
အီသီယိုးပီးယားနိုင်ငံက အကြမ်းဖက်မှုတွေကြောင့် ကင်ညာနိုင်ငံမြောက်ပိုင်းကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့ လူဦးရေ ၅၀,၀၀၀ အတွက် စားစရာ၊ ရေနဲ့ အမိုးအကာတွေ အရေးပေါ် လိုအပ်နေတာကြောင့် ရန်ပုံငွေ ကူညီထောက်ပံ့ပေးဖို့ ကုလသမဂ္ဂက နိုဝင်ဘာ ၉ ရက်မှာ အကူအညီ တောင်းဆိုလိုက်ပါတယ်။
အီသီယိုးပီးယားနိုင်ငံအတွင်း အဓိကအားဖြင့် အိုရိုမီယာနဲ့ ဆိုမာလီဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကင်ညာနိုင်ငံဘက်ခြမ်း မိုယာလေဒေသကို ခန့်မှန်းခြေ လူဦးရေ ၅၀,၀၀၀ ရောက်ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောပါတယ်။
ကင်ညာအစိုးရနဲ့ မာစဘစ်ကောင်တီ အစိုးရတို့က အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေး အဖွဲ့အစည်း (IOM) ရဲ့ ပူးပေါင်းထောက်ကူမှုနဲ့ ပြုလုပ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အိမ်ထောင်စု ၇၁ ရာခိုင်နှုန်းမှာ စားစရာမလုံလောက်ကြဘဲ ၈၀ ရာခိုင်နှုန်းသော လူတွေက စားနပ်ရိက္ခာကို အရေးအကြီးဆုံး လိုအပ်ချက်အဖြစ် သတ်မှတ်ထားကြပြီး ထက်ဝက်နီးပါးမှာ သောက်သုံးရေ လုံလောက်စွာ မရှိကြပါဘူး။
မိသားစုအများစုဟာ ဆွေမျိုးတွေ ဒါမှမဟုတ် ဒေသခံတွေဆီမှာ ကိုယ်ပိုင်အရင်းအမြစ်တွေနဲ့ ၄ ရက်လောက် ခိုလှုံနေကြရပြီး တချို့ကတော့ စာသင်ကျောင်းတွေ၊ ယာယီစခန်းတွေနဲ့ ဟင်းလင်းပြင်နေရာတွေမှာ နေထိုင်နေကြရပါတယ်။
ဒေသခံအသိုက်အဝန်းတွေရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိနေပြီး သူတို့အနေနဲ့ ဆက်လက်ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲလာပြီဖြစ်တာကြောင့် UNHCR အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ဝင်ရောက်ကူညီပေးဖို့ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေက တောင်းဆိုထားကြပါတယ်။
ဒါ့အပြင် အခုခိုလှုံရာနေရာတွေမှာ လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်နေမှုကြောင့် သတင်းအချက်အလက် ဆက်သွယ်ပြောဆိုဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
ဒုက္ခသည်တွေက သူတို့ကို ကူညီနေကြတာ ကင်ညာပြည်သူတွေဖြစ်ပြီး အစိုးရက ကူညီနေတာ မဟုတ်ပါဘူးလို့ ပြောထားကြကာ သူတို့ကို လျစ်လျူမရှုထားဘဲ အရေးပေါ် ကူညီထောက်ပံ့ပေးဖို့ ဒုက္ခသည်တွေက အီသီယိုးပီးယားအစိုးရကိုလည်း တောင်းဆိုထားကြပါတယ်။
အရင်းအမြစ်တွေ အကန့်အသတ်နဲ့ ရှိနေကြတဲ့ ဒုက္ခသည်တွေနဲ့ လက်ခံကူညီပေးနေတဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရေ၊ သန့်ရှင်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ ရန်ပုံငွေ အရေးပေါ် လိုအပ်နေကြောင်း ဖာဟန်ဟက်က တိုက်တွန်းပြောပါတယ်။
Source: Reuters











