
ဖျက်အားပြင်း ငလျင်ကြီးက ထောင်နဲ့ချီတဲ့ လူ့အသက်တွေကို မိနစ်ပိုင်းအတွင်း တမလွန်ပို့ပစ် လိုက်တာဆိုတော့ ငလျင်ဘေးနဲ့ ခပ်ဝေးဝေးမှာရှိနေတဲ့ မြန်မာပြည်သူတွေ ရှော့ခ် ဖြစ်ကုန်တယ်။ စစ်ကိုင်းငလျင်ကြီးကြောင့် ဘန်ကောက်က ဆောက်လက်စ အထက်မြင့်ကြီး ပုံလျက် ပြိုကျတဲ့အထိ မြန်နှုန်းမြင့် ဖျက်အားပြင်းခဲ့တာကြောင့် စစ်ကိုင်းမှာဗဟိုပြုတဲ့ငလျင် ဘယ့်နှယ့်ကြောင့် ဘန်ကောက်ထိ သက်ရောက်မှု ပြင်းရတာလဲလို့ လူပြိန်းတွေး၊ တွေးကာ မှင်တက်ခဲ့ရတယ်။
နာဂစ်မုန်တိုင်းတုန်းက လူသိန်းနဲ့ချီ သေဆုံးခဲ့တယ်ဆိုပေမဲ့ အဲဒီအချိန်က အွန်လိုင်းမီဒီယာ အားမကောင်း သေးတာကြောင့် အဖြစ်ဆိုးတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရတာမျိုး သိပ်နည်းခဲ့တယ်။ နာဂစ်မွှေခဲ့ တဲ့ ၂၀၀၈ ခုနှစ်တုန်းက ရန်ကုန်မှာတောင် အပတ်စဉ်ထုတ်ဂျာနယ်တွေ ခပ်နည်းနည်းရယ်။ ပြီးတော့ စစ်အာဏာရှင်တို့ရဲ့ လုပ်နည်းလုပ်ဟန်အတိုင်း နာဂစ်ကြမ်းခဲ့တဲ့ ဒေသတွေဆီ သတင်းသမားတွေကို အဝင်မခံတာကြောင့် ခိုးကြောင်ခိုးဝှက်ဝင်၊ တိုးတိုးတိတ်တိတ် သတိကြီးကြီးထား မှတ်တမ်းတင်။ ဒါပေမဲ့၊ ရေးသမျှ နာဂစ်ဒဏ်သင့် အဖြစ်သနစ်တွေကို စာပေကင်ပေတိုင် (စာပေစိစစ်ရေး) တွေက ခုတ်ထွင် ဖြတ်တောက်ပစ်လိုက်တာကြောင့် ပြည်သူတွေ မျက်စိအောက် ဂျာနယ်တွေရောက်တော့ သတင်းနဲ့ ဓာတ်ပုံ ပါတယ်ဆိုရုံ။
အခု စစ်ကိုင်းငလျင်ကြီးကျတော့ အွန်လိုင်းမီဒီယာ သိပ်အားကောင်းတဲ့ကာလမို့ မြန်နှုန်းမြင့်အလျင်နဲ့ အဖြစ်ဆိုးတွေက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် စစ်ဆေး မေးမြန်း ခုတ်ထစ်ခံရခြင်းမရှိဘဲ တန်းရောက်ခဲ့တယ်။ တိုက်ကြီးတာကြီးတွေ ပြိုကျလာတဲ့ ရုပ်သံဖိုင်တွေ ၊ငလျင်လှုပ်လို့ ပြေးကြလွှားကြတာတွေ၊ ငလျင်ဘေးကနေ ပြေးလွတ်ခဲ့တဲ့ ပြည်သူတွေက မှတ်တမ်းတင်ကာ လိုင်းပေါ်သို့ ချက်ချင်းတင်။ ကြုံခဲ့တဲ့သူတွေ မပြောနဲ့၊ အွန်လိုင်းပေါ်ကနေ မြင်ရသူတွေတောင် ရှော့ခ်ဖြစ် ကြရ။
စစ်အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း ငလျင်ဆိုးကြီးကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေရဲ့ ဘဝနဲ့ စစ်ကောင်စီ စီမံခန့်ခွဲနိုင်စွမ်းမရှိတာတွေ၊ ငလျင်ဘေးသင့်အကူအညီပေးနေသူတွေအပေါ် စစ်ကောင်စီ အနှောင့်အယှက်ပေးနေတာတွေကို နိုင်ငံတကာမီဒီယာပလက်ဖောင်းတွေပေါ် စာလုံးမည်းကြီးနဲ့ တက်လာမှာ စိုးတာကြောင့် နိုင်ငံခြားသတင်းထောက်တွေကို ပြည်တွင်း အဝင်မခံ။ တည်းခိုစရာ အခက်အခဲကြောင့် ဝင်ခွင့် မပြုခြင်းဖြစ်ကြောင်း စစ်ကောင်စီရဲ့ အကြောင်းပြချက်က ဖြစ်သလို နေစားတတ်တဲ့ သတင်းထောက်တွေအတွက် ဟာသကို ဖြစ်လို့။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ကြောက်မက်ဖွယ်အပျက်အစီးပုံကြီးကို ငေးကာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် သေနတ်တွေကို ငိုက်စိုက်ချ၊ တွေ့ဆုံဆွေးနွေးအဖြေရှာကြဆိုတဲ့ ခပ်ပျပျ မျှော်လင့်ချက်တချို့လည်း ထွက်ပေါ်ခဲ့တယ်။
NUG အစိုးရက ငလျင်ဒဏ်သင့် အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဘေးသင့်ဒေသတွေနဲ့ ဆက်စပ်ခရိုင်တွေအတွင်း ခုခံကာကွယ်စစ်ကလွဲလို့ ထိုးစစ်အားလုံးကို မတ် ၃၀ ရက်ကစပြီး နှစ်ပတ်တာ အပစ်ရပ်မယ်လို့ ကြေညာလိုက်တဲ့အချိန်မှာ အဆိုးထဲက အကောင်းတွေ အုပ်လိုက်ချီလာနိုင်မလားဆိုတဲ့ နိုင်ငံရေး မျှော်လင့်ချက်ပါးပါး တချို့၊တချို့တွေရဲ့ကြား အရောင်လဲ့လာတယ်။
မတ် ၃၀ ရက်က ပြုလုပ်တဲ့ မြန်မာနဲ့ ထိုင်း ငလျင်ဘေးဆိုင်ရာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ် အွန်လိုင်းအစည်းအဝေးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာဟာ ငလျင်ကြောင့် သေရေးရှင်ရေးကာလ ရောက်နေတဲ့အတွက် ထိထိရောက်ရောက် အပစ်အခတ် ရပ်ပြီး အသက်ကယ်တင်ရေးနဲ့ ငလျင်ဘေးသင့်တွေကူညီရေးအပေါ် အလုံးစုံအာရုံစိုက်သင့်တယ်လို့ ဆိုတယ်။ ဒါဟာ ငလျင်ကြောင့် အပစ်ရပ်ခြင်းကနေတဆင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးအထိ ဆက်သွားနိုင်မလားလို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး တဦးရဲ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါးရပ်အပေါ် စိတ်ကူးယဉ်ကြည့်မိပုံ။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း တလတာ တဖက်သတ်အပစ်ရပ်ကြောင်း ဧပြီ ၁ ရက် မှာ ထုတ်ပြန်တယ်။ မပြောရဲတာလည်း ဘာမှရှိပုံမပေါ်တဲ့ မင်းအောင်လှိုင်ကတော့ ပြတ်ပြတ်သားသားပဲ၊ အပစ်မရပ်နိုင်၊ ဆက်တိုက်မယ်လို့ ဧပြီ ၁ ရက်မှာ ကြုံးဝါးခဲ့တယ်။ ဒါပေမဲ့ ဧပြီ ၂ ရက်ကျတော့ သုံးပတ်ကြာ ယာယီ အပစ်ရပ်မယ်လို့ စစ်ကောင်စီက ကြေညာတာကြောင့် အပစ်ရပ်ခြင်းမှသည် နောက်ထပ်ခြေတလှမ်းဆီသို့ နိုင်ငံရေးအကောင်းမြင်မှုတွေ ခပ်သဲ့သဲ့ ရှိလာပြန်တယ်။
ဧပြီ ၃ ရက်မှာပဲ ကုလအတွင်းရေးမှူးချုပ်က အပစ်ရပ်ကြေညာချက်တွေကို ကြိုဆိုလိုက်ပြီး နိုင်ငံရေး စကားဝိုင်းတခုကို အစပျိုးဖို့၊ နိုင်ကျဉ်းတွေကို ပြန်လွှတ်ပေးဖို့၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တခု ဦးတည်ကြဖို့ တိုက်တွန်းလိုက်တယ်။ ဥရောပသမဂ္ဂကလည်း အပစ်ရပ်ကြေညာချက်တွေကို ကြိုဆိုကြောင်း ဧပြီ ၃ ရက်မှာပဲ ထုတ်ပြန်လိုက်တယ်။
ဒါပေမဲ့ စစ်ကောင်စီက အပစ်ရပ် မထုတ်ပြန်ခင်အပြင် အပစ်ရပ်ထုတ်ပြန်ပြီး နေ့မကူး၊ ထုံးစံမပျက် ပစ်နေခတ်နေ ဗုံးကြဲနေပြန်တော့ နိုင်ငံတကာအမြင်ကောင်းရုံ စာရွက်ပေါ် အပစ်ရပ်လိုက်မှန်း ပေါ်လွင်နေတယ်။ ငလျင်လှုပ်တဲ့ မတ်လ ၂၈ ရက်ကနေ ဧပြီ ၂၄ ရက်အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှု စုစုပေါင်း ၃၄၉ ကြိမ်ရှိခဲ့ပြီး ယာယီ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် တိုက်ခိုက်မှု ၂၈၆ ကြိမ်ရှိခဲ့ကြောင်း DVB ကထုတ်ပြန်တယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၆၄ ဦးနဲ့ ဒဏ်ရာရသူ ၅၂၉ ဦးရှိကြောင်း DVB စာရင်းက ဆိုတယ်။ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုအကြိမ်ရေကိုကြည့်လိုက်ရင် ငလျင်ဘေးသင့် ချိန်မှာလည်း ပုံမှန်နှုန်းအတိုင်းပဲ တိုက်မြဲခိုက်မြဲ သတ်ဖြတ်မြဲဖြစ်ကြောင်း ဖော်ပြနေတယ်။
ဒါ့အပြင် ငလျင်လှုပ်ပြီး ၁၂ ရက်အကြာ ဧပြီ ၉ ရက်မှာ ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော် ဖလမ်းမြို့ကို ချင်းညီနောင်က သိမ်းပိုက်လိုက်ခြင်းနဲ့ ဧပြီ ၇ ရက်မှာ အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးအပြတ် သိမ်းလိုက်ခြင်းက မီးလောင်နေတဲ့ နေပြည်တော်စစ်ဗိုလ်ချုပ်တွေရဲ့ ဦးနှောက်ထဲ ဓာတ်ဆီလောင်းလိုက်သလို ပါပဲ။
ဒါပေမဲ့ ဧပြီ ၁၇ ရက်၊ လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မင်းအောင်လှိုင်နဲ့ ဘန်ကောက်မှာ တွေ့ဆုံပြီး ငလျင်ဘေးသင့်ပြည်သူ စာနာမှုအကူအညီ ထိထိရောက်ရောက်ပေးနိုင်ရေး အပစ်ရပ်ဖို့လိုကြောင်း နားချခဲ့သေးတယ်။ အရေထူပြီးသား မင်းအောင်လှိုင်ကတော့ ထုံးစံမပျက် အေးဆေး၊ ဗုံးကြဲမပျက်၊ လက်နက်ကြီးနဲ့လည်း ပစ်ခတ်မပျက်၊ နောက်ထပ်လည်း အပစ်ရပ်သက်တမ်းကို ဧပြီ ၃၀ ရက်အထိ ထပ်တိုးကြောင်း ကြေညာ ပြလိုက်ပြန်တယ်။စစ်ကောင်စီက ပစ်စရာရှိတာ ဆက်ပစ်ပြီး သူ့အလုပ်သူ ဆက်လုပ်နေတယ်။ စစ်ကောင်စီရဲ့ အလုပ်က ပြည်သူမပေးတဲ့ အာဏာ သက်ဆိုး ရှည်ရေး။ ငလျင်ကြောင့် ပြည်သူ ဘယ်လောက်သေ သေ၊ ထိခိုက်ပျက်စီးမှု ဘယ်လောက်ကြီးကြီး ရွေးကောက်ပွဲ လုံးဝမပျက်စေရ။ ဧပြီပထမပတ်အတွင်း ဘန်ကောက်မှာ ကျင်းပတဲ့ BIMSTEC အစည်းအဝေး တက်ရောက်စဉ် ဒီဇင်ဘာမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ဒေသတွင်းခေါင်းဆောင်တွေကို မင်းအောင်လှိုင် ပြောကြားခဲ့ရုံတင်မက ဧပြီ ၈ ရက်မှာလည်း ရွေးကောက်ပွဲကော်မရှင်က ထပ်လောင်း အတည်ပြု၊ မြန်မာ့နိုင်ငံရေးကို စားပွဲဝိုင်းပေါ် မြင်လိုတဲ့ အကောင်းရှာနေသူတွေအတွက် စစ်အာဏာရှင်တွေ အပေါ် စိတ်ကူးမယဉ်မိဖို့ သတိပေးလိုက်တယ်။
စစ်ကောင်စီ ရွေးကောက်ပွဲဆိုတာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးရဲ့ ဟိုဘက်၊အာဆီယံမူ ၅ ရပ်နဲ့ လည်း ဆန့်ကျင်ဘက်။ ရွေးကောက်ပွဲဆိုတာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စစ်ကောင်စီ စိတ်ကူးယဉ်နေတဲ့ တံခါးတချပ်။ အခုအရေးအသားကို အဆုံးသတ်မယ်ဆိုတော့ ဆရာဒဂုန်တာရာရဲ့ မေဝတ္ထုထဲက စကားတစ ဖြတ်ခနဲ ရောက်လာတယ်။
“အကောင်းကိုရှာ၏။ အကောင်းကား မရှိတော့။”
ထွန်းလင်း