
သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့် ပြေးလွှားကစားနေတာကို မြင်လို၍ ကွင်းထဲ တမင်လာကြည့်သည်။ သူ ကစားသည့်ပွဲတိုင်း အောင်ဆန်းကွင်းမှာ လူပြည့်ပြီး သူ ကစားသည့်အသင်း (ဘဏ္ဍာအခွန်) အမြဲတမ်းလိုလို နိုင်သည်။ လွန်ခဲ့သည့် နှစ် ၃၀၊ ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘဏ္ဍာအခွန်အသင်းသည် ဆယ်နှစ်အတွင်း မြန်မာအဆင့်မြင့်တန်း (Myanmar Premier League) ချန်ပီယံ ၉ ကြိမ်ဖြစ်ခဲ့သည်။ ဘဏ္ဍာအခွန်အသင်းမှာ ထိုစဉ် ငွေခေတ်မြန်မာ့လက်ရွေးစင် ကစားသမား အများအပြား ပါဝင်နေရာ ဝင်းအောင်၊ မျိုးလှိုင်ဝင်း တိုက်စစ်အတွဲမှာ ပရိသတ်များအကြား ထင်ရှားခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းမှာ ဘဏ္ဍာအခွန်ခေတ်လို့ပင် ဆိုနိုင်သည်။ ဝင်းအောင်၊ မျိုးလှိုင်ဝင်း၊ တင်မြင့်အောင်၊ အောင်ကျော်ကျော်၊ သန်းဝေ၊ စိုးနိုင်၊ စောဘမြင့် အစရှိသည့် ငွေခေတ်ကစားများမှသည် အောင်ကျော်မိုး၊ ရန်ပိုင်၊ စိုးမြတ်မင်း၊ အောင်အောင်ဦးတို့အထိ ပရိသတ်တွေကြား ထင်ရှားခဲ့သည်။
ဘဏ္ဍာအခွန်နှင့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းအောင်၏ အထင်ရှားဆုံး အမှတ်သင်္ကေတကတော့ သူမတူ တမူထူးခြားသော ခေါင်းတိုက်ကစားဟန် ဖြစ်သည်။ တိုက်စစ်မှူးအများအပြား ခြေထောက်ဖြင့် ဂိုးပေါက်ထဲ ကန်သွင်းနေစဉ် ဝင်းအောင်က ဝေဟင်ပေါ်က ခေါင်းတိုက်ပြီး အဆုံးအဖြတ်ဂိုးတွေ သွင်းပေးခဲ့သည်။ ဝင်းအောင်က ခြေနှင့် ဂိုးမသွင်းဘူးလားဆိုလျှင် ခြေနှင့်လည်း သွင်းသည်။ ဝင်းအောင်က တလုံးထိုးသမား ဖြစ်သည်။ သူ့ရှေ့ ဘောလုံးကို အလွတ် ဖြန့်ခင်းပေးလိုက်လျှင် တဖက်ဂိုးဧရိယာအရောက် တဟုန်ထိုး ဆွဲပြေးပြီး တဟုန်ထိုး ကန်သွင်းတတ်သည်။ သူ၏ တိုးအား၊ ရုန်းအား၊ ပြေးအားတွေကို ပရိသတ်တွေက သဘောကျပြီး သူ့ကို “နွားကြီး” ဟု ချစ်စနိုးခေါ်ကြသည်။
ဘောလုံးသမားတွေထဲမှာတော့ ဝင်းအောင်က ခပ်ကြမ်းကြမ်း ကစားတတ်သလို မကြာခဏလည်း တဖက်ကစားသမားတွေနှင့် ထိုးတော့မလို ကြိတ်တော့မလို ရန်ဖြစ်တတ်သည်။
ထိုခေတ် ထိုအခါက မြန်မာပရီးမီးယားလိဂ်မှာ (တချိန်က မန်ယူလို) အမြဲတမ်း ချန်ပီယံက ဘဏ္ဍာအခွန်အသင်းဖြစ်ပြီး အနီးကပ်ပြိုင်ဘက်က ကာကွယ်ရေးဝန်ကြီးဌာနအသင်း ဖြစ်သည်။ ဘဏ္ဍာအခွန်နှင့် ကာကွယ်ရေးတို့က အမြဲလိုလို ထိပ်တိုက်တွေ့ဆုံတတ်သလို ပြိုင်ဆိုင်မှုကလည်း ပြင်းထန်သည်။
၁၉၉၀ နှောင်းပိုင်း အောင်ဆန်းကွင်းမှာ ကစားသည့် မြန်မာအဆင့်မြင့်တန်းပွဲတွေကို ကြည့်ဖူးကြသူတိုင်း ဝင်းအောင်၊ မျိုးလှိုင်ဝင်း တိုက်စစ်အတွဲပါဝင်သော ဘဏ္ဍာအခွန်နှင့် တင်ထွေး၊ မျိုးမြင့်ထွေးတို့ တိုက်စစ်အတွဲပါဝင်သော ကာကွယ်ရေးအသင်းတို့ ကစားခဲ့ကြသည့် ပွဲစဉ်တွေကို အမှတ်ရနေကြလိမ့်မည်ထင်သည်။
ဘဏ္ဍာအခွန်နှင့် ကာကွယ်ရေးတို့ တွေ့ကြပြီဆိုလျှင် အောင်ဆန်းကွင်း လေးဘက်လေးတန် ပွဲကြည့်စင် လူပြည့်သည်။ ခုခေတ်လို အဆင့်မြင့်တန်းပွဲတွေကို ဘယ်ရုပ်သံ၊ ဘယ်ချန်နယ်ကမှ live မပြ။ ကွင်းထဲ တကူးတက လာအားပေးရသည်ပင် ပျော်စရာကောင်းလှပြီ။ ဘဏ္ဍာအခွန်ဘက်မှာ ပရိသတ်အင်အား တောင့်တင်းသည်။ အိမ်ကွင်း အဝေးကွင်း မရှိကြချိန်တွင် ဘဏ္ဍာအခွန်အတွက် ပွဲတိုင်း အိမ်ကွင်းလို ပရိသတ် ဒုနဲ့ဒေး အားပေးကြသည်။ လက်ခုပ်သံတွေ သောသောညံသည်။ ပရိသတ်က ဘဏ္ဍာအခွန်ဘက်က တခဲနက်အားပေးသလောက် တဖက်အသင်းဘက်မှာ အားပေးသူ မရှိသလောက်ဖြစ်သည်။
ဝင်းအောင်က ၁၉၉၃ ခုနှစ် ဆီးဂိမ်းငွေတံဆိပ်ဆုရအသင်းမှာ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်းတို့နှင့် အတူ ပါဝင်ခဲ့သူ ဖြစ်သည်။ ဆောက်လုပ်ရေးမှာ ကစားနေရာက ဘဏ္ဍာအခွန်ကို ပြောင်းလာခဲ့သူ ဖြစ်သည်။ ၁၉၉၅ ဆီးဂိမ်းတွင် ဝင်းအောင် အရွေးမခံရတော့ပါ။ ထိုနှစ်က ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို ရှုံးခဲ့ပြီး ဂိုးသမား အောင်ကျော်ကျော်က ဗီယက်နမ်တိုက်စစ်မှူး လီဟွန်ဒပ်ကို ခြေထောက်ဖြင့် ကန်၍ အနီကတ်ပြ ထုတ်ပယ်ခံရသောနှစ် ဖြစ်သည်။ ထိုပွဲကို ရုပ်သံက တိုက်ရိုက်ပြသခဲ့ရာ မြန်မာပရိသတ်တွေ ကြည့်ခွင့်ရခဲ့သည်။
၁၉၉၅ ဆီးဂိမ်းဘောလုံးပြိုင်ပွဲနောက်ပိုင်း ပရိသတ်တွေ မြန်မာကစားသမားတွေကို အထူးတလည် စိတ်ဝင်စားလာကြသည်။ အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ တင်မြင့်အောင်၊ ကြည်လွင်၊ ဝင်းအောင် တို့ လူသိထင်ရှားဖြစ်လာသလို အောင်ဆန်းကွင်းမှာ ဘဏ္ဍာအခွန်ကစားလျှင် ပရိသတ် ကွင်းပြည့်သည်။
ဝင်းအောင်က ပွဲအဖြေကို သူ၏ ခေါင်းတိုက်ဂိုးဖြင့် အသာလေး ပြောင်းလဲတတ်သည်။ တခါတရံ ဟိုဘက်ဒီဘက် အကြိတ်အနယ် ထိုးဖောက်ကစားနေကြပြီး ဂိုးမရဘဲ ဖြစ်နေရာက ဝင်းအောင်၏ ခေါင်းတိုက်ဂိုးက အနိုင်ဂိုး ဖြစ်သွားတတ်သည်။
ဘောလုံးကစားသူတွေမှာ သူတို့ကိုယ်ပိုင်ဟန်လေးတွေ ရှိတတ်ကြသည်။ ဝင်းအောင်က ဘောလုံးကို အလိမ်အခေါက် (dribbling) နှင့် မကစားတတ်။ တလုံးထိုး ဆွဲပြေးပြီး ဂိုးပေါက်ကို ဝါးလုံးထိုး ကန်တတ်သည်။ မျိုးလှိုင်ဝင်းကျတော့ အလိမ်အခေါက်တွေနှင့် ဂိုးပေါက်ကို ခြိမ်းခြောက်သည်။ ဝင်းအောင်က အခြေအနေကို စောင့်ကြည့်ပြီး ကစားလေ့ရှိသည်။ လမ်းလျှောက်နေသည်ဟု ထင်ရသည်။
ဝင်းအောင်ကစားပုံက မန်စီးတီးတိုက်မှူး ဟာလန်းနှင့် တူသည်ဟုဆိုလျှင် ပိုလွန်းသည်ဟု ဆိုမလားမသိ။ ဝင်းအောင်၏ ဘောလုံးအထွက် ချောင်းပုံ၊ တိုက်စစ်လိုက်ပါပုံတွေက ဟာလန်းနှင့်တူသည်။ ဝင်းအောင်ကစားစဉ်က ဟာလန်းပင် မမွေးသေးဟုထင်သည်။ ခေါင်းတိုက်ရာတွင် နောက်ခံလူတွေ ဘယ်လောက်များများ နေရာယူထားပါစေ ဝင်းအောင်ခေါင်းနှင့် ထိကို ထိသွားသေးသည်။ ဝင်းအောင်က လေထဲအထိခုန်ပြီး ကိုယ်ကိုချိုးကာ ခေါင်းကို အားနှင့်တိုက်တတ်သည်။ ဘောလုံးလမ်းကြောင်းကို ကောင်းကောင်းသိသည်။ ညာတောင်ပံက သန်းဝေ ဂိုးရှေ့ မ ပေးလိုက်ပြီဆိုလျှင် ဝင်းအောင်ခေါင်းနှင့် ချိန်သားကိုက် ဖြစ်သည်။ ဝင်သွားပြီတဂိုး။
ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်၊ ဘရာဇီးနှင့် နော်ဝေတို့ တွေ့ကြတော့ နော်ဝေက ၂-၁ နှင့် နိုင်သည်။ ၇၉ မိနစ်တွင် ဟာလန်း ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့ရာ လှပသေသပ်လွန်းလှသည်။ ဘယ်တောင်ပံက ရုတ်တရက် ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ဟာလန်း ချိန်သားကိုက် အသာလေး တိုက်သွင်းသွားသည်။ ဘဏ္ဍာအခွန်ခေတ်က ကာကွယ်ရေးဘက်ကို ဝင်းအောင် ခေါင်းတိုက်သွင်းခဲ့ပုံကို ပြန်မြင်ယောင်မိသည်။
အထောင်တိုက်စစ်ကစားသော ဟာလန်းက အခွင့်အရေးကို အမြဲချောင်းနေသည်။ တိုက်စစ်မှူး ဆိုသည်က တော်ရုံအခွင့်အရေးမရအောင် တဖက်အသင်းက အမြဲလူကပ် စောင့်ကြည့်ခံထားရသူ ဖြစ်သည်။ သူတို့ကို ကွင်းထဲမှာ ပတ်ပြေးနေတာ မြင်ချင်မှ မြင်ရမည်။ အခွင့်အရေးရလျှင် ကျားကုတ်ကျားခဲ တွန်းတွန်းတိုက်တိုက် ကစားတတ်ကြသည်။
ဘောလုံးသမားတွေမှာ ကိုယ်ပိုင်အပြုအမူလေးတွေ ရှိတတ်ရာ ဟာလန်းက ဘောင်းဘီကို တင်ပါးတခြမ်းပေါ်သည်အထိ လိပ်တင်ထားလေ့ရှိသည်။ ခါးထောက်နေမည်။ ရပ်နေမည်။ ဝင်းအောင်သည်လည်း ဂိုးရဖို့ အခွင့်အရေးချောင်းနေချိန်တွင် ဘောင်းဘီကို လိပ်တင်ထားတတ်ပြီး တခါတရံ ခါးထောက်နေတတ်သည်။
“ဝင်းအောင်.. ဝင်းအောင်.. ဝင်းအောင်”
အော်ဟစ်အားပေးသံတွေက အောင်ဆန်းတကွင်းလုံး ညံနေသည်။ ဘာ့ကြောင့် ဝင်းအောင် တယောက်တည်းကို ဒီလောက် အားပေးနေကြသလဲ။ ပြိုင်ပွဲသည် ဘဏ္ဍာအခွန်နှင့် ကာကွယ်ရေး။ ဝင်းအောင်က ကာကွယ်ရေးအသင်းနှင့်တွေ့တိုင်း ဂိုးသွင်းသည်။ ဘောလုံးကွင်းထဲ ရောက်လာသည့် ပရိသတ်တချို့သည် မိမိတို့၏ မကျေနပ်စိတ်ကို ကွင်းထဲလာရောက်ပြီး အော်ဟစ်ကာ ဖောက်ထုတ်တတ်ကြသည်။ ပရိသတ်တချို့သည် “ဝင်းအောင်” အမည်ကို အားပါးတရ အော်ဟစ်အားပေးကြသည်။
ဝင်းအောင်က စကားနည်းသူ ဖြစ်သည်။ စကားထက် အလုပ်နှင့် သက်သေပြသူဖြစ်သည်။ စကားနည်းသလို ဆတ်ဆတ်ထိမခံသူ၊ ထစ်ခနဲဆို ထိုးကြိတ် ရန်ဖြစ်တတ်သူ ဖြစ်သည်။ ဝင်းအောင် ကစားသော ပွဲစဉ်တွေမှာ ဘောလုံးပွဲနှင့် လက်ဝှေ့ပွဲ တပြိုင်တည်း မကြာခဏ ကြည့်ရတတ်သည်။ ဖြစ်ကြပြီဟေ့ဆို ဝင်းအောင်ပဲ။ ထို့ကြောင့် ဝင်းအောင်ကို အရန်ခုံမှာ ထိုင်ခိုင်းထားပြီးမှ လူစားလဲတာမျိုး၊ နောက်ထပ် အဝါမထိခင် လူစားလဲလိုက်တာမျိုးတွေ ရှိသည်။ ဝင်းအောင်က ကိုင်တွယ်ရခက်သော ကစားသမားဟု ဆိုသည်။ ဝင်းအောင်ကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့သူမှာ ဘဏ္ဍာအခွန်အသင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင် ဖြစ်သည်။ ဦးခင်မောင်ကြိုင် လက်ထက်မှာ ဘဏ္ဍာအခွန်က ချန်ပီယံဆု အကြိမ်ကြိမ်ဆွတ်ခူးခဲ့သည်။
ဘဏ္ဍာအခွန်အသင်းက အာရှကလပ်ချန်ပီယံအသင်းများ ချန်ပီယံပြိုင်ပွဲမှာ ဂျပန်ကလပ် ဂျူဘီလိုအိုင်ဝါတ၊ တရုတ်ကလပ် ဒါလီယန်း၊ ကိုရီးယားကလပ် ပိုဟန်စတီးလား စသည့် အာရှထိပ်တန်းကလပ်တွေနှင့်လည်း ကစားခဲ့ပြီး တရုတ်ဒါလီယန်းနှင့်ပွဲတွင် ဝင်းအောင်က အမြန်ဆုံး အဖွင့်ဂိုးကို သွင်းပေးခဲ့သည်။ အာရှကလပ်အသင်းများ ချန်ပီယံပြိုင်ပွဲက ခုခေတ် အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲဟု ဆိုနိုင်သည်။ ဟိုတုန်းက အာရှထိပ်တန်းကလပ်တွေနှင့် မြန်မာကလပ် ဘဏ္ဍာအခွန်တို့ သူတပြန် ကိုယ်တပြန် ကစားနိုင်ခဲ့ကြသည်။ ခုချိန်မှာတော့ အာရှချန်ပီယံလိဂ် Elite၊ အာရှချန်ပီယံလိဂ်-၂၊ AFC Challenge league ဆိုပြီး အဆင့်သုံးဆင့်ခွဲလိုက်ရာတွင် မြန်မာကလပ်တွေက ဟိုးအောက်ဆုံးအဆင့်မှာ အသင်းငယ်လေးတွေနှင့် ကစားနေရသည်။
ငွေခေတ်ဟု နှုတ်ကျိုးနေကြသည့် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်က ဘဏ္ဍာအခွန်လို မြန်မာအဆင့်မြင့်တန်းတွေက အဆင့်မီမီ အသင်းကောင်းတွေ ဖြစ်ခဲ့ကြသည်။ ယခုတော့ ငွေခေတ် ဘောလုံးသမားတွေလည်း တဖြည်းဖြည်းနှင့် လုံးပါးပါးလာခဲ့ပြီ။ မလွန်ဆန်နိုင်သော မရဏတရားကြောင့် တချို့မှာ လူ့လောကကို ကျောခိုင်းသွားခဲ့ကြပြီ။ တလောက အင်တာဗျူးတခုမှာ လက်ရွေးစင်ဂိုးသမားကြီး အောင်ကျော်ကျော်က သူနှင့် ဆီးဂိမ်းကစားဖော် ဘောလုံးသမား ၇ ဦး ကွယ်လွန်သွားပြီဟု ဆိုသည်။ မှတ်မိသလောက် စောဘမြင့်၊ စိုးနိုင်၊ ဆန်းဝင်း၊ မင်းဇော်ဦး၊ စိုင်းမောင်မောင်ဦးတို့ မရှိကြတော့။ ပြီးခဲ့သည့် ခြောက်လက တင်မြင့်အောင် ကွယ်လွန်ခဲ့သည်။ ယခု ဝင်းအောင် ကွယ်လွန်သွားခဲ့ပြန်ပြီ။
(မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝင်းအောင် ကောင်းမွန်ရာ ဘုံဘဝ ရောက်ရှိပါစေ..)











