်ရေးထောက်ခံမှု မဟုတ်ပေမဲ့လည်း တရားတော်နဲ့ လူမှုရေးအမြင်တွေက တဆင့် ပြည်သူ့စိတ်ဓာတ်ကို ထိခိုက်မှုမဖြစ်စေရအောင် အကြောင်းအရာ တော်တော်များများ မျှတစွာ ဆွေးနွေးဟောပြခဲ့တဲ့ ရဟန်းတပါး ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဖြစ်စဉ်အတွင်း မြန်မာလူထုအပေါ် စိတ်ဖိစီးမှုများ ပြင်းထန်လာချိန်မှာ ဆရာတော်က မျက်စိဖွင့်စေသော တရားတော်တွေ ဟောခဲ့ပါတယ်။ “စိတ်ရဲ့တော်လှန်မှု” လို့ ဆိုတာကို ဦးစားပေး ဟောပြောခဲ့ပါတယ်။ “လူသားတွေရဲ့ အရေးအခင်းနဲ့ တုန်လှုပ်မှုတွေထဲမှာ ငြိမ်းချမ်းမှုမဲ့ရင် ဘယ်အောင်မြင်မှုမျှ တည်တံ့နိုင်မယ်မဟုတ်ဘူး” လို့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြောဆို ဆုံးမတော်မူခဲ့ပါတယ်။ “တော်လှန်မှုကိုလည်း စိတ်ဓာတ်နဲ့ မတော်လှန်ရင် ပြင်ပက တော်လှန်တာဟာ မအောင်မြင်နိုင်ဘူး” လို့ ဆရာတော်က ဆုံးမထားပြန်ပါတယ်။
နိုင်ငံရေးကိစ္စတွေမှာ သံဃာအနေနဲ့ တာဝန်ယူမှုနဲ့ စဉ်းစားမှုရှိဖို့လိုကြောင်းနဲ့ “ဗုဒ္ဓဘာသာရဲ့ အကျင့်စာရိတ္တဆိုတာ သံဃာတော်တွေဟာ ပြည်သူ့ဘက်မှာ ရှိဖို့လိုတယ်” သို့သော်လည်းပဲ တိုက်ရိုက်တော်လှန်ရေးထဲဝင်ခြင်း မဟုတ်ဘဲ တရားတော်နဲ့ ဓမ္မဘက်တော်သားအဖြစ်ပဲ ပါဝင်တာကိုပဲ ဆရာတော်က အားပေးပါတယ်။ နိုင်ငံရေးနဲ့ သာသနာ ခွဲထုတ်မရသော အချိန်မှာ၊ “ဗုဒ္ဓရဲ့ သာသနာဟာ ပြည်သူဘက်က ချစ်ခြင်းကရုဏာနဲ့ပဲ ရပ်တည်ရမယ်” ဆိုပြီး လှုံ့ဆော်ခြင်းအဖြစ် ရှုမြင်ခိုင်းပါတယ်။
အကြမ်းမဖက်တော်လှန်ရေးကို တန်ဖိုးထားခြင်းအားဖြင့် ဘယ်အခမ်းအနားမှာမဆို အကြမ်းမဖက်မှု၊ စိတ်ဓာတ်တည်ငြိမ်မှု၊ သဘောထားညီမျှမှု တို့ကို ဦးစားပေးဖို့ တိုက်တွန်း ဆုံးမပါတယ်။ လက်နက်ကိုင်တော်လှန်မှုအပေါ်မှာတော့ တိုက်ရိုက်တုံ့ပြန်မှုမရှိပေမဲ့ စိတ်ဓာတ်သန်မာမှုနဲ့ မျှတမှုနဲ့ ချဉ်းကပ်ဖို့ တိုက်တွန်းနှိုးဆော်တာနဲ့အတူ တရားဓမ္မနဲ့အညီ ဆုံးမပါတယ်။
ရွှေညဝါ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေက ဆောင်းပါးတပုဒ်လောက်နဲ့ ဘယ်လိုမှ မလွှမ်းခြုံနိုင်မှန်း ကျနော်သိပါတယ်။ ဒါပေမဲ့ ပညာရှိ သူတော်ကောင်း ရဟန်းတပါးကို အခုလို စာပေနဲ့ တန်ဖိုးသိပြီး ကျေးဇူးတရားကို အောက်မေ့ဖို့တော့ ထိုက်တန်တယ်လို့ ကျနော်ယုံကြည်ပါတယ်။
ကျနော့် သဒ္ဓါတရားနဲ့ အနှစ်ချုပ် သုံးသပ်ရရင် ဆရာတော်ရဲ့ အခန်းကဏ္ဍက လူထုထဲက စိတ်ခံစားမှုတွေကို ဉာဏ်နဲ့ တည်ငြိမ်မှုနဲ့ လှုံ့ဆော်ခြင်း၊ နားလည်အောင် ဆွေးနွေးခြင်းဖြင့် သာသနာရေးအမြင်၊ နိုင်ငံသားကောင်းအမြင်တွေကို မြှင့်တင်ခြင်း ပြုလုပ်တာဖြစ်တယ်။ မော်လမြိုင်၊ ရွှေညဝါကျောင်းတိုက်က ရွှေညဝါ ဆရာတော်ရဲ့ ရှုမြင်ချက်တွေဟာ ဗုဒ္ဓသာသနာကို အသိပညာအခြေခံနဲ့ တိကျခိုင်မာအောင် ရှင်းပြဖို့၊ လူထုနဲ့အတူရှိတဲ့ သာသနာတော်ဖြစ်ဖို့၊ ပြည်သူနဲ့အတူ အသက်ဝင်နေတဲ့ တရားဖြစ်ဖို့ကို အခြေခံထားပြီး ဆုံးမသြဝါဒပေးပါတယ်။
ရွှေညဝါ ဆရာတော်ဘုရားဟာ နွေဦးတော်လှန်ရေးကို တိုက်ရိုက်ဦးဆောင်သူ မဖြစ်သော်လည်းဘဲ တရားတော်တွေကတဆင့် ဉာဏ်နဲ့ သံသရာထဲက လွတ်မြောက်မှု အလားအလာကို ပြသသူ၊ အကြမ်းမဖက်မှုအမြင်ကို ထောက်ခံသူ၊ ပြည်သူ့စိတ်ထဲမှာ တည်ငြိမ်မှုနဲ့ ပေါင်းစည်းမှုကို ရှာဖွေဖို့ တရားဓမ္မနဲ့ ဦးဆောင်သူ ရဟန်းတော်တပါး ဖြစ်ပါတယ်။
ဆရာတော်ဟာ ပြည်သူနဲ့အတူ ဒုက္ခအထွေထွေကို ခံယူရင်း စစ်အာဏာရှင် စနစ်ဆိုးရဲ့အောက်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရပါပြီ။ ဇူလိုင်မိုးရေစက်တွေနဲ့အတူ ပြည်သူလူထုရဲ့ အသည်းနှလုံးတွေဟာလည်း ကြေကွဲဝမ်းနည်းပူဆွေးမှုတွေ အတိပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာတော်ဟာ စစ်အာဏာရှင်အောက် ဒူးမထောက် ဦးမညွှတ်ခဲ့ပါဘူး။ ရွှေညဝါ ဆရာတော်ဘုရားရဲ့ တရားဓမ္မအဆုံးအမတွေဟာ သာသနာမီးရှူးတန်ဆောင်ပမာ ကျနော်တို့ ပြည်သူလူထုတရပ်လုံးရဲ့ ရင်ထဲမှာ ထာဝရထွန်းလင်းတောက်ပနေတော့မှာ မလွဲဧကန်ပါပဲ...။
ချစ်မင်းနွဲ့ကြည်