
ဆေးဝါးကုသရေးကဏ္ဍများတွင် အနာရောဂါများကို ကုသရာတွင် အရေးအကြီးဆုံးအချက်မှာ ဖြစ်ပွားသည့်ရောဂါကို တိတိကျကျ သိရှိရန်ဖြစ်သည်။ သို့မှသာ အနာရောဂါအတွက် သင့်လျော်သော ကုထုံးများဖြင့် စနစ်တကျ ကုသနိုင်မည်ဖြစ်သည်။ ယနေ့ခေတ် မြန်မာပြည်တွင် ဖြစ်ပွားနေသော ဘေးအန္တရာယ်များ၊ ဆင်းရဲမွဲတေမှုများနှင့် အထွေထွေအကျပ်အတည်းများမှ လွတ်မြောက်ရန်အတွက်လည်း နည်းစနစ်ကျသော မှန်ကန်သည့်ကုထုံးများ လိုအပ်လျက်ရှိ၏။
မြန်မာပြည်သူတို့ ခံစားနေရသော အကျပ်အတည်းများသည် အပေါ်ယံကြည့်လျှင် ပညာရေးနိမ့်ပါးမှု၊ စည်းပွားရေးကျဆင်းမှု၊ လူအချင်းချင်း ဖိနှိပ်ဆက်ဆံမှု၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှု၊ မမျှတမှု စသောပြဿနာ အကြောင်းအရာများစွာ တွေ့ရမည်ဖြစ်သည်။ ပင်မရေသောက်မြစ်မှာမူ တခုတည်းသာဖြစ်၏။ ၎င်းမှာ စစ်အာဏာရှင် စနစ်ဆိုးပင် ဖြစ်၏။
စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများဖြစ်သော ကိုယ်ကျိုးရှာမှု၊ အကျင့်ပျက်ခြစားမှု၊ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ ဖိနှိပ်ခွဲခြားဆက်ဆံမှု၊ ပညာရေးကို စနစ်တကျဖျက်ဆီးမှု တို့သည် မြန်မာပြည်ကို အဆင်းရဲဆုံးတိုင်းပြည် ဖြစ်စေသော တရားခံရောဂါဆိုးများ ဖြစ်၏။ ထိုရောဂါဆိုးများကို အမြစ်ဖြတ်နိုင်ရန် တခုတည်းသောဆေးမှာ စစ်အာဏာရှင်စနစ်ဆိုးနှင့် ၎င်း၏ အခြေခံအုတ်မြစ် ဖြစ်သော စစ်တပ်ကို မြန်မာ့မြေမှ အပြီးတိုင် ဖြိုချရှင်းလင်းနိုင်ရေးပင် ဖြစ်၏။ မြန်မာပြည်သူတို့ အနေဖြင့် ကမ္ဘာ့အလယ်တွင် လွတ်လပ်သာယာ အေးချမ်းစွာဖြင့် လူတလုံး သူတလုံး ရပ်တည်နိုင်ရန်မှာ အာဏာလုစစ်အုပ်စုကို တော်လှန်ချေမှုန်းခြင်း နည်းမှလွဲလျှင် အခြားမရှိချေ။
၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်နေ့ စစ်ကိုင်းငလျင်နှင့်အတူ တော်လှန်ရေးသမားများအား စစ်အုပ်စုနှင့် စေ့စပ်ညှိနှိုင်းရန် စကားသံများ လွှင့်လာကြသော နိုင်ငံရေးပွဲစားများ၏ စကားသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်ကို မြန်မာပြည်သူတို့ သတိပြုရမည်ဖြစ်သည်။ ငလျင်ဘေးဒဏ်မှာ ပြင်းထန်လှသည်ဖြစ်ရာ မြန်မာပြည်သူများအနေဖြင့် အချင်းချင်း ကူညီဖေးမကြရမည်မှာ အမှန်ဖြစ်၏။ အရေးကြုံလျှင် ပြည်သူမှာ ပြည်သူသာရှိ၏။ စစ်တပ်သည် လက်နက်အားကိုးဖြင့် အာဏာလုထားသော်လည်း ပြည်သူ့အပေါ် စေတနာမရှိပေ။
ဤသည်မှာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသော မြန်မာပြည်သူတို့ အသိပင် ဖြစ်၏။ ထိုစဉ်က အုပ်ချုပ်နေသော စစ်အစိုးရ၏ အာဏာမက်မှု၊ ကိုယ်ကျိုးရှာမှု၊ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုများကြောင့် မုန်တိုင်းဒဏ်သင့်ပြည်သူ သိန်းနှင့်ချီ၍ သေကျေဒဏ်ရာရခဲ့ကြရ၏။ များစွာသော အိုးအိမ်စည်းစိမ်တို့ ပျက်စီးဆုံးရှုံးရ၏။ ထိုအချိန်တွင် စစ်အာဏာရှင်တို့သည် ၎င်းတို့အကျိုးစီးပွားကို ကာကွယ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ အတည်ပြုရေး ကိစ္စများကိုသာ အလေးပေး ဆောင်ရွက်နေကြ၏။
ယခု ၂၀၂၅ ခုနှစ် ငလျင်ဘေးတွင်လည်း ပြည်သူလူထုအား ထိထိရောက်ရောက် ကူညီကယ်ဆယ်ခြင်း မရှိပေ။ မကူညီသည့်အပြင် ၎င်းတို့အကျိုးစီးပွား မရလျှင် ပိတ်ပင်တားဆီးခြင်း၊ နိုင်ငံတကာ အကူအညီများကို ခေါင်းပုံဖြတ်ခြင်း စသော ကိုယ်ကျိုးကြည့်သည့် လုပ်ရပ်များကိုသာ လုပ်ခဲ့ကြ၏။ သဘာ၀ဘေးအန္တရာယ် ဟူသည်ကား စဉ်ဆက်မပြတ် ကြုံတွေ့နိုင်သည်ဖြစ်ရာ ကြိုတင်ပြင်ဆင်ခြင်း သည်သာ အကောင်းဆုံးကာကွယ်ဆေး ဖြစ်၏။
အာဏာလုစစ်အုပ်စု ရှိနေသမျှ ကာလပတ်လုံး မြန်မာပြည်သူတို့ထံ ကျရောက်လာမည့် သဘာ၀ဘေးအန္တရာယ်များကိုလည်း စနစ်တကျ တားဆီးကာကွယ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ကိုယ်ကျိုးရှာ အတ္တသမားများဖြစ်ရာ ၎င်းတို့ အကျိုးစီးပွားကိုသာ အမြဲ ရှာဖွေနေကြမည့်သူများ ဖြစ်သည်။ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ဂရုစိုက် စောင့်ရှောက်မည့်သူများ မဟုတ်ပေ။
သမိုင်းတလျှောက် ဤသို့သော အဖြစ်မှန်များကို သိပါလျက် မြန်မာပြည်သူတို့၏ တော်လှန်မှုကို စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရန် ပြောဆိုသူများသည် လွန်စွာ ယုတ်မာကောက်ကျစ်သော စစ်အုပ်စု လက်ဝေခံ ကိုယ်ကျိုးရှာသမားများပင် ဖြစ်ပေလိမ့်မည်။
ထိုသို့သောသူများသည် အခါအခွင့်သင့်တိုင်း ပေါ်ထွက်လာမည် ဖြစ်သည်။ မိမိတို့ပြည်သူများ အနေဖြင့် ထိုသို့သော အောက်တန်းစား နိုင်ငံရေးပွဲစားများကို အမြဲသတိထားကာ ဆန့်ကျင် နှိမ်နင်းကြရမည် ဖြစ်၏။
သို့မှသာ မြန်မာပြည်သူတို့သည် စစ်အာဏာရှင်စနစ် ချေမှုန်းရေးခရီးကို ပိုမိုမြန်ဆန်စွာ လျှောက်လှမ်းနိုင်မည် ဖြစ်၏။ သူ့လူများ ကိုယ့်ဘက်သားဟန်ဆောင်ကာ တော်လှန်ရေးကို အားနည်းစေရန် အမျိုးမျိုး လုပ်ကြံဝါဒဖြန့်ကြသည်များကို အထူးသတိထားကြရပေမည်။
မိမိတို့တော်လှန်ရေးသမားများ အနေဖြင့်လည်း ပြည်သူလူထု အကျိုးစီးပွားကို ရှေးရှုကာ တော်လှန်ရေးကို သစ္စာရှိရှိ၊ မှန်မှန်ကန်ကန်ဖြင့် ကြိုးပမ်းလုပ်ကိုင်ကြရန် လိုအပ်၏။ သို့မှသာ ပြည်သူနှင့် တသားတည်း ရပ်တည်နိုင်မည်ဖြစ်သည်။
တော်လှန်ရေးသမားများသည် လက်နက်အင်အားကြီးပြီး ကောက်ကျစ်သော ရန်သူကို ရင်ဆိုင်ရာတွင် ပြည်သူလူထုနှင့် အမြဲတသားတည်း ရှိနေကြရန် လိုအပ်၏။ မိမိတို့ တော်လှန်ရေးသမားများ အမြဲ သတိပြု ဆင်ခြင်နေရမည့်အချက်ပင် ဖြစ်၏။
ထိုသို့ ပြည်သူနှင့် တော်လှန်ရေးသမားတိုင်းက စည်းစည်းလုံးလုံးဖြင့် လက်တွဲ တိုက်ခိုက်မှသာလျှင် နွေဦးတော်လှန်ရေးသည် အောင်မြင်နိုင်ပေလိမ့်မည်။ နွေဦးတော်လှန်ရေး အောင်မြင်မှသာလျှင် မြန်မာပြည်သူတို့ကို အမြဲဒုက္ခပေးနေသော ရောဂါဆိုးကြီးဖြစ်သည့် စစ်အာဏာရှင်စနစ်ဆိုးသည် မြန်မာ့မြေမှ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်၏ အနာရောဂါဆိုးကြီးအား အမြစ်ဖြတ် ချေမှုန်းနိုင်သည့် စစ်မှန်သည့် ဆေးစွမ်းကောင်းဖြစ်သော စစ်အာဏာရှင်စနစ် တော်လှန်ရေးကိုသာ မိမိတို့ မြန်မာပြည်သူများအနေဖြင့် တစိုက်မတ်မတ် ရွေးချယ်ကြရန် လိုအပ်ပါကြောင်း....။
ညိုသူ