မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲကို ဇူလိုင် ၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သပိတ်ကျင်းမြို့နယ်ထဲက ကွင်း ၂၉ ဂေါက်ကွင်းကို ညနေ ၄ နာရီခွဲလောက်မှာ စစ်တပ်ရဲ့ တိုက်လေယာဥ်တစီးတည်း ၂ ခေါက်လာပြီး ကလပ်စတာဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် လာကြဲသွားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲခံရတဲ့ ဂေါက်ကွင်းနဲ့ အနီးအနားဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့လည်း ဆိုပါတယ်။
သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ခံ ကိုနဂါးနီက “တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲသွားတယ်။ ကြဲသွားတဲ့ဗုံးကလည်း ကလပ်စတာဗုံး။ ကလပ်စတာဗုံးဆိုတာ ဗုံးအသေးလေးတွေ အများကြီးပါပြီးတော့ ဗုံးပဒေသာလို့ခေါ်တဲ့ အဲဒီဗုံးတွေဟာ ထပ်ဆင့်ထပ်ဆင့်ပေါက်ကွဲလို့ ထိခိုက်သေဆုံးစေမှု မြင့်မားစေတယ်။ အဲဒါကြောင့် နိုင်ငံတကာက တားမြစ်ထားတာကို စစ်တပ်ဘက်က အသုံးပြုပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်။ ပြည်သူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ ဂေါက်ကွင်းထဲက သစ်ပင်ပန်းပင်တွေ ပျက်စီးကုန်တယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဥ် ကျူးလွန်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ မဖြစ်မနေ တူးထားကြဖို့ အထူးတိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင် ၅ ရက်ကလည်း သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံပြည်သူ ၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။