
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ်၊ သင်္ချာပါမောက္ခ ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်း ၆ လပြည့်နဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၈ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်က သူ့ရဲ့နေအိမ်မှာ ဒေသစံတော်ချိန် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ဒေါက်တာစိန်ဝင်း ဈာပနအတွက် အများပြည်သူ လှူဒါန်းငွေထဲက ဒေါ်လာ ၂,၀၀၀ ကို မယ်ရီလန်းပြည်နယ်၊ မင်္ဂလာရာမကျောင်းတိုက် ဆွမ်းစားကျောင်းဆောင်သစ် တည်ဆောက်နိုင်ဖို့အတွက် ကျန်ရစ်သူ မိသားစုက ရေစက်ချ လှူဒါန်းခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ ဇနီး ဒေါ်စီစီသွယ်က "ဆရာ့ ၆ လပြည့်နဲ့ ရှစ်လေးလုံးအရေးတော်ပုံရက် ၂ ရက်ပဲကွာပြီး အချိန်ကိုက်နေတာကြောင့် တပြိုင်တည်း ပြုလုပ်ခဲ့တာပါ။ ဝိုင်းဝန်းကူညီကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။
အသက် ၈၃ နှစ်အရွယ် ဒေါက်တာစိန်ဝင်းဟာ ဖေဖော်ဝါရီ ၆ ရက်က မယ်ရီလန်းပြည်နယ်၊ Suburban ဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ။
ဒေါက်တာစိန်ဝင်းဟာ ရိုးသားမှု၊ ခေါင်းဆောင်ကောင်း၊ ဆရာကောင်းပီသမှုတွေကြောင့် နိုင်ငံတကာရောက် မြန်မာအသိုက်အဝန်းရဲ့ လေးစားချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒေါက်တာစိန်ဝင်းရဲ့ စျာပနနဲ့ အောက်မေ့ဖွယ်အခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်မှာ မယ်ရီလန်းပြည်နယ်၊ University of Maryland - UMD Memorial Chapel မှာ ကျင်းပခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ၁၉၆၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ သိပ္ပံဘွဲ့ရခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်က မဟာသိပ္ပံဘွဲ့နဲ့ ၁၉၇၉ ခုနှစ်မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်းဟာ ဒီမိုကရေစီအရေးမှာ အမြင်ကျယ်သူဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်းကို အားပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကို ၁၉၉၂ ခုနှစ်မှာ ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အထိ ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
သုတချမ်းသာ
Photo: ဆုမွန်၊ အတာလင်း










