
တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၆ ယောက် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ KNLA တပ်ရင်းဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးက ပြောပါတယ်။
ဇူလိုင် ၃ ရက်မှာ စစ်ကောင်စီရဲ့ ခမရ ၂၆၅ တပ်ရင်းက တပ်သားတယောက်၊ ၄ ရက်နေ့မှာ ခလရ ၂၆၅ တပ်ရင်းက ၂ ယောက်နဲ့ ၅ ရက်နေ့မှာ ခလရ ၁၀၃ တပ်ရင်းက ၃ ယောက် ဘက်ပြောင်းခိုလှုံလာတယ်လို့ KNLA တပ်ရင်းကနေ သိရပါတယ်။
ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံမှ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရကာ ပလောက်မြို့၊ တိုင်းဗဟို ၁၂ လေ့ကျင့်ရေး သင်တန်းကျောင်းက အပတ်စဥ် ၈ သင်တန်းဆင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
KNU တနင်္သာရီမြို့နယ် ဥက္ကဋ္ဌ ပဒိုညာဝါးက “သူတို့ တပ်ကထွက်လာကြတာ ကျနော်တို့နဲ့ အဆက်အသွယ်မရလို့ ၂ ယောက်အဖွဲ့ဆို လမ်းမှာ ၄ ရက်လောက် လမ်းပျောက်နေတယ်။ သူတို့နဲ့အတူ MA 1 သေနတ် ၃ လက်နဲ့ ကျည်တွေ၊ ကျည်ဘောက်တွေ ပါလာတယ်။ လက်ရှိမှာတော့ ကောင်းကောင်းမွန်မွန် လက်ခံစောင့်ရှောက်ထားပြီး ပါလာတဲ့ လက်နက်တလက်စီအတွက် ကျပ်သိန်း ၃၀ ဆု ပြန်လည်ချီးမြှင့်ထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ ရှိနေတဲ့ တပ်သားတွေအနေနဲ့ ပြည်သူတွေလက်ခံတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပူးပေါင်းပေးဖို့နဲ့ ဘက်ပြောင်းခိုလှုံလာသူတွေကိုလည်း အမြဲကြိုဆိုနေမှာပါလို့ KNU တပ်မဟာ ၄ ဥက္ကဋ္ဌ ပဒိုညာဝါးက ပြောပါတယ်။