DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဘောလုံး “ငွေခေတ်” တိုက်စစ်မှူးဟောင်း ဝင်းအောင်၏ နောက်ဆုံးခရီး
DVB
·
September 17, 2026
Photo: DVB
Photo: DVB
Donate to DVB

မြန်မာ့ဘောလုံး ငွေခေတ်ရဲ့ လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဝင်းအောင်ရဲ့ နာရေးကို စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပြီး မြန်မာဘောလုံးလောကသားတွေနဲ့ ပရိသတ်တွေ စည်ကားစွာ ပို့ဆောင်ခဲ့ကြပါတယ်။

မြန်မာ့ဘောလုံးလောကရဲ့ အမှတ်ရစရာ ခေတ်တခေတ်မှာ ခေါင်းတိုက်ဂိုးတွေနဲ့ ထင်ရှားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဝင်းအောင်ရဲ့ နောက်ဆုံးခရီး ဖြစ်ပါတယ်‌။

စက်တင်ဘာ ၁၃ ရက်မှာ ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဝင်းအောင်ရဲ့ နာရေးအခမ်းအနားကို စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ ရေဝေးသုသာန် ခန်းမဆောင်အသစ်မှာ ကျင်းပခဲ့ပါတယ်။

သူ့ရဲ့ နောက်ဆုံးခရီးကိုတော့ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ လိဂ်တာဝန်ရှိသူတွေ၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းတွေ၊ လက်ရှိမျိုးဆက်သစ် ဘောလုံးသမားတွေအပြင် မိသားစုဝင်တွေနဲ့ ပရိသတ်တွေပါ လာရောက်ပို့ဆောင်ခဲ့ကြပါတယ်။

သူဟာ ကွင်းထဲမှာ တိုက်စစ်မှူးတယောက်အဖြစ် ခေါင်းတိုက်ကောင်းပြီး တိုက်အားကောင်းတဲ့ ကစားသမား ဖြစ်ခဲ့သလို အသင်းဖော်တွေရဲ့ အမှတ်ရမှုမှာတော့ စိတ်ဓာတ်မာကြောပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားအဖြစ်လည်း ရှိနေပါတယ်။

သူ့ရဲ့ ကစားသမားဘဝမှာ စည်းကမ်းပိုင်းနဲ့ ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိခဲ့ပေမဲ့ ကွင်းထဲမှာတော့ သူ့ရဲ့ ယုံကြည်ချက်နဲ့ ကြိုးစားအားထုတ်မှုကို အသင်းဖော်တွေက အမှတ်ရနေကြပါတယ်။

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးဟောင်း မျိုးလှိုင်ဝင်းက “သူက စိတ်ဓာတ်မာကျောတယ်၊ ပရော်ဖက်ရှင်နယ်ဆန်တယ်။ ကျနော်တို့လည်း အဖြူစင်ကြီး မဟုတ်ဘူး။ ကစားသမားတိုင်းကတော့ အနည်းနဲ့အများ စည်းကမ်းကတော့ ရှိကြတာပဲလေ။ ဆိုတော့ သူတယောက်တည်း စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူး။ ကျနော်တို့တွေ ကျန်တဲ့သူတွေလည်း အများကြီး စည်းကမ်းဖောက်ဖျက်တာ၊ နည်းတာနဲ့ များတာပဲ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကွင်းထဲမှာ လုပ်ဆောင်တဲ့အားနဲ့ သူ့ရဲ့ခံယူချက်တွေ၊ သူ့ရဲ့ယုံကြည်ချက်တွေ ကျနော်တို့ထက် မာကျောပါတယ်” လို့ ပြောပါတယ်။

ကွယ်လွန်သူ ဦးဝင်းအောင်ဟာ ၁၉၈၅ ခုနှစ်မှာ မွန်ပြည်နယ် ကျောင်းသားလက်ရွေးစင်အဖြစ် ဘောလုံးလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ၁၉ နှစ်အောက် မွန်ပြည်နယ်လက်ရွေးစင်၊ ၁၉၈၇ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ လူကြီးလက်ရွေးစင်အဖြစ် ဆက်လက်ကစားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ မြန်မာ့လူငယ်လက်ရွေးစင်အဆင့်ကို ရောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။

၁၉၉၀ နဲ့ ၁၉၉၁ ခုနှစ်တွေမှာ စင်ကာပူကလပ်အသင်းတွေမှာ ကြေးစားကစားသမားအဖြစ် သွားရောက်ကစားခဲ့ပြီး ပြည်ပမှာပါ သူ့ရဲ့ ခေါင်းတိုက်ဂိုးသွင်းနိုင်စွမ်းနဲ့ နာမည်ရခဲ့သူ ဖြစ်ပါတယ်။

ပြည်တွင်းမှာတော့ ဆောက်လုပ်ရေးအသင်းနဲ့ ဘဏ္ဍာအခွန်အသင်းတို့မှာ ပါဝင်ကစားခဲ့ပြီး ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဘဏ္ဍာအခွန်အသင်းရဲ့ အောင်မြင်တဲ့ကာလမှာ အဓိက ကစားသမား တယောက်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဘောလုံးကစားသမားဟောင်း ဌေးလွင်က “ဝင်းအောင်နဲ့က ၈၅ ကျောင်းသားဒိုင်းမှာ သူက မွန်ပြည်နယ် ကစားတယ်၊ ကျနော်က ရန်ကုန်တိုင်း ကျောင်းသားကစားတယ်။ ဘောလုံးရသအနေနဲ့ သူက တိုးအား အရမ်းကောင်းတယ်။ ဘောလုံးတိုက်အား အရမ်းကောင်းတယ်။ အဲ့တော့ သူက ဂိုးရတဲ့အခွင့်အရေး တော်တော်များတယ်။ သူက ကြိုးစားလည်း အရမ်းကြိုးစားတယ်။ အရမ်းတော်တဲ့ ဘောလုံးသမားတယောက်ပါ။ ကျနော်တို့ သူငယ်ချင်းတွေထဲမှာ ဆုံးရှုံးစရာ ဖြစ်သွားတာပေါ့။ အရမ်းတော်တဲ့ ကိုယ်ကျင့်တရားရော၊ သူ့ရဲ့ ဘာသာရေးလိုက်စားမှု အရမ်းကောင်းတယ် ကျနော့်သူငယ်ချင်းက။ ကျနော့်သူငယ်ချင်း ဝမ်းနည်းတဲ့အကြောင်းပေါ့၊ ဝမ်းနည်းလို့လာတာ၊ ဒါလေးပါပဲ” လို့ ပြောပါတယ်။

ဦးဝင်းအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ဆီးဂိမ်း၊ တိုက်ဂါးဖလား၊ အာရှအားကစားပြိုင်ပွဲနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ် ၁၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ငွေတံဆိပ်ဆု ရယူပေးခဲ့သလို ၁၉၉၄ ခုနှစ် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာလည်း မြန်မာအသင်းနဲ့အတူ ပါဝင်ကစားခဲ့ပါတယ်။

အဲဒီပြိုင်ပွဲမှာ မြန်မာအသင်းနဲ့ ကာတာအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဦးဝင်းအောင်က ခေါင်းတိုက်ဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။

ခေါင်းတိုက်ဂိုး သွင်းယူနိုင်စွမ်းကတော့ သူ့ရဲ့ ကစားသမားဘဝတလျှောက် ထူးခြားတဲ့ အားသာချက်တခု ဖြစ်ခဲ့ပြီး စင်ကာပူကလပ်အသင်းတွေမှာ ကစားစဉ်ကလည်း အဲဒီကစားဟန်နဲ့ နာမည်ကျော်ခဲ့ပါတယ်။

ဘောလီဘောအားကစားသမားဟောင်း နေဝင်းက “သူနဲ့က သူငယ်ချင်းပေါ့။ သူနဲ့ ကျနော်နဲ့က ကျနော်က ကုန်သွယ်ရေးဆောင်၊ သူက ဆောက်လုပ်ရေးဆောင်ဆိုတော့ နီးနီးလေး။ ကန်တော်ကြီးမှာ၊ ဟိုတယ်မှာနေတာ။ သူနဲ့ ရွှေပုန်းညှက်မှာက အဲ့ဘေးမှာ အဆောင်ရှိတယ်လေ။ သူက ဆောက်လုပ်ရေးမှာ ကစားတာကို။ အဲဒီကနေ သူက ကာစတမ်ကို ပြောင်းသွားတာ။ သူနဲ့က ရင်းနှီးပါတယ်။ သူက နာမည်ကြီးတာကတော့ ခေါင်းတိုက်တာ စင်ကာပူမှာ နာမည်ကြီးပဲ။ ဖန်ဒီအာမက်နဲ့ ဝင်းအောင်နဲ့က စင်ကာပူမှာ နာမည်ကြီးပဲ။ အမှတ်တရကတော့ သူက ခေါင်းတိုက်တာကတော့ အာရှမှာ သူ့ကိုမီတယ်လို့ မရှိဘူးလို့ ထင်ရတာပေါ့၊ အကောင်းဆုံးပဲပေါ့” လို့ ပြောပါတယ်။

ဦးဝင်းအောင်ဟာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ကစားသမားဘဝကနေ အနားယူပြီးနောက်မှာလည်း လူငယ်ကစားသမားတွေကို ဘောလုံးပညာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ကစားသမားဘဝမှာ ပွဲထွက်ခွင့် အကန့်အသတ်တွေ ရှိခဲ့ပေမဲ့ ကွင်းထဲမှာ ပြသခဲ့တဲ့ တိုက်စစ်ကစားဟန်၊ ခေါင်းတိုက်ဂိုးသွင်းနိုင်စွမ်းနဲ့ ဘောလုံးအပေါ်ထားရှိတဲ့ စိတ်ဓာတ်တွေကတော့ သူနဲ့အတူ ကစားခဲ့သူတွေနဲ့ မြန်မာ့ဘောလုံးပရိသတ်တွေရဲ့ အမှတ်တရထဲမှာ ကျန်ရှိနေပါတယ်။

အသက် ၆၀ အရွယ်မှာ မြန်မာ့ဘောလုံးလောကကို နှုတ်ဆက်သွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ဦးဝင်းအောင်ရဲ့ နောက်ဆုံးခရီးကိုတော့ စက်တင်ဘာ ၁၅ ရက်မှာ ရေဝေးသုသာန်ကနေ ဘောလုံးလောကသားတွေနဲ့ ပရိသတ်တွေက နောက်ဆုံးအကြိမ် လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဇနီးနဲ့ သားသမီးနှစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013