
စစ်အာဏာရှင်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ထိုင်းနိုင်ငံက အဆိုပြု ကြိုးပမ်းနေချိန်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ တော်လှန်ရေး အင်အားစုတွေ တဖွဲ့ချင်းစီမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေနဲ့ စုပေါင်းဆွေးနွေးဖို့ လိုလားနေပါတယ်။
ဒါပေမဲ့ အဲဒီလို ဆွေးနွေးမှုတွေ ဖြစ်လာဖို့ တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းညီညွတ်မှုနဲ့ နိုင်ငံရေး အာမခံချက်တွေက အရေးကြီးတယ်လို့ နိုင်ငံရေးသုတေသီတွေကလည်း သုံးသပ်နေကြပါတယ်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ထိုင်း-မြန်မာနယ်စပ်က KNU, KNPP လို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းရေးကို ထိုင်းနိုင်ငံက ကြားဝင်စေ့စပ်ဖို့ အဆိုပြုထားတဲ့အပေါ် KNU က ကြိုဆိုပြီး စစ်တပ်နဲ့ တွေ့ဆုံညှိနှိုင်းရေးမှာတော့ သဘောတူညီချက် ၅ ခုနဲ့ SCEF က ကိုယ်စားတွေ့ဆုံတာမျိုး လိုလားတယ်လို့ DVB ကို ပြောပါတယ်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက “ကျနော်တို့ရဲ့ သဘောထားကတော့လေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားမယ်ဆိုတဲ့ နဂိုကတည်းက သဘောထား ရှိထားပြီးသားဖြစ်သလို အခုလို ထိုင်းနိုင်ငံက ကူညီမယ်ဆိုတော့ ထွေထူးပြောစရာ လိုမယ်မထင်ဘူးပေါ့နော်။ နောက်ပြီးတော့ ကျနော်တို့ဘက်ကနေ SCEF အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါမှလည်း ယနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြေရှင်းသွားနိုင်မယ်လို့ ကျနော်တို့ ဒီလိုပဲ ယုံကြည်ပါတယ်။ စစ်တပ်ရဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးအပေါ် အမြင်သစ်ကတော့ ကျနော်တို့ အနေနဲ့ ပြောရခက်တာပေါ့နော်။ တဖက်ကလည်းပဲ SCEF အနေနဲ့ အဆင့် ၅ ဆင့်ကို ကျနော်တို့ ထည့်သွင်းဆွေးနွေးသွားဖို့လည်း ရှိတာပေါ့နော်” လို့ ပြောပါတယ်။
KNU ပူးပေါင်းပါဝင်တဲ့ SCEF အနေနဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးမယ်ဆိုရင် အကြမ်းဖက်မှုတွေကို လျှော့ချဖို့၊ အရပ်သားတွေကို ကာကွယ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဖို့၊ နိုင်ငံရေးအကူးအပြောင်း မူဘောင်အပေါ် သဘောတူညီမှုရရှိဖို့၊ သဘောတူညီထားတဲ့ နိုင်ငံရေးအကူးအပြောင်း မူဘောင်ကို အကောင်အထည်ဖော်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ဖို့ စတဲ့ အဆိုပြုချက် ၅ ချက် ရရှိမှာသာ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာနိုင် တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဘက်ကလည်း စစ်အာဏာရှင်အုပ်စုနဲ့ တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးမဲ့ သဘောထားမျိုး မရှိဘူးလို့ DVB ကို ဖြေကြားဖူးပါတယ်။
SCEF အနေနဲ့ စုပေါင်းတွေ့ဆုံဆွေးနွေးနိုင်ဖို့ ဆိုတဲ့နေရာမှာ တော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးနေပြီး လက်ရှိမှာတော့ SCEF အတွင်း အဲဒီလို စုပေါင်းပါဝင်နိုင်ရေး အကန့်အသတ်တွေ ရှိနေသေးတယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ပါတယ်။
နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးက “SCEF ရဲ့ စုပေါင်းသဘောထားက အရေးကြီးတယ်လို့ ပြောလို့ရတယ်။ အခုလက်ရှိမှာ SCEF မှာ ဒီ ၁၀၂၇ ဖော်ဆောင်ခဲ့တဲ့ ညီနောင်သုံးဖော်စလုံး မပါသေးဘူး။ ပိုပြီးတော့ သိသာတာ ညီနောင်သုံးဖော်မှာလည်း နှစ်ဖွဲ့က အခု နေပြည်တော်နဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ ကိစ္စတွေရှိသလို AA ကလည်း တဖက်မှာ သူ့ရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတဲ့ ဟာတွေ တွေ့ရလိမ့်မယ်။ ဆိုတော့ အဲဒီ ပူးပေါင်းပါဝင်မှု မရှိတဲ့အတွက်ကြောင့်မို့ တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ အကြောင်းအရာ ပေါ်မှာတော့ ကျနော်တို့ အကျိုးသက်ရောက်မှုတွေ ရှိသွားလိမ့်မယ်။ ရလဒ်ပေါ်မှာတော့ အခုလိုမျိုး ပြန့်ကျဲနေတဲ့ အနေအထားမျိုး ဖြစ်နေတယ်ဆိုရင်တော့ ရလဒ်ပေါ်မှာတော့ အများကြီး အကန့်အသတ်တွေ ရှိနိုင်တယ်။ အထူးသဖြင့်တော့ ကျနော်တို့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါပေါက်ရေးဆိုတဲ့ ရလဒ်ဘက်ကို ရောက်နိုင်ဖို့တော့ အလှမ်းဝေးတယ်လို့ ပြောလို့ရပါမယ်ခင်ဗျ” လို့ ပြောပါတယ်။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ရှိရေး၊ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်ရေး၊ အရပ်သား ထိခိုက်သေဆုံးမှု ရပ်တန့်ရေး၊ သဘောတူညီချက် စောင့်ကြည့်စစ်ဆေးရေးယန္တရား ထားရှိရေးနဲ့ သဘောတူညီချက် မလိုက်နာပါက အကျိုးဆက်သတ်မှတ်ရေးတို့ မရှိဘဲ တွေ့ဆုံညှိနှိုင်းရေးက အလုပ်ဖြစ်နိုင်မှာ မဟုတ်ကြောင်း နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုးက မှတ်ချက်ပြုထားပါတယ်။











