
ကင်ညာနိုင်ငံ မြို့တော်နိုင်ရိုဘီအနီးမှာ နိုဝင်ဘာ ၁၃ ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံ တခုရဲ့ အပေါ်ဆုံးထပ် ပြိုကျခဲ့တာကြောင့် လူ ၆ ယောက် သေဆုံးပြီး တခြားသူ ၅ ယောက် ဒဏ်ရာ ရရှိ ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခင်းဖြစ်ပွားချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၄၀၅ ယောက် ရှိနေခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အားလုံးကို ရှာဖွေတွေ့ရှိ စာရင်းကောက်ယူပြီးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်သလို အခင်းဖြစ်ပွားရာနေရာကို တားမြစ်ကြိုး တွေ တားဆီးကာရံထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုလည်း ပိတ်ထားလိုက်ပါပြီ။
ကင်ညာအမျိုးသားသဘာဝဘေးအန္တရာယ်ဌာန ညွှန်ကြားရေးမှူး ဒွန်ကန်အိုချီယန်ရဲ့ ပြောကြားချက် အရ အလုပ်သမားတွေဟာ ခေါင်မိုးပေါ်မှာ နောက်ဆုံး ကွန်ကရစ်ကြမ်းခင်းအလွှာကို လောင်းနေကြ တုန်း အမိုးထပ် ပြိုကျခဲ့တာလို့ သိရပါတယ်။
ဒါပေမဲ့ အဆောက်အအုံတခုလုံးကတော့ မပျက်မစီး အကောင်းအတိုင်း ရှိနေပုံရပြီး ပညာရှင်တွေ ဘက်က လိုအပ်တဲ့ အကြံဉာဏ်တွေ ပေးသွားလိမ့်မယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် အခုဖြစ်စဉ်မှာ လူ ၆ ယောက် သေဆုံးတာကို အတည်ပြုနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၅ ယောက် ကိုတော့ အီမာရာဒိုင်မာ ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ကုသပေးနေတယ်လို့လည်း သူက ပြောပါတယ်။
မျက်မြင်သက်သေ ပီတာမူအိုကီက သူတို့ဟာ အဆောက်အအုံနားမှာ ကားတစီးကို စောင့်ဆိုင်း နေတုန်း ကျယ်လောင်လွန်းတဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတာလို့ ပြောပါတယ်။
အဆောက်အအုံဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ သစ်သားပုံတွေ ပြိုကျလာတာကို တွေ့လိုက် ရတာကြောင့် အဆောက်အအုံတခုလုံး ပြိုကျတော့မယ်လို့ ထင်ခဲ့မိကြောင်းနဲ့ အဲဒီနောက်မှာတော့ သူတို့နဲ့အတူ အလုပ်သမားတွေပါ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြကြောင်း သူက ပြန်ပြောပြ ပါတယ်။
အဲဒီနောက်မှာ လူတွေက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ အပေါ်ကို တက်သွား ခဲ့ကြသလို နောက်ပိုင်းမှာတော့ ကရိန်းစက်ရောက်ရှိလာပြီး လူတချို့ကို ကယ်တင်နိုင်ခဲ့တယ်လို့ လည်း မျက်မြင်သက်သေက ဆိုပါတယ်။
ဒီဖြစ်ရပ်ဟာ မကြာသေးမီနှစ်တွေအတွင်း ကင်ညာနိုင်ငံမှာ ဆောက်လုပ်ရေးဆိုင်ရာ မတော်တဆမှု တွေထဲက နောက်ဆုံးဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
Source:Reuters











