
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ဘာသာရေး၊ လူမျိုးရေးအခြေခံ ပဋိပက္ခတွေဟာ စစ်အစိုးရနဲ့ အမျိုးသားရေး အစွန်းရောက်ဘုန်းကြီးတွေကြားက အန္တရာယ်ရှိတဲ့ ပူးပေါင်းမှုကို ဖြစ်စေခဲ့ပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့စစ်အာဏာရှင် (သူတို့ကို ထောက်ခံသူတွေကတော့ တပ်မတော်လို့ ခေါ်ပါတယ်) ဟာ သံဃအသိုက်အဝန်းနဲ့ အရေးကြီးတဲ့ နေရာတွေမှာ မဟာမိတ်ဖွဲ့ထားပါတယ်။ သံဃအဖွဲ့အစည်းဟာ နိုင်ငံရေးအရ အမြင်အမျိုးမျိုးရှိပြီး ဘာသာရေးသက်သက်ပဲ လုပ်ဆောင်ရမယ်ဆိုပေမဲ့ တချို့သော သံဃာတွေဟာ အကျိုးစီးပွားကြောင့် စစ်အစိုးရနဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) လိုမျိုး စစ်အာဏာရှင်ကို ထောက်ခံတဲ့ ဘုန်းကြီးတွေဟာ စစ်အာဏာရှင်အတွက် အားကောင်းတဲ့ အင်အားစုတခု ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်သူတွေကို တန်ပြန်တိုက်ခိုက်ရာမှာ အရပ်ဘက်နဲ့ စစ်ဘက် နှစ်ခုစလုံးကနေ ပါဝင်လှုပ်ရှားနေကြပါတယ်။
ဒီလို စစ်တပ်က သံဃာတချို့ကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာကို ပြသတဲ့ အဖြစ်အပျက်တွေ အများကြီးရှိပါတယ်။ သူတို့ဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး ပြည်တွင်းက ဆန့်ကျင်မှုတွေကို နှိမ်နင်းတာ၊ နိုင်ငံတကာ မဟာမိတ်တွေ ရှာတာ၊ နိုင်ငံတော်ရဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့ တိုင်းရင်းသားနဲ့ ဘာသာခြားတွေကို အကြမ်းဖက်မှုတွေဖြစ်အောင် သွေးထိုးတာမျိုးတွေ လုပ်ဆောင်ပါတယ်။
မဘသနဲ့ စစ်တပ်ရဲ့ မဟာမိတ်ဖွဲ့မှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးကိုတောင် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ သီရိလင်္ကာနိုင်ငံဟာ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံမှာ ငလျင်လှုပ်တုန်းက “နှစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာနိုင်ငံတွေ ဖြစ်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ အကူအညီပေးခဲ့ပါတယ်။ ဒါဟာ သီရိလင်္ကာက Bodu Bala Sena (BBS) အဖွဲ့နဲ့ မြန်မာပြည်က မဘသတို့ရဲ့ ဆက်ဆံရေးကြောင့် ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံသားလည်းဖြစ်တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဦးပညာဇောတကို စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ ဖမ်းဆီးခဲ့တာကလည်း သူတို့နဲ့ သဘောထားမတိုက်ဆိုင်တဲ့ သံဃာတွေကို ဘယ်လောက် ဖိနှိပ်တယ်ဆိုတာကို ပြသနေပါတယ်။
သံဃာနှင့် မြန်မာ့လူ့အဖွဲ့အစည်း
မြန်မာ့လူ့အဖွဲ့အစည်းမှာ သံဃာတွေဟာ စစ်တပ်ပြီးရင် ဒုတိယ သြဇာအကြီးဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ သံဃာနဲ့ သီလရှင်ပေါင်း ၅၇၅,၀၀၀ လောက်ရှိပြီး လူထုက သူတို့ကို အလွန်လေးစားကြည်ညိုကြပါတယ်။
သံဃာတွေဟာ နိုင်ငံရေးမှာအစဉ်အဆက် ပါဝင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေမှာလည်း သူတို့ကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ ဒါပေမဲ့ သူတို့ဟာ နိုင်ငံခြားက ဝင်စွက်ဖက်တာတွေ၊ ဗုဒ္ဓဘာသာ အခြေခံမူတွေနဲ့ မကိုက်ညီတဲ့ ပြင်ပယဉ်ကျေးမှုတွေ၊ တန်ဖိုးထားမှုတွေ ဝင်ရောက် ပျံ့နှံ့လာတာမျိုးကိုတော့ သဘောမကျကြပါဘူး။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဦးဥတ္တမလို သံဃာတော်တွေ ပါဝင်ခဲ့တာဟာ ထင်ရှားတဲ့ ဥပမာတခု ဖြစ်ပြီး သူ့ကို အမျိုးသား သူရဲကောင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကိုလည်း သံဃာတွေကပဲ ဦးဆောင်ခဲ့တာပါ။
သံဃာ့အဖွဲ့အစည်းထဲမှာ နိုင်ငံရေးအမြင် အမျိုးမျိုးရှိကြပါတယ်။ လက်ရှိအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ဆန့်ကျင်တဲ့ သံဃာအနည်းငယ် ရှိသလို၊ တချို့ဆို သင်္ကန်းချွတ်ပြီး လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ပါ ပူးပေါင်းတိုက်ပွဲဝင်နေကြပါတယ်။ သံဃာအများစုကတော့ ကြားနေ ဒါမှမဟုတ် တိတ်တဆိတ် ထောက်ခံနေကြပါတယ်။
ဒီလိုဖြစ်ရတာက စစ်အစိုးရရဲ့ လက်တုံ့ပြန်မှုကို ကြောက်တာ၊ ဒေသခံတွေရဲ့ သဘောထားနောက် လိုက်တာ၊ ဒါမှမဟုတ် NLD အစိုးရလက်ထက်က ဘာသာရေးကို နိုင်ငံရေးကနေ ခွဲထုတ်နိုင်ဖို့ ကြိုးပမ်းမှုတွေကို မနှစ်သက်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သီတဂူဆရာတော်လို ထင်ရှားတဲ့ အမျိုးသားရေးဝါဒီ သံဃာတစုကတော့ စစ်တပ်နဲ့ ပေါ်ပေါ်တင်တင် ဆက်ဆံရေး ထူထောင်ထားပါတယ်။ ဒီသံဃာတွေဟာ စစ်အာဏာရှင်ဆီကနေ အလှူငွေတွေ၊ ပြောင်ပြောင်တင်းတင်း ထောက်ခံမှုတွေ ရယူပြီး စစ်အာဏာရှင် ဆက်လက်တည်မြဲရေးအတွက် ဟောပြောစည်းရုံးပေးကြပါတယ်။ သူတို့ဟာ လူထုမကြိုက်တဲ့ စစ်အာဏာရှင်ကို ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးပြီး လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်ခိုင်မာအောင် ကူညီပေးနေတဲ့ကြားခံတွေ ဖြစ်နေပါတယ်။ ဒီလို သံဃာတွေရဲ့ ထောက်ခံမှုဟာ တော်လှန်ရေးအင်အားစုတွေကို ဘာသာရေးနဲ့ အမျိုးသားရေး ခေါင်းစဉ်တွေအောက်မှာ သွေးခွဲဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ဥပမာအားဖြင့်၊ အစွန်းရောက်ဘုန်းကြီးတွေဟာ ခရစ်ယာန်အများစုဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို ပြင်းပြင်းထန်ထန်ဝေဖန်ပြီး စစ်တပ်ဘက်ကနေ ပြန်တိုက်မယ်လို့တောင် ကြုံးဝါးခဲ့ကြပါတယ်။ ဒီလိုအခြေအနေတွေကနေပဲ “၉၆၉ လှုပ်ရှားမှု” နဲ့ နောက်ပိုင်းမှာ “မဘသ” အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့တာပါ။
ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒ၊ ၉၆၉ လှုပ်ရှားမှုနှင့် မဘသ
၉၆၉ လှုပ်ရှားမှုဆိုတာဟာ အစွန်းရောက် ဗုဒ္ဓဘာသာအရေး လှုပ်ရှားမှုတခုဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အမျိုးသားရေးဝါဒီဘုန်းကြီး အရှင်ဝီရသူက စတင်တည်ထောင်ခဲ့တာပါ။ ဒီအဖွဲ့ဟာ အစ္စလာမ်ဘာသာရဲ့ လွှမ်းမိုးမှုရန်ကနေ ဗုဒ္ဓဘာသာကို ကာကွယ်ရမယ်ဆိုတဲ့ အတွေးအခေါ်ကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ သူတို့ဟာ အစ္စလာမ်ဘာသာဝင်တွေက မြန်မာ့လူ့အဖွဲ့အစည်းကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့အကြောင်း ဒေသတွင်း အကြမ်းဖက်မှုတွေ၊ ဂဏန်းဗေဒ အယူအဆတွေကို ကိုးကားပြီး စွပ်စွဲခဲ့ကြပါတယ်။ ဝီရသူဟာ သူ့ရဲ့ အစွန်းရောက် အတွေးအခေါ်တွေနဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေကြောင့် “ဗုဒ္ဓဘာသာ ဘင်လာဒင်” လို့တောင် တင်စားခေါ်ဝေါ်ခံခဲ့ရပါတယ်။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ မူဆလင်ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေကြား ပြဿနာတွေ စဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာအမျိုးသမီးတဦးကို မူဆလင်အမျိုးသားတွေက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကနေ အခြေအနေတွေ ပိုဆိုးသွားခဲ့တာပါ။ အဲဒီနောက် ၉၆၉ လှုပ်ရှားမှုဟာ မူဆလင်ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့၊ ဘာသာမတူသူတွေကြား လက်ထပ်တာကို တားမြစ်ဖို့အထိ တောင်းဆိုခဲ့ပါတယ်။ ဒီ ကနေတဆင့်တက်ကာ လူတွေ အိမ်ရာစွန့်ခွာရတာတွေ၊ အဓိကရုဏ်းတွေ၊ ဘာသာနှစ်ခုလုံးက လူတွေ အသတ်ခံရတာတွေအထိ ဖြစ်ပျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားနဲ့ ဘာသာရေးအုပ်စုတွေကြားက ပြဿနာကို ပိုမိုကြီးထွားစေခဲ့တဲ့ အဓိက ခြေလှမ်းတွေလို့ သုံးသပ်ကြပါတယ်။
အခြေအနေတွေ ဆိုးလွန်းလို့ ၂၀၁၃ ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၉၆၉ လှုပ်ရှားမှုကို တရားမဝင်အသင်းအဖြစ် ကြေညာပြီး ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ အစွန်းရောက်ဘုန်းကြီးတွေဟာ “မဘသ” ဆိုတဲ့ အဖွဲ့အသစ်ကို ထပ်ဖွဲ့ပြီး ၉၆၉ ရဲ့ မူဝါဒတွေကို ဆက်လက် သယ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ မဘသဟာ အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေအတွက် ပင်မအဖွဲ့ကြီးတခုလို ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ အစောပိုင်းအောင်မြင်မှုတွေထဲမှာ မူဆလင်အသိုက်အဝန်းကို ကန့်သတ်ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ “မျိုးစောင့်ဥပဒေ” ၄ ခုထဲက ၂ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တာလည်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ မဘသနဲ့ ဆက်စပ်နေတဲ့ ဘုန်းကြီးတွေဟာ Facebook ကိုသုံးပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၁၇ ခုနှစ်မှာ လူသောင်းချီသေဆုံးပြီး ၁ သန်းလောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာအရေးအခင်း ဖြစ်လာအောင် တို့မီးရှို့မီး လုပ်ရာမှာ သူတို့က အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မဘသအဖွဲ့ကို တရားဝင် ဖျက်သိမ်းခိုင်းခဲ့ပေမဲ့ ဒီမိုကရေစီအစိုးရရဲ့ ဒီလုပ်ရပ်ကို ဘုန်းကြီးအများအပြားက သဘောမတူခဲ့ကြပါဘူး။ အဖွဲ့ကို တရားဝင် ဖျက်သိမ်းလိုက်ပေမဲ့ မဘသဟာ အချင်းချင်းချိတ်ဆက်မှုရှိတဲ့ လျှို့ဝှက်ကွန်ရက်တခုအနေနဲ့ ဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။ မဘသ ဖျက်သိမ်းခံရပြီးနောက်ပိုင်းနဲ့ ၂၀၂၁ အာဏာမသိမ်းခင်ကြားကာလမှာ အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရကြားမှာ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။ NLD အစိုးရဟာ မဘသရဲ့ အစွန်းရောက်မှုတွေကို ထိန်းချုပ်ပြီး ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားချင်ခဲ့တာပါ။
အဲ့ဒီလို NLD နဲ့ အဆင်မပြေဖြစ်လာတာကြောင့် အစွန်းရောက်ဘုန်းကြီးတွေဟာ ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက စစ်တပ်နဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ မင်းအောင်လှိုင်က “မဘသ တည်ရှိနေခြင်းဟာ လိုအပ်ချက်ကြောင့်” လို့ ပြောခဲ့ဖူးပါတယ်။ စစ်တပ်အသိုက်အဝန်းဟာ မဘသအဖွဲ့ဝင်တွေကို ငွေအမြောက်အမြား လှူဒါန်းကာ မဘသအဖွဲ့ဝင်တွေအကြားမှာ စစ်တပ်ရဲ့ ပုံရိပ်ကောင်းဖို့ တည်ဆောက်ခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ သီတဂူဆရာတော်နဲ့ အရှင် ဆေကိန္ဒတို့လို မဘသ နဲ့ နီးစပ်တဲ့ သံဃာတွေက မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ အရှင်ဝီရသူကတော့ တရားဟောခွင့် ပိတ်ခံခဲ့ရပြီး နောက်ဆုံးမှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် အဖမ်းခံခဲ့ရပါတယ်။
မဘသနှင့် စစ်တပ်
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ မဘသ လို အစွန်းရောက် အမျိုးသားရေးဝါဒီတွေအတွက် သူတို့ရဲ့ မူဝါဒတွေကို နိုင်ငံတော်မူဝါဒအဖြစ် ဖော်ဆောင်ဖို့ အခွင့်အရေးကြီးတခု ရလာခဲ့သလိုပါပဲ။ ဒီမိုကရေစီအစိုးရလက်ထက်မှာ သူတို့ရဲ့ အစွန်းရောက်အမြင်တွေကြောင့် ဘေးဖယ်ခံထားရာကနေ အခုလို စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ လူကြိုက်နည်းတဲ့ စစ်ကောင်စီနဲ့ အပြန်အလှန်အကျိုးပြုတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အာဏာသိမ်းပြီး လပိုင်းအတွင်းမှာပဲ အကျဉ်းကျနေတဲ့ အရှင်ဝီရသူနဲ့ တခြားဘုန်းကြီးတွေကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။
အခုချိန်မှာ စစ်ကောင်စီဟာ လူထုထောက်ခံမှုနဲ့ လူအင်အား တဖြည်းဖြည်း နည်းပါးလာတာကြောင့် သံဃာတွေရဲ့ သြဇာလွှမ်းမိုးမှုဟာ သူတို့ရဲ့ အုပ်ချုပ်ရေးအတွက် အလွန်အရေးကြီးလာပါတယ်။ သုတေသီတွေက ဒီလို ဘုန်းကြီးနဲ့ စစ်တပ် ပူးပေါင်းဆောင်ရွက်မှုကို "ဆရာ-ဒါယကာ" အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ရည်ညွှန်းကြပါတယ်။ ဒီအစီအစဉ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်တပ်က ဖြိုခွင်းပြီး အာဏာပြန်သိမ်းပြီးနောက် စတင်ခဲ့တာပါ။ ဒီအစီအစဉ်ကနေတဆင့် ဘုရားပုထိုးတွေကို ငွေအများကြီးလှူတာ၊ ဘုန်းကြီးကျောင်းပညာရေးကို ထောက်ပံ့တာ၊ မြေတွေပေးတာ စတာ တွေပြုလုပ်ပြီး သံဃာတွေကို စစ်တပ်ထောက်ခံသူတွေဖြစ်လာအောင် တဖြည်းဖြည်း စည်းရုံးသိမ်းသွင်းခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းစစ်နှင့် အပြန်အလှန် မှီခိုနေသော ဆက်ဆံရေး
အမျိုးသားရေးဝါဒီ ဘုန်းကြီးတချို့ဟာ လူ့အဖွဲ့အစည်းအပေါ် သြဇာလွှမ်းမိုးရုံသာမက စစ်တပ်ကိုထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့တွေကိုပါ ဦးဆောင်နေကြပါတယ်။ အဲ့ဒီထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဝါသဝဆိုတဲ့ ဘုန်းကြီးလည်း ပါဝင်ပါတယ်။ ဝါသဝ ဦးဆောင်တဲ့ ပြည်သူ့စစ်ဟာ တော်လှန်ရေးသမားတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒီလို ဘုန်းကြီးကနေ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာသူတွေဟာ “အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့” ဆိုတဲ့ ခေါင်းစဉ်ကိုအသုံးချပြီး စစ်တပ်အတွက် တိုက်ခိုက်ပေးတဲ့ နေရာမှာ ဦးဆောင်နေပါတယ်။ ဒီအတွက်ကြောင့်လည်း စစ်တပ်ရဲ့ မြှောက်စားမှုကို ရနေပါတယ်။ ဝါသဝဟာ စစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီး ပြည်သူ့စစ်အဖွဲ့နဲ့အတူ လက်ရှိပြည်တွင်းစစ်မှာ တော်လှန်ရေးသမားတွေကို တိုက်ခိုက်ဖို့ ဘုန်းကြီးတွေကို စစ်သင်တန်းပေးတဲ့အထိတောင် တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။
ထူးခြားတာက မဘသနဲ့ နီးစပ်တဲ့ သံဃာတွေဟာ သာမန်လူတွေမရနိုင်တဲ့ အခွင့်အရေးတွေ ရရှိနေတာပါပဲ။ ဝါသဝကိုပဲကြည့်ပါ။ သူဟာ မင်းအောင်လှိုင်ကို “တော်လှန်ရေးသမားတွေကို မထိန်းနိုင်ဘူး” ဆိုပြီး ရာထူးကဆင်းပေးဖို့ ဝေဖန်ခဲ့တာတောင် ခဏပဲ အဖမ်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ဝါသဝရဲ့ ပြည်သူ့စစ်တွေဟာ စစ်တပ်နဲ့အတူ ပူးတွဲစစ်ဆင်ရေးတွေတောင် လုပ်ဆောင်ခဲ့ကြပါတယ်။ စစ်တပ်ဟာ အရှင်ဝီရသူကိုလည်း ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့မှာ အမျိုးသားရေးဘွဲ့တံဆိပ်တခု ချီးမြှင့်ခဲ့ပါတယ်။
နိဂုံး
နိဂုံးချုပ်ရရင် စစ်ကောင်စီနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးတွေကြားက ဆက်ဆံရေးဟာ အပြန်အလှန် အကျိုးစီးပွားနဲ့ တရားဝင်မှုအပေါ် အခြေခံပါတယ်။ ဘုန်းကြီးတွေရဲ့ ဒီမိုကရေစီဆန့်ကျင်တဲ့ သဘောထားဟာ စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် လိုအပ်တဲ့ အရာဖြစ်နေသလို သူတို့ရဲ့ ဘာသာရေးသြဇာကလည်း စစ်ကောင်စီကို တရားဝင်အစိုးရတရပ်အဖြစ် ပုံဖော်ရာမှာ အများကြီးသက်ရောက်မှုရှိစေပါတယ်။ စစ်တပ်ကလည်း သူတို့ကိုယ်သူတို့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်ကာ စစ်တပ်ထောက်ခံတဲ့ ဘုန်းကြီးတွေကလည်း အသိအမှတ်ပြုပေးကြပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးပြီးချင်း မင်းအောင်လှိုင်ဟာ ဘားအံမြို့က မဘသ နဲ့ နီးစပ်တဲ့ အမျိုးသားရေးဝါဒီ ဆရာတော်တပါးကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ သူတို့ကြား ဆက်ဆံရေးဟာ ဘယ်လောက်ထိ ရင်းနှီးသလဲဆိုရင်၊ ၂၀၂၂ ခုနှစ်မှာ မဘသ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးတိလောကဘိဝံသကို မင်းအောင်လှိုင်က အမြင့်ဆုံးသာသနာ့ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့တဲ့အတွက် သီတဂူဆရာတော်က သူ့ကို “မြန်မာဘုရင်” လို့တောင် တင်စားပြောဆိုခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ ပြည်သူလူထုရဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေနဲ့ တချို့သော ကြားနေသံဃာတွေရဲ့ ဝေဖန်မှုတွေက စစ်ကောင်စီအတွက် အတော်လေး အခက်တွေ့စေခဲ့ပါတယ်။ ဒါပေမဲ့ မဘသလို အမျိုးသားရေးဝါဒီအဖွဲ့တွေရဲ့ ထောက်ခံမှုတွေက ဒီဝေဖန်မှုတွေကို ဖြေရှင်းရာမှာ စစ်ကောင်စီအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။
၄ နှစ်ကြာပြီးနောက်မှာတော့ ဒီဆက်ဆံရေးဟာ ထိလွယ်ရှလွယ်အနေအထားမှာပဲ ရှိနေတုန်းဆိုတာကို ဖြစ်ရပ်ကြီးတခုက သက်သေပြနေပါတယ်။ အဲဒါကတော့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဝေဖန်ခဲ့တဲ့ ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်တပ်က မှားယွင်းပစ်ခတ်ခဲ့တဲ့အတွက် မင်းအောင်လှိုင်ကိုယ်တိုင် လူသိရှင်ကြား တောင်းပန်ခဲ့ရတဲ့ ဖြစ်ရပ်ပါပဲ။
ဒီအဖြစ်အပျက်တွေအားလုံးကို ခြုံပြီးသုံးသပ်ကြည့်ရင် သံဃာတော်တွေဟာ မြန်မာနိုင်ငံက စစ်အာဏာပိုင်တွေအပေါ် ဘယ်လောက်အထိ ဩဇာလွှမ်းမိုးမှုရှိသလဲဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။
မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေမှာတောင် ဘာသာရေးကို သင်္ကေတတခုအနေနဲ့ အသုံးချပြီး ရုရှားလို မဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုခိုင်မာအောင် လုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ထူးဆန်းဖို့ ကောင်းတာက ပူတင်ဟာ ဗုဒ္ဓဘာသာနဲ့ ဘယ်လိုမှမပတ်သက်ပေမဲ့ မင်းအောင်လှိုင်ကတော့ ပူတင်ကို “ဗျာဒိတ်တော်ရ ကြွက်မင်း” လို့တောင် ရည်ညွှန်းပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင်၊ ဒီလိုအမျိုးသားရေးအစွန်းရောက် အရေခြုံသမားတွေဟာ မြန်မာနိုင်ငံနဲ့ ပထဝီနိုင်ငံရေးအရရော၊ ဘာသာရေးအရပါ ဆက်စပ်မှုရှိတဲ့ သီရိလင်္ကာနဲ့ အိန္ဒိယလို တောင်အာရှနိုင်ငံတွေမှာပါ မဟာမိတ်တွေ ရှာတွေ့လာနေပါတယ်။
ဒီလုပ်ရပ်တွေအားလုံးကို ခြုံငုံကြည့်လိုက်ရင် စစ်တပ်ဟာ နိုင်ငံရေးအရောင်ဆိုးထားတဲ့ သံဃအဖွဲ့အစည်းကို သူတို့ အာဏာတည်မြဲရုံအတွက် အသုံးချနေတာမဟုတ်ပါဘူး။ ပြည်တွင်း၊ ပြည်ပမှာပါ သူတို့ရဲ့လုပ်ရပ်တွေ တရားဝင်ဖြစ်ကြောင်း အများလက်ခံလာအောင် ပုံဖော်ဖို့ အသုံးချနေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်။
ခန္ဒာကာ တာမစ် ရက်ဂ်ျဝမ်
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)
Ref: The James Town Foundation
( The James Town Foundation ဝက်ဆိုက်တွင် ဆောင်းပါးရှင် သုတေသီ Khandakar Tahmid Rejwan ရေးသားထားသည့် “Militant Monks Fuel Government Terror in Myanmar” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။”)