
ကင်ညာနိုင်ငံ နိုင်ရိုဘီ-မွန်ဘာဆာ အဝေးပြေးလမ်းမကြီးပေါ်မှာရှိတဲ့ အမ်တီတို အန်ဒေး မြို့အနီးမှာ အောက်တိုဘာ ၂၅ ရက်က ဘုရားကျောင်းပိုင် ဘတ်စ်ကားတစီးနဲ့ မြေသယ်ကားတစီး တိုက်မိခဲ့ပြီး နာရေးအခမ်းအနားက ပြန်လာသူ ၂၄ ယောက် သေဆုံးခဲ့ပါတယ်။
Power of the Word ဘုရားကျောင်းပိုင် ဘတ်စ်ကားဟာ ကင်ညာနိုင်ငံအနောက်ပိုင်း လူဂါရီမြို့ ကနေ မွမ်ဘာဆာ ကမ်းရိုးတန်းမြို့ကို ဦးတည်မောင်းနှင်လာတာပါ။
ကားပေါ်ပါလာသူတွေဟာ သင်းအုပ်ဆရာတော်တပါးရဲ့ ဂူသွင်းသင်္ဂြိုဟ်ပွဲကနေ ပြန်လာကြသူတွေ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဘတ်စ်ကားဟာ တညလုံး မောင်းနှင်လာခဲ့ပြီး အမ်တီတို အန်ဒေးမြို့ မှာ ခေတ္တရပ်နားခဲ့ပြီးမှ ခရီးဆက်လက်ထွက်ခွာလာခဲ့တာပါ။
မြို့ပြင် ၁၀ ကီလိုမီတာခန့်အကွာ အရောက်မှာ ယာဉ်မောင်းဟာ ရှေ့ကယာဉ်တန်းကို ကျော်တက်ဖို့ ကြိုးစားရင်း ဆန့်ကျင်ဘက်လမ်းကြောက မောင်းလာတဲ့ မြေသယ်ကားနဲ့ မျက်နှာချင်းဆိုင်တွေ့ခဲ့ တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပါတယ်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဘန်ဂျမင် မွမ်သီရဲ့ ပြောပြချက်အရ ယာဉ်မောင်းဟာ တိုက်ရိုက် မျက်နှာချင်းဆိုင် တိုက်မိမှာကို ရှောင်ရှားဖို့ လမ်းဘေးဘက်ကို ကွေ့ချလိုက်ပေမဲ့ မထိန်းနိုင်တော့ဘဲ ဘတ်စ်ကား တိမ်းမှောက်သွားခဲ့ပါတယ်။
အဲဒီနောက် မြေသယ်ကားက မှောက်နေတဲ့ ဘတ်စ်ကားကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် ဘတ်စ်ကားရဲ့ အစိတ်အပိုင်းတချို့ ပဲ့ထွက်သွားပြီး လမ်းမကြီးပေါ်မှာ ယာဉ်အပျက်အစီးတွေ ပြန့်ကျဲ သွားခဲ့ပါတယ်။
မြေသယ်ကားမောင်းသူ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်း လူ ၂၄ ယောက် သေဆုံးကြောင်း တာဝန်ရှိသူတွေက အတည်ပြု ပြောပါတယ်။
အမ်တီတို အန်ဒေးမြို့နယ်ဆေးရုံမှာတော့ မိသားစုဝင်တွေက သူတို့ရဲ့ ဆွေမျိုးတွေအကြောင်း လာရောက်စုံစမ်းနေကြပြီး အသက်ရှင်ကျန်ရစ်သူတွေကလည်း ဖြစ်စဉ်အကြောင်းကို ပြန်ပြောပြ ကြပါတယ်။
ယာဉ်တိုက်မှုကြောင့် ဘုရားကျောင်းပိုင် ဘတ်စ်ကားမှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး ထိုင်ခုံ တွေလည်း နေရာမှ ပြုတ်ထွက်ကာ ယာဉ်ရဲ့ အစိတ်အပိုင်းတချို့လည်း ပြင်းထန်တဲ့ တိုက်မိမှု ဒဏ်ကြောင့် ပြုတ်ထွက်သွားခဲ့ပါတယ်။
လမ်းအသုံးပြုသူတိုင်း သွားလိုရာကို ဘေးကင်းလုံခြုံစွာ ရောက်ရှိကြဖို့အတွက် စိတ်ရှည် သည်းခံကြဖို့နဲ့ အန္တရာယ်များတဲ့ ကျော်တက်မှုမျိုး မပြုလုပ်ကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်း ထားပါတယ်။
Source: Reuters











