
မွန်ဂိုတရုတ်၊ ဝိုင်းရန်လုပ်သော်
ကျဉ်တုပ်မခံ၊ ထွက်ပြေးပြန်သည်
နရသီဟပတေ့မင်း။
ကိုးကန့်တရုတ်၊ တိုက်မထုတ်နိုင်
တရုတ်ပြည်မ၊ တောင်းပန်ရပြီး
ဝင်ကြ လားရှိုး၊ စိုးမိုးနိုင်ရ
မအလ သည်၊ မြန်မာပြည်ပေါက်
တရုတ်ကြောက်မင်း ။ ။
နာမည်ကောင်းရတဲ့ မင်းတပါး မဟုတ်ချေ။ မင်းဆိုးမင်းညစ် အဖြစ်သာ ကျော်စောခဲ့သည်။ စိတ်ကြမ်းကိုယ်ကြမ်း ရှိသူဖြစ်၍ ဘီလူးဘဝက လာသည်ဟု ဟူးရားဆရာတို့က ဆိုကြသည်။ အမျက်ဒေါသ လွန်ကဲပြီး သတ်ဖြတ်ကွပ်မျက်စီရင်မှုများ များစွာပြုခဲ့သူလည်းဖြစ်သည်။ အစားကြူးသူအဖြစ်လည်း ထင်ရှားသည်။ ဟင်းခွက် ၃၀ဝ ဖြင့် ပွဲတော်တည်လေ့ရှိကြောင်း ဆိုကြသည်။ (တင်နိုင်တိုး၊ ပုဂံမင်းဆက်ရာဇဝင်သစ်၊ ၂၀၄-၂၀၅)
အထက်စာသားတွေက မြန်မာရာဇဝင်လာ တရုတ်ပြေးမင်း (နရသီဟပတေ့) ခေါ် (မင်းခွေးချေး) အကြောင်း ရေးသားထားတာတွေပါ။ တရုတ်ပြေးမင်း အမည်တွင်ပုံက ပုဂံကို မွန်ဂိုတရုတ်တပ်တွေ လာရောက်ဝန်းရံစဉ် ပြည်မြို့ အနောက်ဘက် လှည်းကျကို ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့်ပါ။
တရုတ်ကြောက်သေး
ထွက်၍ပြေး
တရုတ်ပြေးမင်းခေါ်ပေ၏။ ။
အခုလည်း အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မအလဟာ နာမည်ဆိုးနဲ့ ကျော်ကြားနေပြီ။ ရှေးစကားနဲ့ဆို မအလ၊ စိုးဝင်း စတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ မင်းဆိုးမင်းညစ်တွေပဲ။ ခေတ်စကားနဲ့တော့ စစ်အာဏာရှင်ကြီးတွေပေါ့၊ မာဖီးယားတွေပေါ့၊ စစ်ရာဇဝတ်ဂိုဏ်းကြီးပေါ့။ ကြမ်းတမ်းဒေါသ လောဘကြီးကြသူတွေပါ။ စာသင်ကျောင်းငယ်ကလေး တဆောင်ကို ပေါင် ၅၀၀ ဗုံးကြီးတွေနဲ့ ငလျင်ဖြစ်နေတဲ့ကာလတွေမှာ ရက်စက်လွန်းစွာ ဗုံးကြဲ ပစ်ခတ် သတ်ခိုင်းနေကြသူတွေပါ။
၁၀၂၇ စစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ် ၆ ဦး လက်နက်ချရတဲ့အထိ တိုက်တိုင်းရှုံး တပ်မတော်ကြီးရဲ့ အကြီးအမှူးတွေပါ။ လားရှိုးမြို့လေး ပြန်ရဖို့ တရုတ်အစိုးရကို ဖားရ တောင်းပန်ရ ကြောက်ရသူတွေပါ။ တရုတ်မကောင်းကြောင်း မပြောဘို့ နှုတ်ထွက် ပြောသူက မအလပါ။ ကြောက်တာ လွန်လွန်းပါ့။ ကြောက်လွန်းပါ့။ လားရှိုးရဖို့လေ။ လားရှိုးကိုရဖို့ တရုတ်အစိုးရကို သာမက ၁၀၂၇ စစ်ဆင်ရေးမှာ လက်စွမ်းပြထားတဲ့ ညီနောင်သုံးဖော်ထဲက ကိုးကန့်တရုတ်ကိုလည်း ကြောက်ရတာပါပဲ။ ဒါကြောင့်လည်း တွေ့ဆုံဆွေးနွေးစဉ်က ကိုးကန့်တရုတ်ဘက်က “မင်းတို့စစ်ကောင်စီ လားရှိုးမြို့ထဲမှာပဲ နေရမယ်။ ငါတို့ကိုးကန့်က ဆင်ခြေဖုံးက စနေမယ်” ဆိုတာ လက်ခံခဲ့တာပေါ့။ ဒါတောင် ကိုးကန့်တရုတ်ကို ကြောက်လို့ “ငါတို့စစ်တပ်က ဗုံးမကြဲပါဘူး” ဆိုတာ အာမခံခဲ့ရတာ မဟုတ်လား။ ကိုးကန့်တရုတ်ကို ကြောက်လို့ တရုတ်အစိုးရကို ရုံးလာထိုင်ခိုင်းထားတာ မဟုတ်ဘူးလား။ ဒါကြောင့် အာဏာသိမ်း စစ်ကောင်စီက တရုတ်ကြောက်မင်းပေါ့။
ပုဂံအပျက် နောက်ဆုံးဆက်က နရသီဟပတေ့မင်း (တရုတ်ပြေးမင်း)
စစ်အာဏာရှင် မင်းဆက် နောက်ဆုံး ဖြစ်လာနိုင်ခြေ အများကြီး ရှိနေတဲ့ စစ်ကောင်စီ မအလ တို့က တရုတ်ကြောက်မင်း။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ က ရာဇဝင်လာ တရုတ်ပြေးမင်းနဲ့ လက်ရှိ တရုတ်ကြောက်မင်း စစ်ဗိုလ်ချုပ်တွေအကြား တူညီပုံကလေးများကို နှိုင်းယှဉ်ပြီး ဆက်ပြောပြပါမည်။
တရုတ်ကြောက်သူ ပုဂံနောက်ဆုံးမင်း
နရသီဟပတေ့မှာ ပုဂံမင်းဆက်များတွင် နောက်ဆုံးမင်းအဖြစ် ထင်ရှားသည်။ ထိုမင်းလက်ထက်တွင် ပုဂံပြည်သို့ ကုဗလိုင်ခန်၏ မွန်ဂိုတပ်များ ကျူးကျော်ဝင်ရောက်သဖြင့် နှစ်ပေါင်း ၂၅ဝ ဝန်းကျင် သက်တမ်းရှိခဲ့သော ပုဂံအင်ပါယာ ပြိုကွဲခဲ့သည်။ မြန်မာ့သမိုင်းတွင် တရုတ်ပြေးမင်းဟုလည်းကောင်း၊ မင်းခွေးချေးဟုလည်းကောင်း သိမှတ်ထားကြသည့် ဘုရင်တပါးဖြစ်သည့် နရသီဟပတေ့မင်းကို ဥဇနာမင်းနှင့် မိဖုရား စုလည်းထုံးတို့မှ ၂၃ ဧပြီ၊ ၁၂၈၃ တွင် ဖွားမြင်ကာ ပုဂံထီးနန်းကို အေဒီ ၁၂၅၆-၁၂၈၇ ကာလအတွင်း စိုးစံသွားခဲ့သည်။ နရသီဟပတေ့မင်းသည် အဘိုးဖြစ်သူ ပန်းပွတ်သည်ကြီးအား ရည်စူးလျက် ပန်းပွတ်ပုထိုးတော်ကြီး တည်ထားခဲ့ရာမှ ပန်းပွတ်ပုထိုးတော် ဒါယကာဟုလည်း အမည်တွင်ခဲ့သည်။ အများက မင်းခွေးချေးဟု ဆိုကြသော်လည်း အမည်မှန်မှာ မင်းခွေ ဖြစ်သည်။ ငယ်စဉ်က ချေဆတ်တတ်သော ရောဂါ ရှိသဖြင့် အိပ်ရာထဲတွင် အမြဲခွေနေသောကြောင့် မင်းခွေဟုတွင်ကြောင်း အဆိုရှိသည်။ တရုတ်ပြေးမင်း၏ အမှားတော်ပုံ ပေမူတွင်လည်း မင်းခွေနမဿ ရာဇကုမာရဿဟု သုံးနှုန်းထားရာ “မင်းခွေးချေး” မဟုတ် “မင်းခွေ” သာ အမှန်ဟု ဆိုသည်။ တရုတ်ပြေးမင်းဟု အမည်တွင်ခြင်းမှာ ပုဂံကို မွန်ဂိုတရုတ်တပ်များ လာရောက်ဝန်းရံစဉ် ပြည်မြို့ အနောက်ဘက် လှည်းကျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းအမည်ဖြင့် ပထမဆုံး သုံးနှုန်း မှတ်တမ်းတင်သော ကျောက်စာမှာ အေဒီ ၁၃၄၂ ခုနှစ်ထိုး ချောင်းဦး သမန်ဇတာကျောက်စာ ဖြစ်၍ ကျောက်စာကြောင်းရေ ၁၃ တွင် “တရုတ်ပြေးမင်းကြီး” ဟု ရေးထိုးထားသည်။ ခေတ်သစ် သမိုင်းဆရာများကမူ နရသီဟပတေ့မင်းကို စည်သူ-၄ ဟုလည်း ခေါ်ဝေါ်ကြသည်။ ယင်းသို့ ခေါ်ဝေါ်ခြင်းမှာ နရသီဟပတေ့မင်းသည် စည်သူဘွဲ့ ခံယူသော ပုဂံမင်းများတွင် လေးပါးမြောက် ဖြစ်သောကြောင့် ဖြစ်သည်။ ကျောက်စာများအရ ထိုမင်း၏ဘွဲ့ကို ဥစ္စနာဟုလည်း သုံးနှုန်းကြောင်း သိရသည်။
တရုတ်ကြောက်သူ နောက်ဆုံးစစ်အာဏာရှင်
နရသီဟပတေ့ တရုတ်ကြောက်ပြီး ပုဂံပျက်ရသလို မအလတို့ တရုတ်ကြောက်ပြီး စစ်အာဏာရှင် မျိုးဆက် ပြတ်ပါတော့မယ်။ အာဏာမသိမ်းခင်က လက်ဖက်ရည်တခွက် ကျပ် ၃၀၀ ကနေ အခု ၁,၅၀၀ ဖြစ်နေပြီ၊ စီးပွားပျက်ပြီး ငတ်ကုန်ကြပြီ။ ငတ်ရင်းအသေမခံ တိုက်ရင်းသာ အသေခံတော့မည့်ထုံး ပြည်သူတွေ သုံးကြတော့မည်။ စစ်တပ်ထဲက စစ်သားတွေ စစ်ထောက်ခံသူတွေပင် မအလတို့ တန်ခိုးအာဏာကို အထင်သေးလာနေကြပါပြီ။ တိုက်တိုင်းရှုံးနေတာတင်မက ကိုယ့်တပ်ကိုယ် အထက်က ပြန်မကြည့်ဘူးကွာ ဆိုတဲ့ အသံတွေ ဆူညံနေပြီ။ နယ်မြေတွေလည်း တော်လှန်ရေးဘက်ကို တစတစ ဖဲ့ဖဲ့ပေးလာနေတာ တော်တော်များနေပြီ။ အခုနောက်ဆုံးကတော့ လားရှိုးကို ပြန်သိမ်းနိုင်လိုက်တာပဲ။ မအလတို့ တော်တော် နာမည်ပျက်သွားပြီ။ မြန်မာ့တပ်မတော်က အင်နဲ့ အားနဲ့ သတ္တိနဲ့ ဗျတ္တိနဲ့ လားရှိုးကို ပြန်သိမ်းလိုက်တာ မဟုတ်လို့ပါပဲ။ တော်တော်သိက္ခာကျပါတယ်။ လာရှိုးပြန်သိမ်းဖို့ကို တရုတ်ကို ရှိခိုးမတတ် တောင်းပန် အကူအညီ တောင်းပြီးမှ ရခဲ့တာကိုး။ တပ်ထောက်ခံသူတွေကတောင် အဘတို့ တော်တော် အမှတ်တွေလျော့ပြီ ဆိုပြီး အော်နေကြပြီ။ အခြေအနေတွေက နွေဦးတော်လှန်ရေးက ဒီရေမြင့်သစ်။ စစ်အာဏာရှင် တရုတ်ကြောက်တို့က ဖုတ်လိုက်ဖုတ်လိုက်။ တရုတ်ပြေးမင်း နရသီဟပတေ့ကို မင်းခွေးချေး ခေါ်သလို မအလတို့ကိုလည်း တရောက်ကျုပ်မင်းလို့ ခေါ်နေကြပြီ။
ခုမှ ကြောက်သည်မဟုတ် ကြံ့ဖွတ်အစိုးရကလည်း ကြောက်ခဲ့
ကြံ့ဖွတ်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ပြည်ခိုင်ဖြိုး) ကို ခေါ်တာပါ။ စစ်တပ်ရဲ့ ပါတီပါ။ တပြည်လုံးကတော့ ကြံ့ဖွတ်ပဲ ခေါ်ကြပါတယ်။ ကြံ့ဖွံ့ရဲ့ သမတရုံးဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက ၂၀၁၂ ခုနှစ်မှာ တရုတ်ကို ကြောက်ရကြောင်း ဝန်ခံလိုက်ပါတယ်။ ကြံ့ဖွတ် အစိုးရအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရကို ကြောက်နေရတယ်လို့ သမ္မတရုံးဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက ပြောခဲ့တာပါ။ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြနေကြတဲ့ ရွာသားတွေကို ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက ပြောခဲ့တာကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က DVB မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဖျက်သိမ်းရင် လျော်ကြေး ဒေါ်လာဘီလီယံချီ ပေးရမှာမို့ မဖျက်ဘူး။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ကျေးဇူးရှိပြီး မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားတာကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတော်စိတ်ဆိုးနေပြီး မြန်မာ (ကြံ့ဖွတ်) အစိုးရဟာ တရုတ်ကို ကြောက်နေရကြောင်း ဗိုလ်ချုပ်အောင်မင်းက သံဃာတော်တွေ အပါအဝင် ဒေသခံတွေကို ပြောသွားခဲ့သေးတယ်။
“တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား။ နှစ်ချက်ရှိတာပေါ့။ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ တပည့်တော်တို့ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ သွင်းရတဲ့အခါကျတော့ မူဆယ်လမ်းကြောင်းကသွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ရတယ်။ အဲဒီကျေးဇူးလေးတော့ သူ့ကိုပြန်ပြီးတော့ ကြည့်ရမယ်” လို့ တိတိကျကျ ပြောခဲ့တာပါ။
“တရုတ်နဲ့လည်း ရန်မဖြစ်ရဲဘူး။ တရုတ်နဲ့ စိတ်ဆိုးသွားလို့ရှိရင် အကယ်၍ တရုတ်က နယ်စပ်ဒေတွေမှာ ဟိုကနေ ထောက်ပံ့၊ ဒီကနေ ထောက်ပံ့ လုပ်နေရင် စီးပွားရေးလုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်။ ဒါကြောင့်မို့လို့ အရင်တုန်းက လုပ်ခဲ့တဲ့ ဒီမြစ်ဆုံစီမံကိန်းတောင် တပည့်တော်တို့ကို တရုတ်အစိုးရက တော်တော်စိတ်ဆိုးနေပြီ” လို့ ကြံ့ဖွတ် ဝန်ကြီး ဗိုလ်ချုပ်အောင်မင်းက ပြောသွားခဲ့တယ်။
တရုတ်ကြောက် စစ်အာဏာသိမ်းခေါင်းဆောင် မအလ
လားရှိုးကိစ္စမှာ တရုတ်မကောင်းကြောင်း မပြောဖို့၊ ကျေးဇူးရှင် တရုတ်ကို မစော်ကားဖို့ စစ်ခေါင်းဆောင် မအလက ဧပြီ ၂၀ က သမိုင်းဝင် ပြောခဲ့တာပါ။ တရုတ်ရဲ့ ညှိနှိုင်းပေးမှုကြောင့် လားရှိုးမြို့ကို ပြန်ရခဲ့တဲ့အတွက် ပြန်လည်တည်ဆောက်ရေး ကာလမှာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ တရုတ်မကောင်းကြောင်း မပြောကြဖို့နဲ့ ကျေးဇူးရှင်ကို မစော်ကားဖို့ စစ်ခေါင်းဆောင်က သတိပေး ပြောကြားလိုက်ပါတယ်။ ဧပြီ ၂၀ ရက်က ပြင်ဦးလွင်တပ်နယ်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပြီး လားရှိုးမြို့အတွင်း တပ်နေရာချရေးကိစ္စမှာ တရုတ်ကိုယ်စားလှယ် ဦးဆောင်နေတဲ့ကိစ္စကို ဝင်ရောက်စွက်ဖက် ပြောဆိုတာ မလုပ်ကြဖို့ ပြောဆိုခဲ့တာလို့ လပခနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။ “လားရှိုးကိစ္စမှာ တပ်က မကျေနပ်တဲ့သူတွေ ရှိတယ်။ လားရှိုးကို တရုတ်က အုပ်ချုပ်နေသလို ခံစားရလို့ တခုခုဆို တရုတ်ကို အကြောင်းကြားပြီးမှ လုပ်ရမယ်ဆိုတော့ ဝေဖန်သူတွေလည်း ရှိနေချိန် မအလ က တရုတ်ကိုမဝေဖန်ဖို့၊ ကျေးဇူးရှင်ကို မစော်ကားဖို့ ပြောလိုက်တာပါ။”
တရုတ်ပြေးမင်း နောက်ဆုံးနေ့
တရုတ်ပြေးမင်း နရသီဟပတေ့က မွန်ဂိုတပ်များ မြန်မာနိုင်ငံသို့ ချီလာချိန်တွင် ငဆောင်ချမ်းအရပ်မှ ခုခံတိုက်ခိုက်စေသည်။ မွန်ဂိုတပ်များ ပုဂံသို့ ဆက်လက်ချီတက်လာသောအခါ သားတော်ကြီးရှိရာ ပုသိမ်သို့ တိမ်းရှောင်သည်။ မွန်ဂိုတို့ ပုဂံမှ တပ်ဆုတ်ကြောင်းကြားလျှင် ပုဂံသို့ ပြန်သည်။ လမ်းခရီးဖြစ်သည့် ပြည်မြို့တွင် ငယ်စဉ်အခါက ဝက်လက်ခိုးမသားဟု ကျီစား အခေါ်ပြုခံရဖူးသည်ကို မကျေနပ်သော သားတော် ပြည်စား သီဟသူက နန်းလုပြီး (ဓားယူမည်လော၊ လှံယူမည်လော၊ အဆိပ်ယူမည်လော) ဆိုရာမှာ အဆိပ်ပါတဲ့ ပွဲတော်ထမင်းကို မလွန်ဆန်နိုင်ဘဲ တည်ခင်း စားသုံးရပြီး နတ်ရွာစံ ကံတော်ကုန်ရပါတယ်။
တရုတ်ကြောက် စစ်အာဏာရှင်တို့ နောက်ဆုံးနေ့
“တဖြည်းဖြည်း လာချေပြီလေ” ဆိုတဲ့ စန္ဒယားလှထွဋ် သီချင်းလိုပဲ အာဏာရှင် ကျဆုံးခန်းက နီးနီလာပေပြီ။ ငါးသိန်းထိရှိတဲ့ တပ်ကြီးကို ပြိုင်တိုက်လို့ နိုင်မည်လားဆိုပြီး ပြောခဲ့ကြတာနော်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းအပြီး မတ်လ ၂၇ မှာ အပြုတ်တိုက်မယ်လို့ မအလက ပြောခဲ့တာ။ မတ် ၂၇ လေးခါ လေးလီ ဖြစ်သွားပြီလေ။ ဒါပေမဲ့ PDF က ကြီးကြီးလာနေတာ ဧရာမကြီး ဖြစ်နေပြီ။ PDF များ အင်အားကြီးမားလာသဖြင့် သတိထားကြရန် ဒုစစ်ခေါင်းဆောင် ပြောပြီနော်။ ဧပြီ ၂၀ ရက်က နေပြည်တော်မှာ ဒုချုပ် စိုးဝင်းက PDF တွေ အင်အားကြီးထွားလာတာကြောင့် တပ်ရင်းတပ်ဖွဲ့တွေ သတိထားဖို့နဲ့ ရန်သူကို အထင်မသေးဖို့ ပြောလိုက်တာပါ။ စစ်တပ်မှာ မုန့်ဟင်းခါး ကြွေးရတာတွေများ များလာပြီ၊ အလံဖြူတွေ တလူလူနဲ့ “တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ အလံဖြူတွေ တလူလူပေ” ဖြစ်နေပြီ။ အရင်ကဆို တပ်ရင်းမှူး တိုက်ပွဲကျတာက ကြားတောင် မကြားဖူးဘူး။ အခုက တပ်ရင်းမှူးကျတာတွေက ရိုးနေပြီ။ ဗျူဟာမှူးတွေလည်း တဖြုတ်ဖြုတ်ကြွေနေပြီ။ တပ်မမှူးတွေတောင် အဖြိုခံလာနေရတဲ့ အခြေဆိုက်ပြီ။ လုပ်သေနတ် တူမီးတွေနဲ့ စလာတဲ့ PDF တပ်တွေက စခန်းသိမ်း မြို့သိမ်းတွေ လုပ်တာကို ခံနေရတဲ့ စစ်ကောင်စီတွေ ဖြစ်လာနေပြီ။ တပ်သား တပ်မှူးတွေရဲ့ စိတ်ဓာတ်တွေက ယိုင်နဲ့နေပြီလေ။ ဒါကြောင့်လည်း လားရှိုးကို ပြန်သိမ်းပေးဖို့ တရုတ်ကို တောင်းပန် တိုးလျှိုး အားကိုးရတဲ့ဘဝ ရောက်လာနေပါပေါ့။ တရုတ်ကြောက်မင်း မအလတို့ နေဝင်ချိန် နီးလာနေပါပြီ။ မဝေးတော့။ စာရေးဆရာကြီး ဦးအောင်သင်း ရေးခဲ့တဲ့ ကဗျာလေးထဲကလိုပဲ တရုတ်ကြောက် စစ်အာဏာရှင်များ အရှုံးနဲ့ ဖက်လုံးကြရပေတော့မယ်။
လှံကိုသို့ထား၊ ဓားကိုသို့ငင်
သို့ဝင်သို့ထွက်၊ သို့တက်သို့ခွာ
စစ်ပညာကို၊ ကြေစွာတတ်မြောက်ကျွမ်းကျင်လည်း။
ပြည်သူ့နှလုံး၊ မသိမ်းကျုံးသော်
ပြည်သူ့ခွန်အား၊ မကိုးစားသော်
ဓားသွားကျိုးကြွေ၊ လှံသွားခွေအံ့။ ။