
စစ်အာဏာသိမ်းတဲ့နေ့မှာ ပြိုင်တူဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေညဝါဆရာတော်ကြီးနဲ့ စာရေးဆရာ မောင်သာချိုတို့ဟာ ဇူလိုင် ၁၀ ရက် တရက်တည်းမှာ ကွယ်လွန်သွားတယ်လို့ စာပေအသိုက်အဝန်းကနေ သိရပါတယ်။
ဇူလိုင် ၁၀ ရက် ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်မှာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင် ပုဂ္ဂလိကဆေးရုံမှာ ရွှေညဝါဆရာတော်ကြီး ပျံလွန်တော်မူခဲ့သလို စာရေးဆရာ မောင်သာချိုကတော့ မနက် ၈ နာရီလောက်က ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
ဆရာတော်ရဲ့ တပည့်ဒါယိကာတယောက်က “ဆရာတော်နဲ့ စာရေးဆရာမောင်သာချိုက စစ်ကောင်စီ အာဏာသိမ်းချိန် တရက်တည်း အဖမ်းခံရပြီး အတူတူ ပြန်လွတ်လာတာ။ ဆရာတော်က စစ်အာဏာရှင်ကို လက်မခံဘဲ ဓမ္မနဲ့ဆန့်ကျင်တယ်။ ဆရာမောင်သာချိုက ကလောင်နဲ့ ဆန့်ကျင်တဲ့သူပါ။ တိုင်းပြည်အတွက် အလွန်နစ်နာတယ်။ ထောင်တွင်းဒဏ်တွေကြောင့် စောစောစီးစီး ကွယ်လွန်ခဲ့ရတာ” လို့ ပြောပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် အသည်းရောဂါဝေဒနာ ခံစားနေရတဲ့ ရွှေညဝါဆရာတော်ကို စစ်ကောင်စီတပ်က အမြဲစောင့်ကြည့်နေပြီး မြန်မာနိုင်ငံအတွင်းမှာသာ ကုသမှုခံယူခဲ့ရကာ ပြည်ပကို သွားရောက်ဆေးကုသဖို့ ပိတ်ပင်ခံထားရပါတယ်။
ရွှေညဝါဆရာတော်လို့ လူသိများတဲ့ အရှင်ပညာသီဟကို အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ဘာအပြစ်မှမရှိဘဲ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ချခဲ့သလို စာရေးဆရာ မောင်သာချိုကိုလည်း ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီး ထောင်ချခဲ့တာပါ။
ထင်ရှားတဲ့ စာရေးဆရာ မောင်သာချိုဟာ မြန်မာစာပါမောက္ခတယောက် လည်းဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာတော့ အင်းစိန်ထောင်ကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြသူတွေဖြစ်ပြီး ထောင်ကနေ ပြန်လွတ်လာပေမဲ့ စစ်တပ်ရဲ့ အမြဲ စောင့်ကြည့်ခံနေရတာ ကွယ်လွန်ချိန်အထိ ဖြစ်ပါတယ်။