Search Results For: တာလီဘန်
တာလီဘန်များနှင့်ဆွေးနွေးခဲ့သည့်သဘောတူညီချက် ပြန်သုံးသပ်မည်ဟု အိမ်ဖြူတော်ပြော
အမေရိကန်အစိုးရဟာ တာလီဘန်တွေနဲ့ မနှစ်က ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေး သဘော တူညီချက်ကို ပြန်သုံးသပ်မယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် စူလေဗန်က အာဖဂန် အကြံပေးကို တယ်လီဖုန်းနဲ့ ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။  တာလီဘန်တွေဟာ ကတိအတိုင်း အကြမ်းဖက် အုပ်စုတွေနဲ့ ဆက်ဆံရေး ဖြတ်တောက် တာ၊ အာဖဂန် နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက်မှု လျှော့ချတာနဲ့ အာဖဂန် အစိုးရနဲ့ တခြား ပတ်သက်သူတွေနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ညှိနှိုင်းတာတွေ လုပ်သလားဆိုတာ ပြန်လှန်သုံးသပ်မယ်လို့ ဆူလေဗန်က အာဖဂန် အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ်ဘ်ကို ပြောပါတယ်။  အမေရိကန်နဲ့ တာလီဘန်တို့ ၂၀၂၀ ဖေဖော်ဝါရီမှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ အကြမ်းဖက်မှု တုံ့ပြန်ရေး အာမခံချက်တွေနဲ့ ဖလှယ်ဖို့ အမေရိကန် တပ်တွေဟာ ၂၀၂၁ မေလမှာ အာဖဂန် နစ္စတန် နိုင်ငံထဲကနေ ထွက်ခွာရမှာပါ။  အရင်အပတ်က အာဖဂန်မှာ အမေရိကန်စစ်သည် အင်အား ၂၅၀၀ သာ ကျန်ပြီး ဒါဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမေရိကန် စစ်သည် အင်အား အနည်းဆုံး အဆင့်လည်း ဖြစ်ပါတယ်။  ဒါပေမဲ့ အာဖဂန်မှာ အကြမ်းဖက်မှု ပိုတိုးလာနေပြီး အာဖဂန် အစိုးရနဲ့ တာလီဘန်တွေကြား အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာက ဆော်သြခဲ့ရပါတယ်။  နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေ ဒီလအစောပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယကျော့ ပထမပိုင်းကို ကျင်းပခဲ့ပါတယ်။  ဒီအစည်းအဝေးကနေ အပစ်အခတ် ရပ်စဲရေးနဲ့ အာဏာခွဲဝေရေး ဆွေးနွေးကြမယ်လို့ ထင်ကြေးပေးထားပါတယ်။
5 months Ago
အာဖဂန်ငြိမ်းချမ်းရေးအတွက် တာလီဘန်အဖွဲ့ ပါကစ္စတန် လာရောက်
တာလီဘန်ကိုယ်စားလှယ်တဖွဲ့ဟာ ပါကစ္စတန်နိုင်ငံရဲ့ မြို့တော်ကို ဒီဇင်ဘာ ၁၆ ရက်က ၃ ရက်ကြာလာရောက်ပြီး အာဖဂန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ နှစ်ဘက်စလုံးက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်နားထားချိန်မှာ ညှိနှိုင်းအကြံယူတာတွေ ဆက်လုပ်နေ ဆဲပါ။  တာလီဘန် စစ်သွေးကြွအုပ်စုရဲ့ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင် မူလာ အဗ်ဒူ ဂါနီ ဘာရာဒါ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကူရေးရှီးနဲ့ နိုင်ငံခြားရေးရုံးမှာ တွေ့ဆုံပါတယ်။ သူတို့ဟာ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အမ်ရမ်ခန်းနဲ့လည်း တွေ့ဆုံမယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။  သူတို့ ခေါင်းဆောင်တွေ အချင်းချင်းလည်း ပါကစ္စတန်နိုင်ငံထဲမှာ အစည်းအဝေး ကျင်းပလိမ့်မယ်လို့ ဒိုဟာမြို့က တာလီဘန်နိုင်ငံရေးသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။  တာလီဘန်တွေဟာ အစ္စလာမ်မာဘတ်မြို့ကို သြဂုတ်လက လာရောက် ခဲ့ပါသေးတယ်။ အဲဒီနောက် အာဖဂန်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒိုဟာမြို့မှာ စတင် ကျင်းပခဲ့ပါတယ်။  အမေရိကန်အစိုးရကတော့ အာဖဂန်နစ္စတန် နိုင်ငံထဲက သူ့တပ်တွေ ပြန်ဆုတ်ခွာချိန်မှာ နိုင်ငံရေးအခြေကျဖို့ တွန်းအားပေးနေပါတယ်။
6 months Ago
တာလီဘန် အကျဉ်းသား ၅၀၀ ပြန်လွှတ်ပေးရန် အာဖဂန်သမ္မတ အမိန့်ထုတ်
အာဖဂန်နစ္စတန် သမ္မတအာရှရက်ဖ်ဂါနီဟာ မွတ်စလင်တို့ရဲ့ အထွတ်မြတ်ဆုံး ပွဲတော်ဖြစ်တဲ့ အိဒ်အယ်လ်အဒ်ဟာ ပွဲတော်ကို သမ္မတ နန်းတော်မှာ ဇူလိုင် ၃၁ ရက်က တက်ရောက်ခဲ့ပါတယ်။  တာလီဘန်တွေက ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး ကြေညာအပြီးမှာ သမ္မတက နိုင်ငံတွင်း လတ်တလော တိုက်ခိုက်မှုတွေကို ပြစ်တင်ရှုံ့ချခဲ့ပြီး တာလီဘန် အကျဉ်းသား အယောက် ၅၀၀ ကို ပြန်လွှတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး မကြေညာခင် ဇူလိုင် ၃၀ က အာဖဂန် အရှေ့ပိုင်း ကားဗုံးခွဲမှုအတွင်း အာဖဂန် လုံခြုံရေး အရာရှိတွေ အပါအဝင် လူ ၁၈ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ သမ္မတ နန်းတော်ရဲ့ အပြင်ဘက်မှာ ကဘူးလ်ဒေသခံတွေက အိဒ်ပွဲတော်မှာ စွန့်လွှတ်မယ့် မွေးမြူရေး တိရစ္ဆာန်တွေ ရောင်းတဲ့ဈေးကို ဖန်တီးစုရုံးခဲ့ပြီး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မျှော်လင့်နေပါတယ်။
11 months Ago
အာဖဂန်နစ္စတန် အစိုးရရုံးဝင်းအတွင်း တာလီဘန် ပစ်ခတ်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံး
အာဖဂန်နစ္စတန် မြောက်ပိုင်းအစိုးရ ရုံးဝင်းတစ်ခုမှာ တာလီဘန်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ကြပြီး ၁၀ ယောက်ထက်မနည်း သေဆုံးကာ အရပ်သားတွေ အပါအဝင် ၅၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဆာမန်ဂန်ပြည်နယ်ရဲ့ မြို့တော် အိုင်းဘတ်က အစိုးရရုံးတစ်ခုမှာ ကားဗုံးပေါက်ကွဲပြီးနောက် တိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ထောက်လှမ်းရေးအေဂျင်စီက ပြောပါတယ်။  ဒီတိုက်ခိုက်မှုကို တာလီဘန်တွေက သူတို့လက်ချက် ဖြစ်တယ်လို့ ကြေညာခဲ့သလို တိုက်ခိုက်မှုဟာ အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့ ထိရှလွယ်ကာလမှာ ဖြစ်ပေါ်ခဲ့တာပါ။  အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုက အစိုးရနဲ့ စစ်သွေးကြွတွေအကြား ဆွေးနွေးမှုတွေကို နှောင့်နှေးကြန့်ကြာစေပါတယ်။   တာလီဘန်တွေ တောင်းဆိုထားတဲ့ အကျဉ်းသားပေါင်း  ၅,၀၀၀ အထဲကနေ  အကျဉ်းသား ၆၀၀ ကိုလွှတ်ပေးရေးနဲ့ပတ်သက်ပြီး အစိုးရနဲ့ စစ်သွေးကြွတွေအကြား သဘောကွဲလွဲတာကြောင့် ဆွေးနွေးပွဲတွေ မစနိုင်သေးဘူးလို့ ရိုက်တာသတင်းမှာ  ဖော်ပြပါတယ်။
11 months Ago
တာလီဘန်အကျဉ်းသား  ၉၀၀ ကို အာဖဂန်အစိုးရ လွှတ်ပေးမည် 
အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် တာလီဘန်အကျဉ်းသား  အယောက် ၉၀၀ ကို လွှတ်ပေးမယ်လို့ အာဖဂန်နစ္စတန် အစိုးရက မေ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။   ဖေဖော်ဝါရီလတုန်းက ဒိုဟာမြို့မှာ တာလီဘန်နဲ့ အမေရိကန်တို့အကြား သဘောတူခဲ့တဲ့ အကျဉ်းသား လဲလှယ်မှု အစီအစဉ်အရ အခုလို လွှတ်ပေးတာဖြစ်ပါတယ်။ ဒါဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ အားလုံးပါဝင်တဲ့ အာဖဂန်ကိုယ်စားလှယ်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ကနဦး ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်ပွဲတော်အတွက်  တာလီဘန်တို့က ၃ ရက်ကြာ အပစ်ရပ်ဖို့ ကြေညာခဲ့ပြီး  အဲဒီကြေညာချက်ကို အာဖဂန်နဲ့ အမေရိကန် အစိုးရ နှစ်ရပ်စလုံးက ကြိုဆိုခဲ့ပါတယ်။  တာဘီဘန်တွေအနေနဲ့ အပစ်ရပ်ကာလ သက်တမ်းထပ်တိုးဖို့ ဆန္ဒရှိလားဆိုတာကိုတော့ မပြောသေးပါဘူး။  ဒိုဟာသဘောတူညီချက်အရ တာလီဘန်အကျဉ်းသား ၅၀၀၀ လွှတ်ပေးမှာ ဖြစ်ပြီး တာလီဘန်တို့ကလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
အီးဒ်ပွဲတော်ကာလ အာဖန်ဂန်အစိုးရနှင့် အပစ်ရပ်မည်ဟု တာလီဘန်ကြေညာ
မေလ ၂၄ ရက်မှာစတင်တဲ့ မွတ်စလင်တို့ရဲ့ အိးဒ်ပွဲတော်ကာလ သုံးရက်မှာ အာဖဂန်နစ္စတန် အစိုးရနဲ့ တာလီဘန်တပ်ဖွဲ့တို့ကြား သုံးရက်ကြာ အပစ်အခတ်ရပ်စဲမယ်လို့ တာလီဘန်အဖွဲ့က ကြေညာလိုက်ပါတယ်။  မေလ ၂၄ ရက်မှာ တာလီဘန်အဖွဲ့က ဒီလိုထုတ်ပြန်တာကို အာဖဂန်သမ္မတ အာရှ်ရက်ဖ်ဂန်နီကလည်း ကြိုဆိုတယ်လို့ ပြောပြီး အပစ်အခတ်ရပ်စဲရေး သတ်မှတ်ချက်ကို အစိုးရ စစ်တပ်တွေကို လိုက်နာစေရမယ်လို့လည်း ပြောပါတယ်။  ဒါ့အပြင် သမ္မတက တာလီဘန်အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးကိစ္စကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  အာဖဂန်အစိုးရနဲ့ တာလီဘန်တပ်ဖွဲ့တို့ကြား ငြိမ်းချမ်းရေးကိစ္စဟာ အကျဉ်းသား လဲလှယ်ရေး ကိစ္စတွေကြောင့် နှောင့်နှေးနေခဲ့ပြီး ပြီးခဲ့တဲ့ အပတ်တွေအတွင်း အစိုးရတပ်တွေ တိုက်ခိုက်ခံရ တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
1 year Ago
အာဖဂန်နစ္စတန်တောင်ပိုင်းတွင်  တာလီဘန်ဗုံးခွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေ
အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို မေလ ၄ ရက်က ဆေးကုဖို့ ဆေးရုံတင်ခဲ့ရပါတယ်။  နိုင်ငံတောင်ပိုင်း ဟဲလ်မဲန်းဒ်ခရိုင်မှာ ကုန်ကားကို ဗုံးခွဲတိုက်ခိုက်လို့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၅ ယောက် သေဆုံးတယ်လို့ အာဖဂန် အရာရှိတယောက်က ပြောပါတယ်။ မေလ ၃ ရက် ညနေပိုင်းက အာဖဂန်စစ်တပ်နဲ့ ထောက်လှမ်းရေးတပ်သား အယောက် ၁၅၀ ထက်မနည်း စခန်းချရာ စစ်စခန်းကို တိုက်ခိုက်ခံခဲ့ရတယ်လို့ တာလီဘန်တွေနဲ့ အာဖဂန် အစိုးရအရာရှိတွေက ပြောပါတယ်။ တာလီဘန်တွေက ဒါဟာ သူတို့လက်ချက်လို့ အခိုင်အမာ ကြေညာပါတယ်။ နိုင်ငံလုံးဆိုင်ရာလုံခြုံရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ စစ်တပ် တပ်ဖွဲ့ဝင်တို့ စခန်းနားမှာ စစ်သွေးကြွတွေက ကုန်ကားတစီးကို ဗုံးခွဲခဲ့တာလို့ တိုက်ပွဲမှာ ရှင်သန်ခဲ့သူ ထောက်လှမ်းရေး အရာရှိက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ တနင်္ဂနွေညက ပေါက်ကွဲမှုကနေ အလောင်း ၁၈လောင်း ဆွဲထုတ်ရာမှာ ကူညီခဲ့တယ်လို့ည်း သူက ပြောပါတယ်။ အာဖဂန်အစိုးရတပ်တွေဟာ ကျန်ခဲ့တဲ့ ၂ လအတွင်း နိုင်ငံတဝန်း အကြမ်းဖက်မှုတွေကြောင့် အသေအပျောက် များခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလက လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်နဲ့ တာလီဘန်တွေ အကြားက ငြိမ်းချမ်းရေး သဘောတူညီချက်အတွက်  ခြိမ်းခြောက်မှု ဖြစ်ခဲ့ပါတယ်။ 
1 year Ago
အာဖဂန်တွင် ၄၅ ရက်အတွင်း တာလီဘန်တပ်ဖွဲ့၏ တိုက်ခိုက်မှု အကြိမ်ရေ ၄၅၀၀ ကျော်ရှိ
အမေရိကန်အစိုးရနဲ့ သဘောတူစာချုပ် စာချုပ် ချုပ်ဆိုထားတဲ့ ၄၅ ရက်အတွင်း အာဖဂန်မှာ တာလီဘန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဟာ အကြိမ်ရေ ၄၅၀၀ ကျော်ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မတ်လ ၁ ရက်နေ့နဲ့ ဧပြီ ၁၅ ရက်အတွင်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုဟာ မနှစ်က ဒီလိုအချိန်ထက်စာရင် ၇၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။   အဲဒီကာလအတွင်းမှာပဲ အာဖဂန်ဒေသဆိုင်ရာနဲ့ အမျိုးသားတပ်ဖွဲ့ဝင်  ၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။   အဲဒီမတိုင်ခင်  တနှစ်က အာဖဂန် တပ်ဖွဲ့ဝင် အယောက် ၅၂၀ လောက်သာ သေဆုံးခဲ့တာမို့  သေဆုံးသူ တပ်ဖွဲ့ဝင် အရေအတွက် မြင့်တက်ခဲ့ပါတယ်။ ဒီကာလအတွင်း တာလီဘန်တပ်ဖွဲ့ဝင်တွေ သေဆုံးမှုက အယောက် ၆၁၀  ရှိခဲ့ပါတယ်။  အာဖဂန်မှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ကပ်ဘေးအတွင်း လူသေဆုံးမှုအများဆုံးပြည်နယ် ၄ ခုမှာလည်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုက မြင့်တက်နေပါတယ်။  အာဖဂန်နစ္စတန်နိုင်ငံဟာ မေလ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၂၃၃၅ ဦးနဲ့ သေဆုံးသူ ၆၈ ဦး ရှိထားတယ်လို့ သိရပါတယ်။
1 year Ago
တာလီဘန်အကျဉ်းသား ၁၀၀ ကို အာဖဂန်အစိုးရ ပြန်လွှတ်
အာဖဂန်အကျဉ်းသားအပြန်အလှန်လဲလှယ်ရေး ဆွေးနွေးပွဲကနေ တာလီဘန်တွေ နုတ်ထွက်သွားပေမယ့်  အာဖဂန်အစိုးရက ဧပြီ ၈ ရက်မှာ တာလီဘန်အကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးလိုက်ပါတယ်။    အာဖဂန်ငြိမ်းချမ်းရေး ကြိုးပမ်းချက်အဖြစ်  အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ အသက်အရွယ်နဲ့  လက်ကျန်ပြစ်ဒဏ်ကာလ ပေါ်မူတည်ပြီး အစိုးရက အကျဉ်းသားတွေကို လွှတ်ပေးတာလို့ အာဖဂန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်က  ပြောပါတယ်။    အာဖဂန်အမျိုးသားလုံခြုံရေးကောင်စီဟာ အာဖဂန်ငြိမ်းချမ်ရေးအတွက် တာလီဘန်တွေနဲ့ စေ့စပ်ညှိနှိုင်းနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။  အကျဉ်းသားလွှတ်ပေးရေးနဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲတာတွေက အမေရိကန် ကြားဝင်ဆောက်ရွက်တဲ့ အာဖဂန်ငြိမ်းချမ်းရေး ကြိုးပမ်းချက်ကို ရှုပ်ထွေးနေစေပါတယ်။   ဖေဖော်ဝါရီလက အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တာလီဘန်ကိုယ်စားလှယ်တွေအကြား ရခဲ့တဲ့ သဘောတူညီချက်ဟာ အာဖဂန်အရေးမှာ အမေရိကန်စစ်ဘက်ပါဝင်မှုကို လျှော့ချမယ့် အကောင်းဆုံး အခွင့်အလမ်းဖြစ်ပါတယ်။  အကျဉ်းသားလဲလှယ်ရေးဟာ အာဖဂန်အစိုးရနဲ့ စစ်သွေးကြတွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ယုံကြည်မှု တည်ဆောက်ဖို့ အရေးပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
အာဖဂန် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တာလီဘန် နုတ်ထွက်
အာဖဂန် ငြိမ်းချမ်းရေးကို ဦးတည်တဲ့ သမိုင်းဝင်ဆွေးနွေးပွဲကနေ တာလီဘန်တွေ နုတ်ထွက်သွားတယ်လို့ ဧပြီ ၇ ရက် ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အာဖဂန်အစိုးရနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးပွဲတွေဟာ အရာမထင်ဘူးလို့ ပြောပါတယ်။ အမေရိကန်နဲ့ တာလီဘန်တွေအကြား အကျဉ်းသား လဲလှယ်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးပွဲ ပျက်ခဲ့တာပါ။ ဒီဆွေးနွေးပွဲဟာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး ခြေလှမ်းတရပ် ဖြစ်ပေမဲ့ တာလီဘန်တွေကတော့ အာဖဂန် တာဝန်ရှိသူတွေဟာ အကျဉ်းသားလွှတ်ရေးကို ကြန့်ကြာအောင် လုပ်နေတယ်လို့ ပြောဆိုသလို အာဖဂန်အရာရှိတွေကလည်း တာလီဘန်တွေရဲ့ တောင်းဆိုချက်ဟာ ကြောင်းကျိုးမညီဘူးလို့ ပြောပါတယ်။  အာဖဂန် အစိုးရညှိနှိုင်းရေးအဖွဲ့ဝင်တဦး ပြောဆိုချက်အရ တာလီဘန်တွေဟာ တိုက်ခိုက်မှုကြီးတွေမှာ ပါဝင်ပတ်သက်တဲ့ တပ်မှူး ၁၅ ယောက်ကို လွှတ်ပေးစေလိုတယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့ဝင်ကလည်း အာဖဂန်ပြည်သူတွေကို သတ်ဖြတ်နေတဲ့လူတွေကို လွှတ်ပေးလို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း အာဖဂန်အစိုးရဟာ အကျဉ်းသားလွှတ်ရေးကို အကြောင်းတခုပြီးတစ်ခု ပြကာ ကြန့်ကြာနေအောင် လုပ်နေတယ်လို့ စွပ်စွဲပါတယ်။   အာဖဂန်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို လျှော့ချပေးရင် အပြန်အလှန်အနေနဲ့ အန္တရာယ် သိပ်မရှိတဲ့ တာလီဘန် အကျဉ်းသား  ၄၀၀ အထိ လွှတ်ပေးဖို့ ဆန္ဒရှိတယ်ဆိုပြီး အာဖဂန်အစိုးရက ပြောထားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
အာဖဂန်နှင့် တာလီဘန် ပဋိပက္ခ ပြေလည်ရန်မရှိဟု လေ့လာသူများ သုံးသပ်
အာဖဂန်နစ္စတန်အစိုးရနဲ့ တာလီဘန်တပ်ဖွဲ့တို့ဟာ စားပွဲဝိုင်းထိုင် စေ့စပ်ရေးလုပ်ဖို့ ကြိုးစားနေပေမယ့် နှစ်ဖက်ကြားက ပဋိပက္ခတွေက ပြေလည်ဖို့မရှိကြောင်း နိုင်ငံရေးဆန်းစစ်သူ တဦးက စီစီတီဗွီကို ပြောကြားပါတယ်။  တာလီဘန်တွေဟာ မကြာမီကပဲ အာဖဂန်ရဲ့ ပြည်နယ် ၃၂ ခုက တဝက်လောက်မှာ  လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက် လုပ်ကြံတာတွေ လုပ်ခဲ့ပါတယ်။ အချို့ဆန်းစစ်သူတွေကတော့ အစိုးရဘက်ကနေ တာလီဘန် အကျဉ်းသားငါးထောင်ကို ပြန်လွှတ်ပေးဖို့ နှောင့်နှေးနေတာဟာလည်း တာလီဘန်တပ်ဖွဲ့အတွင်း အမြင်ကွဲပြားမှုတွေ ဖြစ်စေသလို၊ ပဋိပက္ခကိုလည်း တိုးမြင့်စေတယ်လို့ ဆိုပါတယ်။  အမေရိကန်ရဲ့ အာဖဂန် ပြည်တွင်းရေး ဝင်စွက်မှုကလည်း အခြေအနေကို ရှုပ်ထွေးစေတယ်လို့ နိုင်ငံရေးဆန်းစစ်သူ အဇစ်ရာဖီအီးက ပြောပါတယ်။ အမေရိကန်ဟာ တာလီဘန်တပ်ဖွဲ့နဲ့ ဖေဖော်ဝါရီ ၂၉ ရက် မှာ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုထားပေမဲ့ စာချုပ်မှာ အာဖဂန်အစိုးရ မပါဝင်လို့ အမေရိကန်က တာလီဘန်တွေကို ပေးထားတဲ့ ကတိကဝတ်တွေ တော်တော်များများကိုလည်း အာဖဂန်အစိုးရဘက်က မလိုက်နာတာတွေ ရှိနေတယ်လို့ သိရပါတယ်။  ဒီအတွင်း အာဖဂန်အစိုးရနဲ့ အမေရိကန်တို့ ပူးတွဲကြညာချက်တရပ် လက်မှတ်ရေးထိုးထားပေမယ့် ကြေညာချက်က တာလီဘန်တွေနဲ့ ချုပ်ထားတဲ့ စာချုပ်နဲ့ မတူ ကွဲပြားနေတယ်လို့လည်း ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
အာဖဂန်ငြိမ်းချမ်းရေးသဘောတူညီချက်အရ တာလီဘန်အကျဉ်းသား ၁၅၀၀ ပြန်လွှတ်မည်
အာဖဂန်ငြိမ်းချမ်းရေးသဘောတူညီချက် တစိတ်တပိုင်းအနေနဲ့ တာလီဘန်အကျဉ်းသား ၁,၅၀၀ ကို လွှတ်ပေးဖို့ သမ္မတ အာရှက်ဖ်ဂါနီက မတ်လ ၁၁ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။  အပြန်အလှန်အနေနဲ့ အစိုးရတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ပြန်လွှတ်ဖို့လည်း တာလီဘန်တွေက သဘောတူထားပါတယ်။  အာဖဂန်က အမေရိကန်တပ်ဖွဲ့တွေ စတင်ရုပ်သိမ်းချိန်မှာ အခုလို အကျဉ်းသားလဲလှယ်တာလည်း ဖြစ်ပါတယ်။  သမ္မတ ဂါနီ လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်အရ တနေ့ကို တာလီဘန် အကျဉ်းသား အယောက် ၁၀၀ စီနဲ့ ၁၅ ရက်အတွင်း အကျဉ်းသားအယောက် ၁၅၀၀ ကို လွှတ်ပေးသွားမှာပါ။  အကျဉ်းသားလဲလှယ်တာနဲ့အတူ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေအကြား ဆွေးနွေးပွဲတွေ လုပ်သွားမှာပါ။  တကယ်လို့ ဆွေးနွေးပွဲ အောင်မြင်ရင် သီတင်းနှစ်ပတ်တိုင်း နောက်ထပ် အကျဉ်း ၅၀၀ စီနဲ့ စုစုပေါင်းတာလီဘန်အကျဉ်းသား ၅၀၀၀ အထိ လွှတ်ပေးသွားမယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။  အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီဟာ မတ်လ ၉ ရက်က ဒုတိယသမ္မတသက်တမ်းအတွက် ကျမ်းသစ္စာဆိုခဲ့ပါတယ်။  
1 year Ago
အကြမ်းဖက်မှုများ လျှော့ချရန် တာလီဘန်များကို အမေရိကန် သတိပေး
သူပုန်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်နှုန်း မြင့်မားမှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုကို အထောက်အကူပြုမှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက တာလီဘန်တွေကို မတ် ၁၀ ရက်မှာ သတိပေးလိုက်ပါတယ်။ အာဖဂန်နစ္စတန်ရဲ့ ၁၈ နှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် ဦးဆောင်တဲ့ တွန်းအားပေးမှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကျောထောက်နောက်ခံ ပေးထားတာပါ။ ဆယ်စုနှစ်ချီ ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ အဆုံးသတ်ရေး အာဖဂန် အစိုးရ ကိုယ်စားလှယ်တွေနဲ့ သူပုန်တွေအကြား ဆွေးနွေးပွဲတွေ ပြန်စဖို့၊ တာလီဘန်တွေက ကတိတည်ခဲ့ရင် အမေရိကန် ဦးဆောင်တဲ့ နိုင်ငံခြားတပ်တွေ အသုတ်လိုက် ပြန်ဆုတ်ခွာမယ့် သဘောတူညီချက်ကို အရင်လက အမေရိကန်နဲ့ တာလီဘန်တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ချယ်ရစ်နော်မန်ချာလတ်က  “အဓိကစစ်စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက်မှု ရပ်တန့်ဖို့ တာလီဘန်တွေ ခြေလှမ်း လှမ်းခဲ့တယ်ဆိုတာ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ”ဒါပေမဲ့ ပိုလုပ်ဖို့လည်း လိုအပ်တယ်။ အာဖဂန်ပြည်တွင်း ညှိနှိုင်းဆွေးနွေးဖို့၊ ငြိမ်းချမ်းရေး အခွင့်အလမ်းတွေ အောင်မြင်ဖို့၊ ကျေးလက်ဒေသတွေမှာ အာဖဂန်တပ်တွေအပေါ် အကြမ်းဖက်မှု လျှော့ချဖို့ ကျနော်တို့က တာလီဘန်တွေကို တိုက်တွန်းတယ်”လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောပါတယ်။ အာဖဂန်နစ္စတန်အရေး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း အတည်ပြုအပြီးမှာ သူက ပြောတာပါ။ တာလီဘန်တွေနဲ့ရော အာဖဂန်အစိုးရနဲ့ပါ အမေရိကန်က သဘောတူခဲ့တဲ့ အချက်တွေဟာ အာဖဂန်ပြည်တွင်း ညှိနှိုင်းဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထားပြီး စစ်ပွဲ အဆုံးသတ်ရေး သိသာတဲ့ ခြေလှမ်းတွေဖြစ်လို့ ကုလ ဆုံးဖြတ်ချက်က ကြိုဆိုပါတယ်။ အမျိုးသမီးတွေ လူငယ်တွေနဲ့ လူနည်းစု အုပ်စုတွေ ပါဝင်နိုင်ရေး အရေးပါမှုကို လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်က အာရုံစိုက်ထားပြီး ဘယ်လို နိုင်ငံရေးကျေအေးမှုကမဆို သူတို့ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတာ သေချာစေဖို့ အာရုံစိုက်ထားပါတယ်။ အာဖဂန် ငြိမ်းချမ်းရေးသဘောတူညီချက် တစိတ်တပိုင်းအနေနဲ့ တာလီဘန် အကျဉ်းသား ၁,၅၀၀ ကို ပြန် လွှတ်ပေးဖို့ သမ္မတ အာရှက်ဖ်ဂါနီက မတ် ၁၁ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ အပြန်အလှန်အနေနဲ့ အစိုးရတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် ပြန်လွှတ်ဖို့လည်း တာလီဘန်တွေက သဘောတူထားပါတယ်။ အာဖဂန်က အမေရိကန်တပ်ဖွဲ့တွေ စတင်ရုပ်သိမ်းချိန်မှာ အခုလို အကျဉ်းသား လဲလှယ်တာလည်း ဖြစ်ပါတယ်။  သမ္မတဂါနီ လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်အရ တနေ့ကို တာလီဘန် အကျဉ်းသား အယောက် ၁၀၀ စီနဲ့ ၁၅ ရက်အတွင်း အကျဉ်းသား အယောက် ၁,၅၀၀ ကို လွှတ်ပေးသွားမှာပါ။ အကျဉ်းသားလဲလှယ်တာနဲ့အတူ အာဖဂန်အစိုးရနဲ့ တာလီဘန်တွေအကြား ဆွေးနွေးပွဲတွေ လုပ်သွားမှာပါ။  တကယ်လို့ ဆွေးနွေးပွဲ အောင်မြင်ရင် သီတင်းနှစ်ပတ်တိုင်း နောက်ထပ် အကျဉ်းသား ၅၀၀ စီနဲ့ စုစုပေါင်း တာလီဘန်အကျဉ်းသား ၅,၀၀၀ လွှတ်ပေးသွားမယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အာဖဂန်သမ္မတ အာရှက်ဖ်ဂါနီဟာ မတ် ၉ ရက်နေ့က ဒုတိယသမ္မတ သက်တမ်းအတွက် ကျမ်းသစ္စာဆိုခဲ့ပါတယ်။
1 year Ago
တာလီဘန်အကျဉ်းသား ၅၀၀၀ ပြန်လွှတ်ပေးရေး အာဖဂန်သမ္မတ ပယ်ချ
အမေရိကန်နဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကြားက သဘောတူညီချက်မှာပါဝင်နေတဲ့ တာလီဘန်အကျဉ်းသား ၅၀၀၀ ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ စာသားကို အာဖဂန်နစ္စတန် သမ္မတ အာ့ရှ်ရက်ဖှ်ဂါနီက ပယ်ချလိုက်ပါတယ်။  “ဒီလို လွှတ်ပေးရမယ်ဆိုတဲ့ ကတိကဝတ်လည်း မရှိဘူး၊ ဒါဟာ အာဖဂန်အစိုးရနဲ့ အရပ်သား ပြည်သူတွေကသာလျှင် တရားဝင် အကြွင်းမဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ကိစ္စ ဖြစ်တယ်လို့  အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာအမေရိကန် အထူးသံတမန် မစ္စတာ ဇာလ်မေးခါလီဇဒ်ကိုလည်း အကြိမ်ကြိမ်အခါခါ ပွင့်ပွင့်လင်းလင်း ပြောထားပြီးသား” လို့ သမ္မတ ဂါနီက မတ် ၁ ရက် တနင်္ဂနွေနေ့မှာပဲ ကဘူးလ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။   အမေရိကန်ပြည်ထောင်စုရဲ့အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး ဆွေးနွေးမှုတွေကို စတင်ဖို့ ကာတာနိုင်ငံမှာ သဘောတူလက်မှတ်ရေးထိုးပြီး နောက်တနေ့မှာပဲ ခုလို ပြောတာပါ။  ဒီသဘောတူညီချက်ကို အမေရိကန်အထူးသံတမန် ဇာလ်မေ ခါလီဇဒ်နဲ့ တာလီဘန် နိုင်ငံရေး အကြီးအကဲ မူလာအဗ္ဗဒလ်ဂါနီဘာရဒါတို့က ဖေဖော်ဝါရီ ၂၉ စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။  သဘောတူစာချုပ်ထဲမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တွေဟာ  နှစ်ဦး နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ အတည်ပြုထောက်ခံမှုတွေနဲ့ ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်ချက်အဖြစ် သုံ့ပန်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကို အမြန်လုပ်ဆောင်ကြဖို့ ကတိရှိထားကြတာပါ။   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဒီသဘောတူညီချက်အပေါ် ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး သိပ်မကြာခင်မှာ တာလီဘန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။  ဂါနီဘက်က လူတွေကတော့ တာလီဘန်တွေနဲ့ တွေ့ဆုံမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံထဲကနေ အမေရိကန်တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းခါနီးချိန်မှာမှ အာဖဂန်အစိုးရအတွက် စိန်ခေါ်မှုတရပ် ဖြစ်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။  သဘောတူညီချက်အရ လက်မှတ်ရေးထိုးပြီး ၁၃၅ ရက်အတွင်း အမေရိကန်စစ်သည် အင်အား တသောင်းသုံးထောင်ကနေ ရှစ်ထောင့်ခြောက်ရာထိ လျှော့ချလိုက်ဖို့ ဝါရှင်တန်အစိုးရက ကတိပြုထားပါတယ်။ 
1 year Ago
အမေရိကန်နှင့်တာလီဘန်ကြား ၁၈ နှစ်ကြာစစ်ပွဲ အဆုံးသတ်
၁၈ နှစ်ကြာစစ်ပွဲတွေဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်သူပုန်အဖွဲ့ကြား သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူစာချုပ်တရပ်ကို ကာတာနိုင်ငံ ဒိုဟာမြို့မှာ ဖေဖော်ဝါရီ ၂၉ ရက် က  လက်မှတ်ထိုးလိုက်ပါတယ်။ အမေရိကန်အနေနဲ့ လာမယ့် ၃ လကနေ ၄ လအတွင်းမှာ တပ်ဖွဲ့ဝင်အင်အားကို ၁၃၀၀၀ ကနေ ၈၆၀၀ အထိ လျှော့ချသွားမှာဖြစ်ပြီး ကျန်တဲ့တပ်ဖွဲ့ဝင်အားလုံးကိုတော့ ၁၄ လအတွင်း ပြန်ရုပ်သိမ်းမှာဖြစ်ပါတယ်။ အမေရိကန်တပ်တွေ အာဖဂန်ကနေ လုံးဝရုပ်သိမ်းဖို့ ကိစ္စကတော့ တာလီဘန်တွေအနေနဲ့ အကြမ်းဖက်ဝါဒ မဖြစ်အောင် ဘယ်လောက်အထိ ကာကွယ်သွားမလဲဆိုတဲ့အပေါ်မှာ မူတည်မှာ ဖြစ်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။  အမေရိကန်နဲ့တာလီဘန်တို့ကြားမှာ ငြိမ်းချမ်းရေးသဘောတူညီမှု ရလိုက်တဲ့အတွက် အမေရိကန်အနေနဲ့ အာဖဂန်အစိုးရကို ပစ်ပယ်ထားသွားမှာမဟုတ်ဘဲ လိုအပ်တဲ့ အကူအညီတွေကို ပေးသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။  အာဖဂန်တာလီဘန်ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်တွေ့ဆုံသွားမယ်လို့လည်း  အမေရိကန် သမ္မတ က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 
1 year Ago
နိုဘယ်ဆုရှင် မာလာလာကို သေနတ်နှင့်ပစ်ခဲ့သူ တာလီဘန်ခေါင်းဆောင် ထောင်မှ လွတ်မြောက်
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာလာလာကို သေနတ်နဲ့ပစ်ခဲ့တဲ့ တာလီဘန် ခေါင်းဆောင် အက်ဆန်နူလာအက်ဆန်ဟာ အကျဉ်းထောင်ကနေ လွတ်မြောက်သွားပြီလို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက အတည်ပြုပါတယ်။ တာလီဘန် ပြောခွင့်ရပုဂ္ဂိုလ်ဟောင်း အက်ဆန်က သူ လွတ်မြောက်သွားတာကို တွစ်တာမှာ ရေးသားခဲ့ပြီး ဒီလအစောပိုင်းမှာပဲ အသံ မက်ဆေ့ဂျ်ကို ပါကစ္စတန် မီဒီယာဆီ ပေးပို့ခဲ့တာပါ။ အက်ဆန်ကို ၃ နှစ်ကြာ ထိန်းသိမ်းထားတဲ့ ပါကစ္စတန် စစ်တပ်က မှတ်ချက်ပေးဖို့ ငြင်းဆန်ပေမယ့် ပြည်ထဲရေးဝန်ကြီး အီဂျက်ရှားက အဲဒီသတင်း မှန်ကန်တယ်လို့ ပြောပါတယ်။  တာလီဘန်ခေါင်းဆောင် အက်ဆန်ကို ပြန်ဖမ်းရာမှာ တိုးတက်မှုရှိလားဆိုတဲ့ မေးခွန်းကို ပြည်ထဲရေးဝန်ကြီးက သတင်းကောင်းကြားရမှာပါလို့ ပြန်ဖြေခဲ့ပါတယ်။  လွတ်မြောက်သွားသူ အက်ဆန်က သူဟာ ဇနီး၊ သားသမီးတွေနဲ့အတူ ပါကစ္စတန်ကနေ ထွက်သွားပြီး တူရကီနိုင်ငံကို ရောက်နေတယ်လို့ ရိုက်တာသတင်းထောက်ကို ဖုန်းနဲ့ ပြောပါတယ်။ အက်ဆန်က သူဟာ သဘောတူညီချက်နဲ့ ပါကစ္စတန် စစ်တပ်ကို လက်နက်ချခဲ့ပြီး အဲဒီသဘောတူညီချက်ကို ပါကစ္စတန်စစ်တပ် မလိုက်နာတဲ့နောက်မှာ သူဟာ ထွက်ပြေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။  အာဖဂန်-ပါကစ္စတန် နယ်စပ်တလျှောက် တရားဥပဒေစိုးမိုးမှုမရှိတဲ့  ဒေသတွေမှာ ပါကစ္စတန်စစ်တပ် စစ်ဆင်ရေးတွေ လုပ်ပြီးနောက်ပိုင်း မကြာသေးခင်လတွေမှာ တာလီဘန် တိုက်ခိုက်တာတွေ လျော့ကျလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
အမေရိကန်-တာလီဘန် ဆွေးနွေးပွဲ အာဖဂန်နိုင်ငံတွင်း အကြမ်းဖက်မှုများ လျှော့ချနိုင်မည်ဟု ကုလမျှော်လင့်
အမေရိကန်နဲ့ တာလီဘန်တွေကြား ဆွေးနွေးပွဲတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး ဦးတည်နိုင်ပြီး ဒုက္ခသည်တွေ နေအိမ်ကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ ရေရှည်တည်မြဲတဲ့ နိုင်ငံရေးအခြေကျမှုနဲ့၊ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်စေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရာမှာ အကြမ်းဖက်မှု လျှော့ချရေးက အရေးကြီးတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရေးရှီးက ပါကစ္စတန် မြို့တော် အစ္စလာမ်မာဘတ်မှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။ အကြမ်းဖက်မှု လျှော့ချရေး သီတင်းတပတ်ကြာ အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ အမေရိကန်အစိုးရဟာ တာလီဘန်တွေနဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒါဟာ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းရေးအတွက် ဒီလကုန်မှာ သဘောတူစာချုပ်ချုပ်နိုင်ဖို့ လမ်းကြောင်းဖော်တာလဲ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် ကာလကြာရှည် ကြိုးစားခဲ့တဲ့ ရည်မှန်းချက်တွေထဲက တရပ်လည်း ဖြစ်ပါတယ်။  
1 year Ago
ငြိမ်းချမ်းရေး ဆွေးနွေးရန် တာလီဘန်များကို နေတိုးအဖွဲ့ တိုက်တွန်း
အကြမ်းဖက်တာတွေ လျှော့ပြီး ဆွေးနွေးပွဲ တက်ရောက်ဖို့ တာလီဘန်တွေကို နေတိုးအတွင်းရေးမှူးချုပ် ယန်းစတိုလန်ဘာ့ဂ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ လုပ်တဲ့ နှစ်စဉ် လုံခြုံရေးကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားမှာ  နေတိုး အတွင်းရေးမှူးချုပ်က မီဒီယာတွေကို ပြောကြားပါတယ်။ နေတိုးအဖွဲ့ ရည်မှန်းချက်က  တာလီဘန်တွေ ဘယ်တော့မှ အနိုင်မရမယ့် အင်အားကို တည်ဆောက်မှာဖြစ်တဲ့အတွက် တာလီဘန်တွေအနေနဲ့ ဆွေးနွေးညှိနှိုင်းရမယ်လို့  စတိုလန်ဘာ့ဂ်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ အနောက်နိုင်ငံတပ်ဖွဲ့တွေနဲ့ တာလီဘန်တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြင်ဆင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေနဲ့အတူ  ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတာတွေ အရှိန်အဟုန်မြှင့်လာခဲ့ပါတယ်။  မကြာသေးခင်က နေတိုးအဖွဲ့ဟာ အီရတ်နိုင်ငံမှာ လုပ်နေတဲ့ သင်တန်းမစ်ရှင်ကို တိုးချဲ့ဖို့ သဘောတူခဲ့ပါတယ်။  ဒါဟာ အရှေ့အလယ်ပိုင်းမှာ နေတိုးအဖွဲ့ ပိုမိုလုပ်ဆောင်ဖို့ သမ္မတထရမ့် တောင်းဆိုချက်ကို လိုက်လျောခဲ့တာပါ။  နောက်ပြီး အမေရိကန်မဟာမိတ်အဖွဲ့ လုပ်နေတဲ့ သင်တန်းပေးတာဝန်တချို့ကိုလည်း နေတိုးအဖွဲ့က လွှဲပြောင်းရယူသွားမှာပါ။ ဒီဆုံးဖြတ်ချက်က   အီရတ်မှာ အနောက်နိုင်ငံ တပ်ဖွဲ့ဝင်အရေအတွက် တိုးလာစေမှာ မဟုတ်ဘူးလို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago
အာဖဂန်နစ္စတန် တာလီဘန်ထိန်းချုပ်နယ်မြေတွင် အမေရိကန် စစ်လေယာဉ် ၁ စင်း ပျက်ကျ
အာဖဂန်နစ္စတန်အရှေ့ပိုင်း တာလီဘန် ထိန်းချုပ်တဲ့နယ်မြေမှာ ဇန်နဝါရီ ၂၇ ရက်က အမေရိကန် စစ်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး တာလီဘန်တွေက အဲဒီလေယာဉ်ကို သူတို့ ပစ်ချခဲ့တာလို့ ပြောပါတယ်။ အဆင့်မြင့်အရာရှိတွေ အပါအဝင် လေယာဉ်ပေါ် လိုက်ပါသွားသူအားလုံး သေဆုံးတယ်လို့လည်း တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇာဘင်းဟူလာမူဂျာဟစ်က ပြောပါတယ်။ အမည်မဖော်လိုသူ အမေရိကန် အရာရှိတွေကတော့ အဲဒီလေယာဉ်ဟာ ရန်သူတွေပစ်ချလို့ ပျက်ကျခဲ့တယ်ဆိုတဲ့ ဖော်ပြချက်မျိုး အခုထိ မတွေ့ရှိရဘူးလို့ ပြောပါတယ်။  အမေရိကန်အရာရှိတဦးကလည်း လေယာဉ်ပေါ် လိုက်ပါသွားသူဟာ ၁၀ ယောက် အောက်သာ ရှိတယ်လို့ ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာတင်တဲ့ လေယာဉ်ပျက်ကျရာ နေရာဖြစ်ဖွယ်ရှိတဲ့ ဗွီဒီယိုထဲမှာ E-11A ဗုံးကြဲလေယာဉ် အပျက်အစီးတွေကို မြင်တွေ့ရပါတယ်။ ပျက်ကျရာနေရာမှာ အမေရိကန် စစ်လေယာဉ်ကို အာဖဂန်အာဏာပိုင်တွေက ရှာဖွေနေပါတယ်။  အာဖဂန် စစ်ဘက်ထိပ်တန်း တပ်မှူးကတော့ လေယာဉ်ဟာ စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ပြီး တာဝန်ရှိသူတွေဟာ အခြေအနေကို သိရှိဖို့ သွားရောက်နေတယ်လို့ ပြောပါတယ်။
1 year Ago
ဓားစာခံ တက္ကသိုလ် ပါမောက္ခများကို တာလီဘန် ပြန်လွှတ်ပေး
အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန် စစ်သွေးကြွတွေဟာ ဓားစာခံအဖြစ် ၃ နှစ်ကျော်ကြာ ဖမ်းထားတဲ့ အမေရိကန်နဲ့ သြစတြေးလျ တက္ကသိုလ် ပါမောက္ခတွေကို နိုဝင်ဘာ ၁၉ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အာဖဂန် အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါကြောင့် နှောင့်နှေးနေတဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ် အဆုံးသတ်သွားပြီး  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ မျှော်လင့်ချက် မြင့်တက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံသား ကီဗင်ကင်းနဲ့ သြစတြေးလျနိုင်ငံသား တင်မိုသီဝိခ်စ်တို့ဟာ သူတို့ ပါမောက္ခအဖြစ် အလုပ်လုပ်ရာ ကဘူးမြို့တော်က အမေရိကန်တက္ကသိုလ် အပြင်ဘက်မှာ ၂၀၁၆ သြဂုတ်လက ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီနောက် ကာလကြာရှည် နှောင့်နှေးနေတဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ်အတွင်း တာလီဘန် စစ်ဦးစီးမှူး သုံးယောက်ကို ပြန်လွှတ်ပေးဖို့ အပြန်အလှန်အနေနဲ့ သူတို့ နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့တာလို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။ ပါမောက္ခ နှစ်ယောက် ဘေးကင်းကင်း လွတ်လာပြီး ခုတော့ စောင့်ရှောက်မှု ခံယူနေတယ်လို့ အမည်မဖော်လိုသူ အာဖဂန် အကြီးတန်း အရာရှိတယောက်က ပြောကြားလိုက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။  အစ္စလာမစ် စစ်သွေးကြွ တာလီဘန်တွေနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ရေး သေချာစေဖို့ သော့ချက်အဖြစ် အကျဉ်းသား ဖလှယ်ရေး အစီအစဉ်ကို ဆောင်ရွက်ဖို့ အာဖဂန် အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ တာလီဘန်တွေကတော့ အာဖဂန် အစိုးရကို အမေရိကန်ရဲ့ ရုပ်သေးအစိုးရလို့ ခေါ်ပြီး တိုက်ရိုက် စေ့စပ်ညှိနှိုင်းဖို့ အခုထိ ငြင်းနေဆဲပါ။ ၁၈ နှစ်ကြာ အာဖဂန် ပြည်တွင်းစစ်ကို အဆုံးသတ်ရေး ရည်မှန်းထားတဲ့ အမေရိကန်နဲ့ တာလီဘန်တွေကြား ဆွေးနွေးပွဲဟာ စက်တင်ဘာလက ပျက်သွားခဲ့ပါတယ်။
2 years Ago
အာဖဂန်နစ္စတန်တွင် တာလီဘန်များက ကုန်ကား ၁ စီးကို ဗုံးထောင်ဖောက်ခွဲ၊ လူ ၂၀ သေဆုံး
2 years Ago
အာဖဂန်နစ္စတန်တွင် တာလီဘန်ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၄၈ ဦးထက်မနည်း သေဆုံး
2 years Ago
တာလီဘန် စစ်သွေးကြွများကို ဆက်လက်ဖိအားပေးသွားမည်ဟု အမေရိကန်ပြော
2 years Ago
တာလီဘန်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမေရိကန်သမ္မတ ပယ်ဖျက်
2 years Ago
ကဘူးလ်မြို့တော်တွင် မီနီဘတ်စ်ကား ၂ စီးဖောက်ခွဲခံရ၊ လူ ၇ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်အနောက်ပိုင်းမှာ မီနီဘတ်စ်ကား ၂ စီးကို ဇွန် ၁၂ ရက်က ပစ်မှတ်ထား ဖောက်ခွဲခံရလို့ လူ ၇ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ပေါက်ကွဲမှုဟာ လူနည်းစု ဟာဇာရာတွေ လွှမ်းမိုးတဲ့ ရပ်ကွက်ထဲမှာ ဖြစ်ခဲ့ပြီးလူ ၆ ယောက်လည်း ဒဏ်ရာရတယ်လို့ ကဘူးလ်ရဲဌာန ပြောခွင့်ရက ပြောပါတယ်။
ဒီတိုက်ခိုက်မှု နောက်ကွယ်က ဘယ်သူရှိလဲ ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ဒီလ အစောပိုင်းမှာလည်း ဘတ်စ်ကားတွေ အလားတူ တိုက်ခိုက်ခံရလို့ အရပ်သား ၁၂ ယောက် သေဆုံးပါတယ်။
စက်တင်ဘာ ၁၁ ရက်မှာ အာဖဂန်ကနေ နိုင်ငံခြားတပ်တွေ ဆုတ်ခွာတော့မှာ ဖြစ်ပြီး တာလီဘန် သူပုန်တွေနဲ့ အာဖဂန်အစိုးရတို့ကြား ငြိမ်းချမ်းရေးအတွက် ကြားဝင် ဖျန်ဖြေတဲ့ အားထုတ်မှုတွေ နှေးကွေးနေချိန်မှာ အကြမ်းဖက်မှု တိုးလာနေတာပါ။
ဟာဇာရာ လူ့အဖွဲ့အစည်းဟာ အိုင်အဲ့စ်စစ်သွေးကြွတွေ ပစ်မှတ်ထား တိုက်ခိုက်တာ ခံနေခဲ့ရတဲ့ အုပ်စုပါ။ မေလကလည်း ဒီနေရာမှာ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်လို့ ကျောင်းသူ အများစု အပါအဝင် လူအယောက် ၈၀ လောက် သေဆုံးခဲ့ပါတယ်။
1 day Ago
အာဖဂန်တွင် မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်သား ၁၀ ဦး ပစ်သတ်ခံရ
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းက မြေမြှုပ်မိုင်းရှင်းလင်းရေး အေဂျင်စီ The Halo Trust မှာအလုပ်လုပ်နေတဲ့ အာဖဂန်နိုင်ငံသား ၁၀ ယောက်ကို  သူတို့ရဲ့ စခန်းမှာတင် တာလီဘန်တွေက ပစ်သတ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ဇွန် ၉ ရက်မှာ ပြောပါတယ်။
အာဖဂန်အစိုးရကို ဖြုတ်ချဖို့ တိုက်ပွဲဝင်နေတဲ့ တာလီဘန်တွေကတော့ ဇွန်  ၈ ရက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းပါတယ်။ အခင်းဖြစ်ပွားရာ နိုင်ငံမြောက်ပိုင်း ဘဂ္ဂလန်ပြည်နယ်မှာ လတ်တလော သီတင်းပတ်တွေ အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အမည်မသိ လက်နက်ကိုင်အုပ်စုက စခန်းကို တိုက်ခိုက်ပြီး ဝန်ထမ်း ၁၀ ယောက်ကို သတ်ခဲ့တယ်လို့ The Halo Trust အေဂျင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။
 “လူ ၁၆ ယောက်လည်း ဒဏ်ရာရတယ်၊ တိုက်ခိုက်ချိန်က စခန်းမှာ လုပ်သား ၁၁၀ ယောက် ရှိနေတယ်”လို့  အေဂျင်စီက ပြောပါတယ်။
 တိုက်ပွဲအပြီး ရှင်သန်ကျန်ရစ်သူ လုပ်သားတွေ အများစုက အနားမှာရှိတဲ့ ရွာတွေဆီ ထွက်ပြေးခဲ့ပြီး ရဲတွေက သူတို့ကို ကူညီနေတယ်လို့ ဒေသတွင်းက အရာရှိတယောက်က ပြောပါတယ်။
ဆယ်စုနှစ်ချီ လက်နက်ကိုင် ပဋိပက္ခတွေအပြီး အာဖဂန်နစ္စတန်နိုင်ငံမှာ မပေါက်ကွဲ သေးတဲ့ မိုင်းတွေ ကျည်ဖူးတွေ ပြန့်ကျဲနေပါတယ်။  အေဂျင်စီအတော်များများက ၂၀၀၁ နောက်ပိုင်း တာလီဘန်အစိုးရ ပြုတ်ကျအပြီး မိုင်းရှင်းလင်းရေး ဆောင်ရွက်နေခဲ့ကြတာပါ။
အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပြည်နယ် ၃၄ ခုထဲက ၂၆ ခု မှာ အစိုးရတပ်တွေကို တာလီဘန်တွေက တိုက်ခိုက်နေပြီး ခုတော့ တာလီဘန်တွေဟာ ပြည်နယ် ၁၀ ခုကျော်ကို သိမ်းပိုက်ထားပြီးပြီလို့ အစိုးရအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
4 days Ago
မြို့တော်ကဘူးလ်ရှိ ဗလီတစ်ခုအတွင်း ပေါက်ကွဲမှုကြောင့် ၁၂ ဦး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း မေ ၁၄ ရက်က ရှာကာဒါရာခရိုင် ဆင်ခြေဖုံးရပ်ကွက်ထဲက ဗလီတစ်ခုအတွင်း လာရောက်ဝတ်ပြု  ဆုတောင်းသူတွေ စုရုံးရောက်ရှိလာချိန်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးသွားပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟာမစ် ရိုရှန်က ပြောပါတယ်။ 
သေဆုံးသူတွေထဲမှာ ဗလီက အီမမ်ဆရာတယောက်လည်း ပါတယ်လို့ ကဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။ 
အားလပ်ရက်အတွက် ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့တဲ့ တာလီဘန်သူပုန်အဖွဲ့က ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။  ဘယ်သူ့လက်ချက်ဆိုတာကိုလည်း ချက်ချင်း မသိရသေးပါဘူး။ 
မေ ၁၃  ရက်က အဆုံးသတ်သွားတဲ့ ဥပုသ်လအပြီးထိ အားလပ်ရက် အပစ်အခတ်ရပ်စဲ ထားတဲ့ ကာလအတွင်း အစိုးရတပ်တွေနဲ့ တာလီဘန်တွေအကြား တိုက်ပွဲအကြီးအကျယ် ဖြစ်တယ်ဆိုတဲ့ သတင်းကြီးတွေ မရှိခဲ့ပါဘူး။ 
လာမယ့် ၄ လအတွင်း အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေကို ပြန်လည်ရုပ်သိမ်းသွားမယ့် အစီအစဉ် စတင်နေပြီဖြစ်ပေမဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုများ အပါအ၀င် အကြမ်းဖက်မှုတွေ ပိုများပြားလာပါတယ်။ 
4 weeks Ago
ကဘူးလ်တွင် ကားဗုံးပေါက်မှုကြောင့် လူ ၅၅ ဦး သေဆုံး
အာဖဂန်မြို့တော် ကဘူးလ်မှာ မေ ၈ ရက်က ကားဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် အထက်တန်းကျောင်းတကျောင်းရဲ့ အပြင်က မော်တော်ကားတွေလည်း ပေါက်ကွဲပြီး အနည်းဆုံးလူ ၅၅ ဦး သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ 
သေဆုံးသူအများစုဟာ ဆေယဒ်အူလ်ရှူဟာဒါ အထက်တန်းကျောင်းက ကျောင်းသား တွေဖြစ်ပြီး အများစုက  ပြင်းထန်စွာ ဒဏ်ရာရရှိလို့ ဆေးရုံမှာ တင်ထားတယ် လို့ လုံခြုံရေးအရာရှိ တစ်ဦးက ရိုက်တာကို ပြောပါတယ်။ 
အနီးအနားက ဆေးရုံတစ်ခုမှာ ဒဏ်ရာရ ကျောင်းသားများကို ဝန်ထမ်းတွေက လှည်းတွေနဲ့ ပို့ပေးခဲ့ရပြီး စိတ်ပူနေကြတဲ့ မိဘဆွေမျိုးတွေက သူတို့ရဲ့ သားသမီးတွေကို လာရှာခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
ဆေယဒ် အူလ် ရှူဟာဒါ အထက်တန်းကျောင်းမှာ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေဟာ အုပ်စု ၃ စုခွဲပြီး တလှည့်စီ စာသင်ကြရတာပါ။ 
အခု ဒုတိယတအသုတ် စာသင်ရတဲ့ ကျောင်းသူတွေအလှည့်မှာ ပေါက်ကွဲမှုဖြစ်တာလို့ ပညာရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျီဘာအရီယန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 
ဒဏ်ရာရသူ အများစုမှာ ကျောင်းသူတွေဖြစ်ပြီး စနေနေ့တိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ခံပြောဆိုမှု မရှိသေးဘူးလို့ အာဖဂန်သမ္မတ အာ့ရှ်ရဖှ်ဂါနီက ဒီတိုက်ခိုက်မှုအပေါ် တာလီဘန်သူပုန်တွေကို အပြစ်တင်ထားပါတယ်။ 
တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ် ဇာဘီဟူလာ မူဂျာဟစ်ကတော့ သူတို့အဖွဲ့ မလုပ်ဘူးဆိုပြီး ငြင်းဆန်ထားပါတယ်။ 
ပြီးခဲ့တဲ့လက ဝါရှင်တန်အစိုးရဟာ စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန်တပ်ဖွဲ့အားလုံးကို ရုတ်သိမ်းသွားတော့ဖို့ ကြေညာလိုက်ပြီးကတည်းက တာလီဘန်တွေဟာ နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေ တိုးမြှင့်ခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေ ပြောကြားထားပြီး မြို့တော်ကဘူးလ်ကိုလည်း လုံခြုံရေးအမြင့်ဆုံး တိုးမြှင့် တပ်လှန့်ထားပါတယ်။ 
1 month Ago
ကဘူးလ်တွင် အမျိုးသမီး တရားသူကြီး ၂ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ အမည်မသိ သေနတ်သမားတွေက အမျိုးသမီး တရားသူကြီး ၂ ယောက်ကို ဇန်နဝါရီ ၁၇ ရက်က ပစ်သတ်ခဲ့ပြီး သူတို့ရဲ့ ယာဉ်မောင်းလည်း ဒဏ်ရာရတယ်လို့ ရဲက ပြောပါတယ်။ အမျိုးသမီးတွေဟာ သူတို့ အလုပ်လုပ်ရာ တရားရုံးချုပ်ကိုသွားချိန် မနက်အစောပိုင်းမှာ ချုံခိုတိုက်ခိုက်ခံရတာလို့ ဒေသခံ မီဒီယာက ဖော်ပြပါတယ်။ ပစ်ခတ်မှုကို တာဝန်ခံ ပြောဆိုမှုတော့ မရှိသေးပါဘူး။ အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရနဲ့ တာလီဘန်တွေကြား ငြိမ်းချမ်းရေး ဆွေးနွေးနေကြပေမဲ့ အကြမ်းဖက်မှု တိုးနေပြီး လတ်တလော လတွေအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရ အရာရှိတွေနဲ့ သတင်းထောက်တွေကို ပစ်မှတ်ထား သတ်ဖြတ်မှု အမြန် တိုးလာနေပါတယ်။ လာမယ့်နှစ်မှာ အာဖဂန်ကနေ နိုင်ငံခြားတပ်တွေ ပြန်ဆုတ်ခွာပြီး တာလီဘန်တွေ အာဏာပြန်ရလာရင် ကျန်ခဲ့တဲ့ နှစ် ၂၀ တုန်းက အမျိုးသမီးအခွင့်အရေး တိုးတက်မှုတွေ နောက်ကြောင်းပြန်သွားမယ့် ဖြစ်နိုင်ခြေကို စိုးရိမ်ပူပန်မိတယ်လို့ နိုင်ငံတကာ အလှူရှင်တွေနဲ့ အစိုးရတွေက ပြောပါတယ်။
5 months Ago
ပါကစ္စတန်တွင် သတ္တုတွင်းလုပ်သား ၁၁ ဦး အသတ်ခံရမှုအတွက် ဆန္ဒပြ
ပါကစ္စတန်နိုင်ငံ ကတ်တာမြို့က ဟာဇာရာ တိုင်းရင်းသားတွေဟာ သူတို့ လူ့အဖွဲ့အစည်းထဲက သတ္တုတွင်းတူးဖော်ရေးသမား ၁၁ ယောက် ဇန်နဝါရီ ၃ ရက်က အသတ်ခံရမှုနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ကားတာယာတွေကို မီးရှို့ခဲ့ပါတယ်။ ကတ်တာမြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၀၀ လောက်အကွာက ဘိုလန်ခရိုင် မတ်ချ်ဒေသအတွင်း ကျောက်မီးသွေးတွင်းနားက စုပေါင်းလူနေအိမ်ခန်းထဲမှာ သတ္တုတွင်းသားတွေ အသတ်ခံခဲ့ရတာပါ။ တွင်းသားတွေဟာ လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး မျက်လုံးကိုလည်း စည်းထားခံရတဲ့ အပြင် လည်ပင်းတွေလည်း အလှီးခံထားရတယ်လို့ အမည်မဖော်တဲ့ လုံခြုံရေးအရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ရှီးယိုက်မွတ်စလင် ဟာဇာရာ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှု တနှစ်နီးပါး အချိန်အတွင်း ခုလို တိုက်ခိုက်ခံရတာပါ။ ဧပြီလကလည်း ဈေးထဲမှာ အသေခံ ဗုံးခွဲမှုကြောင့် ဟာဇာရာ တိုင်းရင်းသား တဝက်လောက် အပါအဝင် လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ အပြစ်ကင်းတဲ့ ကျောက်မီးသွေးတွင်းသား ၁၁ ယောက်ကို သတ်ဖြတ်မှုဟာ သရဲဘောကြောင်ပြီး လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ပဲလို့ ပါကစ္စတန် ဝန်ကြီးချုပ် အမ်ရမ်ခန်းက တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ လူသတ်သမားတွေကို ဖမ်းဆီးဖို့ ရှိသမျှအရင်းအမြစ် အကုန်သုံးဖို့နဲ့ တရားစီရင်ဖို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အမိန့်ပေးပြီးပြီလို့လည်း သူက ပြောပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူကမှ တာဝန်မခံသေးပါဘူး။ ဟာဇာရာ တိုင်းရင်းသားတွေကို ပါကစ္စတန်ရော အာဖဂန်နစ္စတန်ပါ နှစ်နိုင်ငံလုံးက တာလီဘန်တွေ၊ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တခြား ဆွန်နီမွတ်စလင် စစ်သွေးကြွအုပ်စုတွေက မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပါတယ်။
5 months Ago
More News
Up