
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်က ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်သွားတဲ့ မြန်မာ့ဘောလုံးငွေခေတ်ရဲ့ ထင်ရှားတဲ့ တိုက်စစ်မှူးတယောက်ဖြစ်တဲ့ ဝင်းအောင်ရဲ့ နာရေးအခမ်းနားကို ဒီကနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမကျင်းပမီ နေ့လယ် ၂ နာရီမထိုးခင်ကတည်းက ဝင်းအောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်သူတွေ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်ဇာတိ ဝင်းအောင်ဟာ ပြည်နယ်လက်ရွေးစင်ကနေ ၁၉၈၉ ခုနှစ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဖြစ်ခဲ့ပြီး သူ ပါဝင်ခဲ့တဲ့ ၁၉၉၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ငွေတံဆိပ်ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားတဲ့ ခေါင်းတိုက်ချက်တွေနဲ့ ပရိသတ်ကြားမှာ လူသိများ ထင်ရှားသူ ဖြစ်ပါတယ်။
တိုက်စစ်မှူး ဝင်းအောင်ဟာ ဘဏ္ဍာအခွန်အသင်းမှာ ကစားခဲ့ပြီး ငွေခေတ်က လက်ရွေးစင် ကစားသမားတွေလည်း သူနဲ့အတူ တသင်းတည်း ကစားခဲ့ပြီး တိုက်စစ်မှု မျိုးလှိုင်ဝင်းနဲ့ တွဲဖက် ကစားခဲ့သူ ဖြစ်ပါတယ်။
လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝင်းအောင်ရဲ့ နောက်ဆုံးခရီးကို မြန်မာဘောလုံးလောကက ကစားသမားဟောင်းတွေနဲ့ မျိုးဆက်သစ် ဘောလုံးသမားတွေအပြင် သူ့ပရိသတ်တွေကလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
ဝင်းအောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၀ ရှိပြီး ဘောလုံးလောကသားတွေအပြင် ပရိသတ်တွေကပါ နှမြောတသ ဖြစ်ခဲ့ကြပါတယ်။











