
ကင်ညာနိုင်ငံ၊ မွန်ဘာဆာမြို့ရှိ တရားရုံးတခုဟာ ဘာသာရေးဂိုဏ်း ခေါင်းဆောင် ပေါလ်မက်ကန်ဇီ ကို ကလေးအယောက် ၁၉၀ ကို သူ့အမိန့်နဲ့ အငတ်ထား သေဆုံးစေခဲ့မှု၊ အလောင်းတွေကို တောအုပ်ထဲ မြှုပ်နှံခဲ့မှုတို့နဲ့ နိုဝင်ဘာ ၆ ရက်မှာ ထောင်ဒဏ် အနှစ် ၂၀၀ ချမှတ်လိုက်ပါတယ်။
ဒါဟာ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး ဘာသာရေးဂိုဏ်းဆိုင်ရာ သတ်ဖြတ်မှုကြီးတွေထဲက တခု ဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၅၀၀ နီးပါး ရှိမယ်လို့ သံသယရှိထားပါတယ်။
တရားသူကြီး ဒိုင်ယာနာကာဗက်ဇာက အမိန့်စီရင်ချက်ကို ဖတ်ကြားရာမှာ အငတ်ထားပြီး သတ်ဖြတ်မှုအတွက် ထောင်ဒဏ်နှစ် ၁၀၀ နဲ့ တိုက်ရိုက် လူသတ်မှုအတွက် ထောင်ဒဏ် နှစ် ၁၀၀၊ စုစုပေါင်း နှစ် ၂၀၀ ချမှတ်တာလို့ ပြောပါတယ်။
ကင်ညာနိုင်ငံ အရှေ့ပိုင်း၊ အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းအနီး တောအုပ်ထဲမှာ ကမ္ဘာပျက်ကိန်း အယူအဆရှိတဲ့ ခရစ်ယာန် ဘာသာရေးဂိုဏ်းတခုကို ဦးဆောင်ခဲ့တဲ့ မက်ကန်ဇီဟာ သူ့ရဲ့ နောက်လိုက် တွေကို ကမ္ဘာမပျက်ခင် ကောင်းကင်ဘုံရောက်ဖို့အတွက် သူတို့ရော ကလေးတွေကိုပါ အစာငတ် ခံပြီး သေအောင်လုပ်ကြဖို့ ခိုင်းစေခဲ့တာလို့ တရားလို ရှေ့နေတွေက ပြောပါတယ်။
သူ့ရဲ့ လက်ပါးစေတွေကလည်း အမိန့်ကို လိုက်နာကြဖို့ နောက်လိုက်တွေကို ခြိမ်းခြောက်တာ၊ ရိုက်နှက်တာတွေ လုပ်ခဲ့ကြပါတယ်။
ရိုးတွင်းခြင်ဆီ ခမ်းခြောက်ပြီး ပိန်ချုံးနေတဲ့ အလောင်းတွေကို တိမ်တိမ်လေး တူးထားတဲ့ မြေကျင်း တွေနဲ့ အိမ်သာကျင်းတွေထဲ ပစ်ချထားတာ တွေ့ခဲ့ရသလို၊ တချို့ဆိုရင် အသက်ရှင်လျက် မြှုပ်နှံခံ ခဲ့ရတာပါ။
မက်ကန်ဇီဟာ မီးခိုးရောင် ပိုလိုရှပ်နဲ့ အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး တရားခွင် ကျင်းပတဲ့ တဲထဲကို ဝင်လာစဉ်မှာ ပြုံးပြနေခဲ့ပါတယ်။ သူကတော့ လူသတ်မှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သားကောင်တွေကို အငတ်ခံဖို့ သူ အတင်းအကျပ် မခိုင်းခဲ့ဘူးလို့ ပြောပေမဲ့ တရားရုံးကတော့ သူ့ရဲ့ ခုခံချေပချက်ကို ပယ်ချခဲ့ပါတယ်။
ဒီတရားစီရင်မှုမှာ ကလေး ၁၉၀ နဲ့ လူကြီး ၁ ယောက်သေဆုံးမှုအတွက်ပဲ စစ်ဆေးခဲ့တာ ဖြစ်ပေမဲ့ ကင်ညာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အဆိုအရ တောအုပ်ထဲမှာ အလောင်း စုစုပေါင်း ၄၄၈ လောင်းအထိ တွေ့ရှိခဲ့ရတာပါ။
ဒါ့အပြင် မက်ကန်ဇီဟာ ကီလိုမီတာ ၃၀ (၁၈ မိုင်) အကွာက ရွာတရွာမှာ တွေ့ရတဲ့ လူ ၅၂ ယောက် သေဆုံးမှုအတွက်လည်း အမိန့်ပေးခဲ့သူအဖြစ် စွပ်စွဲခံထားရတာကြောင့် စုစုပေါင်း သေဆုံးသူ ၅၀၀ လောက် ရှိလာနိုင်ပါတယ်။ အဲ့ဒီအမှုမှာလည်း သူက အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။
မက်ကန်ဇီဟာ ၂၀၁၇ ခုနှစ်မှာ ရဲတပ်ဖွဲ့က သူ့နေရာကို ဝင်ရောက်ရှာဖွေခဲ့ချိန်ကတည်းက အာဏာပိုင် တွေရဲ့ စောင့်ကြည့်စာရင်းထဲ ပါနေခဲ့တာပါ။ ၂၀၁၉ မှာ မာလင်ဒီမြို့မှာရှိတဲ့ သူ့ရဲ့ ဘုရားကျောင်းကို အာဏာပိုင်တွေ ပိတ်ပစ်ခဲ့လို့ အနီးနားက ရှာကာဟိုလာ သစ်တောဆီ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီးနောက် ဘာသာရေးအဖွဲ့အစည်းတွေကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
သမ္မတ ဝီလီယံရူတိုက ဥပဒေနဲ့ စည်းမျဉ်းဆိုင်ရာ မူဘောင်တွေကို ပြန်လည်သုံးသပ်ဖို့ ၂၀၂၃ ခုနှစ် မေလမှာ အထူးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး၊ ၂၀၂၄ ခုနှစ်မှာ အစိုးရနဲ့ ဆီးနိတ်လွှတ်တော်တို့က သီးခြားအဆိုပြုချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းခြင်း မရှိသေးပါဘူး။
Source: Reuters











