
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် ရာထူးက ဆိုင်းငံ့ခံလိုက်ရပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီး၊ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရဲ့ တူမ ရှင်နာဝပ် တတိယမျိုးဆက် ခေါင်းဆောင်ဟာ အခုဆိုရင် သူ့အဖေနဲ့ သူ့အဒေါ်လိုပဲ အာဏာချောက်ကမ်းပါးပေါ် ကြိုးတန်းလျှောက်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန် ဘာကြောင့် အောက်ဖဲလှန်သလဲ၊ နောက်ထပ် ရှင်နာဝပ် တယောက် အဖေနဲ့ အဒေါ်လမ်း လိုက်ရဦးမလား၊ သက်ဆင်မိသားစု အာဏာရလိုက်၊ စစ်တပ်က အာဏာသိမ်းလိုက် သံသရာလည်ခဲ့တဲ့ ထိုင်းနိုင်ငံရေး ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ပထမ ရှင်နာဝပ် ခေတ်ဦး
ထိုင်းဘီလီယံနာ ရှင်နာဝပ် မိသားစုဟာ ထိုင်းနိုင်ငံရေးကို ၂၅ နှစ်လောက် လွှမ်းမိုးနေခဲ့တာဖြစ်ပေမဲ့ အမြဲတမ်း အာဏာသိမ်းတာ၊ ဖွဲ့စည်းပုံခုံရုံးက ဖယ်ရှားတာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ သက်ဆင်ရှင်နာဝပ်ဟာ ရဲအရာရှိအဖြစ် တာဝန်ယူခဲ့ဖူးပြီး အဲဒီကာလကတည်းက စီးပွားရေးမျိုးစုံ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၇ ရဲထဲကထွက်ခဲ့အပြီး နောက်ပိုင်းမှာတော့ ဆက်သွယ်ရေးလုပ်ငန်းနဲ့ အကြီးအကျယ် ချမ်းသာလာခဲ့ပါတယ်။ အဲဒီနောက်မှာမှ နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းချစ်တဲ့ ထိုင်းလို့ အဓိပ္ပာယ်ရတဲ့ (ထိုင်းရတ်ထိုင်း) ပါတီကို ထူထောင်ခဲ့ပြီး ၂၀၀၁ အောင်ပွဲနဲ့အတူ ပထမဆုံး သက်တမ်းပြည့် ထမ်းဆောင်ခွင့်ရတဲ့ ထိုင်းဝန်ကြီးချုပ် ဖြစ်လာပါတယ်။ သက်ဆင်ရဲ့ မူဝါဒတွေဟာ တော်ဝင်ထီးနန်းနဲ့ စစ်တပ်ရဲ့ လွှမ်းမိုးမှုရှိတဲ့ ပင်မနိုင်ငံရေး အသိုက်အမြုံကို စိတ်ကုန်နေကြတဲ့ ကျေးလက်မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း အစဉ်အလာ လူမှုအစီအစဉ်ကို ချိုးဖျက်မယ့် ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခံခဲ့ရပါတယ်။
ငွေသားထောက်ပံ့ပေးတာလို မူဝါဒတွေကြောင့် ကျေးလက်ဒေသတွေမှာ ထောက်ခံမှု အင်မတန် အားကောင်းခဲ့ပြီး ၂၀၀၅ အပြတ်အသတ် ထပ်နိုင်တဲ့အတွက် ပထမဆုံး တပါတီတည်း အပြတ်အသတ် အနိုင်ရမှုအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လနဲ့ချီတဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၀၆ စက်တင်ဘာမှာ ပြည်ပခရီးစဉ်သွားနေတုန်း ဘန်ကောက်မြို့ လမ်းမတွေပေါ် တင့်ကားတွေ ထွက်လာပြီး စစ်တပ်က အာဏာသိမ်းသွားခဲ့ပါတယ်။ နောက်တနှစ်မှာ သက်ဆင်ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံခဲ့ရပေမဲ့ သက်ဆင်ဟာ မန်ချက်စတာစီးတီးအသင်းကိုတောင် ဝယ်ယူနိုင်ခဲ့သလို ပြန်ရောင်းတဲ့အခါမှာလည်း အကြီးအကျယ် မြတ်စွန်းခဲ့ပါတယ်။
ယောက်ဖနဲ့ ညီမ ဒုတိယမျိုးဆက်
သက်ဆင်ဟာ ပြည်ပမှာပဲ တိမ်းရှောင်နေခဲ့ပေမဲ့ ပြည်တွင်းရေးမှာ အမြဲတမ်း လွှမ်းမိုးနေခဲ့ပါတယ်။ သက်ဆင်ကို ဖြုတ်ချအပြီးမှာ ထိုင်းရတ်ထိုင်းပါတီပါ ဖျက်သိမ်းခဲ့ရပေမဲ့ အစားထိုး ပေါ်ပေါက်လာတဲ့ ပြည်သူ့အာဏာပါတီ (People Power) ပါတီက နောက်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၂၀၀၈ မှာ နာမည်ကျော်စားဖိုမှူးကြီး ဆမတ် ဆွန်ဒရာဝဲ့က ဝန်ကြီးချုပ်တာဝန် ယူခဲ့ပါတယ်။ ဆမတ်ကို ဟင်းချက်သရုပ်ပြရာမှာ ငွေယူတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုံရုံးက ဖယ်ရှားခဲ့ပါတယ်။ အဲဒီလိုနဲ့ သက်ဆင်ရဲ့ယောက်ဖ ဆွမ်ချိုင်းဝုန်ဆာဝတ်က တာဝန်ယူခဲ့ပြန်ပါတယ်။ ဆွမ်ချိုင်းဟာ သက်ဆင်ရဲ့ တခြားညီမတယောက်ဖြစ်တဲ့ ယောင်ဝါဖာရဲ့ ခင်ပွန်းဖြစ်ပါတယ်။ ဒီဝန်ကြီးချုပ်နှစ်ဦးစလုံးဟာ တနှစ်မခံခဲ့သလို ပါတီလည်း ထပ်မံဖျက်သိမ်းခံခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ (ထိုင်းအတွက်) လို့ အဓိပ္ပာယ်ရတဲ့ ဖွေထိုင်းပါတီ ဖြစ်လာပြီးတော့ သက်ဆင်ရဲ့ ညီမ ယင်လပ် ၂၀၁၁ မှာ ရွေးကောက်ပွဲနိုင်ပြီးတော့ ဝန်ကြီးချုပ် ဖြစ်လာပြန်ပါတယ်။ သူ့လက်ထက် စစ်ဘက်နဲ့ပါ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားခဲ့ပေမဲ့ သက်ဆင် ပြန်လာနိုင်ရေး လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်း အတည်ပြုဖို့ ကြိုးစားရာမှာ မအောင်မမြင်ဖြစ်ခဲ့သလို နဂိုကတည်းက မခိုင်တဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ပြန်ပြိုလဲသွားခဲ့ပါတယ်။
၂၀၁၄ မှာ ယင်လပ်ကို ဝန်ကြီးချုပ်ရာထူးက ဖယ်ရှားဖို့ ခုံရုံးက ဆုံးဖြတ်ခဲ့သလို နောက်သုံးပတ် အကြာမှာတော့ ကျန်ရှိတဲ့ သူ့အစိုးရအဖွဲ့ဆီကနေ စစ်တပ်က အာဏာသိမ်းလိုက်ပါတော့တယ်။
အငယ်ဆုံးသမီး တတိယမျိုးဆက်
အခုနောက်ဆုံး သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖဲထောင်းထန်း ကတော့ မိသားစု စီးပွားရေး အင်ပါယာထဲက ဟိုတယ်လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေရင်းနဲ့ နိုင်ငံရေးလောကထဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၃ မဲဆွယ်ကာလမှာ ကိုယ်ဝန်ကြီးနဲ့ သွားလာလှုပ်ရှားခဲ့တဲ့ ဖဲထောင်းထန်းဟာ သက်ဆင်မိသားစုရဲ့ တတိယမျိုးဆက် ဦးဆောင်သူဆိုတဲ့ ပုံရိပ်ကို လျင်လျင်မြန်မြန်ပဲ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ ဖွေထိုင်းပါတီဟာ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးပဲ ရခဲ့ပါတယ်။ တိုးတက်တဲ့ အမြင်ရှိတဲ့ လူကြိုက်အများဆုံး မဲအများဆုံးရခဲ့တဲ့ ဖိထားလင်မ်ဂျာရွန်းရတ် ဦးဆောင်တဲ့ Move Forward ပါတီကို ချန်လှပ်ပြီးတော့ ကျန်ပါတီတွေ ညွန့်ပေါင်းဖွဲ့ရာမှာ ဖွေထိုင်းပါတီက ဦးဆောင်နိုင်ခဲ့ပါတယ်။ ဖွေထိုင်းပါတီက ဆေထာထဝီးဆင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပေမဲ့ သူလည်း တနှစ်ပဲခံခဲ့ပြီး ခုံရုံးရဲ့ ဖြုတ်ချမှု ခံခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ အသက် ၃၈ နှစ်ပဲရှိသေးတဲ့ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖဲထောင်းထန်းဟာ အာရှရဲ့ အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် ၂၀၂၄ မှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
ဒီတကြိမ် ဖွေထိုင်းပါတီ အာဏာရချိန်မှာ သက်ဆင် ပြည်တော်ပြန်ဖို့ ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ထောင်ဒဏ်ရှစ်နှစ် ကျခံရပေမဲ့ ထိုင်းဘုရင်က တနှစ်အထိ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပါတယ်။ အဲဒီပြစ်ဒဏ်ကိုလည်း ဆေးရုံမှာပဲ ကုန်ဆုံးခဲ့ရပြီးတော့ ခြောက်လအကြာမှာ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ပေးတဲ့ လွတ်ငြိမ်းသက်သာခွင့် ထပ်ရပြီး ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
ဟွန်ဆန် ဘာကြောင့်အောက်ဖဲလှန်ခဲ့သလဲ
ဒီတကြိမ်မှာ သမီးရှင်နာဝပ် ရာထူးပြုတ်အောင် မီးထိုးပေးခဲ့တာက သက်ဆင်ရဲ့ သက်တမ်းရှည်မဟာမိတ် ဖြစ်ခဲ့တဲ့ ဟွန်ဆန် ဖြစ်ပါတယ်။
နှစ်ဖက်ခေါင်းဆောင်ချင်း၊ သံတမန်ရေးအရရော ခင်မင်မှုအရပါ ပြောဆိုဆွေးနွေးမှုကို အသံဖမ်းထားခဲ့တာ၊ ဖွင့်ချခဲ့တာဟာ အရှက်ရစရာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟွန်ဆန်ကတော့ သူကသာ ကျေးဇူးရှိသူဖြစ်ပြီး သူ့အပေါ်မှာ ရှင်နာဝပ်မိသားစု ကျေးဇူးကြွေး မရှိဘူးဘဲ ပြောနေပါတယ်။
ဟွန်ဆန်က သက်ဆင်ကို ရည်ညွှန်းပြီးတော့ “ကိုယ့်သမီး ကိုယ်ထိန်း၊ မင်းသမီးလည်း ဝန်ကြီးချုပ်၊ ငါ့သားလည်း ဝန်ကြီးချုပ်” လို့ ပြောပြီးတော့ သူအရင် သစ္စာဖောက်ခံရတာလို့ကို ပြောပါတယ်။ သက်ဆင်မိသားစုအကြောင်းပါ ဖော်မယ်လို့ လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ အဖေ ဟွန်ဆန်က ပြောထားပါတယ်။
ဒီဇာတ်လမ်းဟာ သမိုင်းနဲ့ချီတဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှု၊ နှစ်ဖက်စစ်တပ် ထိပ်တိုက်တွေ့မှုတို့က စတာဖြစ်ပေမဲ့ အဲဒီလောက် မရိုးရှင်းပါဘူး။ ပေါက်ကြားတဲ့ အသံဖိုင်မှာလည်း ဟွန်ဆန်ဟာ နယ်စပ်ပြန်ဖွင့်ပေးရေးကိုပဲ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။ အဓိကပြဿနာဟာ ကောလ်စင်တာအဖြစ် ဖန်တီးထားတဲ့ ကျားဖြန့်လို့ နာမည်ကြီးတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်နေပါတယ်။ ကမ္ဘောဒီးယားဘက်ခြမ်းက ငွေလိမ်ဂိုဏ်း ပြဿနာကြောင့် ထိုင်းက နယ်စပ်ပိတ်တာကနေ စတဲ့ကိစ္စ ဖြစ်ပါတယ်။
ဟွန်ဆန် ကိုယ်တိုင်က အွန်လိုင်းလိမ်လည်မှုတွေ ရှိနေတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ အဲဒီလိုမလုပ်ဘဲ နယ်စပ်ကိုပိတ်၊ ကမ္ဘောဒီးယားကို ထိုးချတာလို့ ဆိုပါတယ်။ တကယ်တမ်းက ကော်လ်စင်တာ လိမ်လည်မှုတွေ ကမ္ဘာမှာ မြင့်တက်လာတဲ့နေရာမှာ ထိုင်းက မြစ်ဖျားခံတာလို့ ပြန်စွပ်စွဲထားပါတယ်။ အိမ်နီးချင်း၊ မြန်မာတို့ လာအိုတို့ နယ်စပ်က ငွေလိမ် ကျားဖြန့်တွေကိုပါ ထိုင်းက ကျောထောက်နောက်ခံ ပေးထားတာလို့ စွပ်စွဲထားပါတယ်။
ဒီကိစ္စကို နိုင်ငံတကာက၊ အထူးသဖြင့် အမေရိကန်နဲ့ တရုတ်ကပါ ဝင်စစ်ဖို့၊ ကမ္ဘောဒီးယား ကိုယ်တိုင်က ဒီဖြစ်စဉ်မှာ သားကောင်ဖြစ်ခဲ့ရတာလို့လည်း ပြောထားပါတယ်။ ဆိုက်ဘာရာဇဝတ်ကောင်တွေ၊ မှောင်ခိုစျေးကွက် လှုပ်ရှားသူတွေ အမြတ်ထုတ်နေတဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးရှိတဲ့ ထိုင်းရဲ့ ကဏ္ဍက ပိုကြီးတယ်လို့ပါ စွပ်စွဲထားပါတယ်။
သက်ဆင်ဟာ ထောင်ထဲမနေရဘဲ ဆေးရုံမှာနေခွင့်ရဖို့ တကယ်မဖျားနာဘဲ ဖျားနာချင်ယောင် ဆောင်တာတွေက အစ အောက်ဖဲတွေ အကုန်လှန်ပြီး ပြောနေပါတယ်။ ကျင့်ဝတ်မလိုက်နာသလို အပြောအဆို မဆင်ခြင်တဲ့ ဟွန်ဆန်ရဲ့ ပြောကြားချက်တွေဟာ အကုန်အမှန်လို့ မယူဆနိုင်ပေမဲ့ ရှင်နာဝပ် မိသားစုကို နိုင်ငံရေး ဂုဏ်သတင်းအရ ဆိုးဆိုးရွားရွား ထိခိုက်စေတာတော့ အမှန်ပဲလို့ ဆိုရမှာပါ။
သားအဖနှစ်ယောက်အမှုတွေ ဘာဆက်ဖြစ်မလဲ
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့အမှုကို လက်ခံဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ဇူလိုင် ၁ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအမှုကို ခုံရုံးက လက်ခံလိုက်တဲ့အတွက် စီရင်ချက်မချမီအထိ ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ခံထားရမှာ ဖြစ်ပါတယ်။ ဖဲထောင်းထန်းနဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့ ဖုန်းပြောဆိုမှု အသံဖိုင်ကို စုံစမ်းစစ်ဆေးဖို့ အထက်လွှတ်တော်အမတ် ၃၆ ယောက်က လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
အသံဖိုင်ထဲမှာ ဖဲထောင်းထန်းက အမှတ် ၂ စစ်တိုင်းမှူးကို ရန်ဘက်အဖြစ် ပြောဆိုတာ၊ ဟွန်ဆန်ကို အညံ့ခံ လိုက်လျောတဲ့ လေသံနဲ့ ပြောဆိုတာ၊ ကမ္ဘောဒီးယားဘက်က တောင်းဆိုသမျှ လိုက်နာဖို့ အသင့်ဖြစ်နေတာတွေဟာ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပုဒ်မ ၁၆၀၊ ပုဒ်မခွဲ ၄ နဲ့ ၅ အရ အရည်အချင်းနဲ့ ကိုယ်ကျင့်တရား ကင်းမဲ့ရာရောက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ဟာ ရိုးဖြောင့်မှုမရှိဘူး၊ ကျင့်ဝတ်စံနှုန်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ရာ ရောက်တယ်လို့လည်း စွပ်စွဲထားပါတယ်။
လက်ရှိမှာတော့ ဒုတိယဝန်ကြီးချုပ်တဦးဖြစ်တဲ့ ဆူရိယကျင်ရုန့်ရိန်းကစ်က ယာယီဝန်ကြီးချုပ် တာဝန် ယူထားပါတယ်။ အသက် ၇၀ အရွယ် ဒီပုဂ္ဂိုလ်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတည်းက နိုင်ငံရေးလောကထဲ ဝင်ခဲ့သူဖြစ်ပြီး သက်ဆင် လက်ထက်ကတည်းက ဝန်ကြီးတာဝန်တွေ ယူခဲ့ဖူးသလို ရှေ့က စစ်အာဏာသိမ်းခေါင်းဆောင်တဖြစ်လဲ ဝန်ကြီးချုပ် ပရာယု လက်ထက်မှာလည်း ဝန်ကြီးလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
တရားရုံးအမိန့်အရဆိုရင် ဖဲထောင်းထန်းဟာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ၁၅ ရက်အတွင်း တုံ့ပြန် ဖြေရှင်းရမှာ ဖြစ်ပါတယ်။ တရားရုံးက အမှုကို လက်မခံမီမှာပဲ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ပြီး ဖဲထောင်းထန်းက ယဉ်ကျေးမှုဝန်ကြီး တာဝန်ပါ တွဲယူခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်နေရာက ဆင်းပေးလိုက်ရပေမဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ကက်ဘိနက်အစည်းအဝေး တက်ခွင့်ရှိမှာ ဖြစ်ပါတယ်။
ဖွေထိုင်းပါတီနဲ့ ညွန့်ပေါင်းဖွဲ့ထားတဲ့ ဘွမ်ဂျိုင်ထိုင်းပါတီဟာ လွှတ်တော်ပြန်စရင် ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆို တင်သွင်းမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ဝန်ကြီးဟာ တာဝန်က ဆိုင်းငံ့ခံလိုက်ရတာ ဖြစ်တဲ့အတွက် ဘယ်လိုဆက်ဖြစ်မလဲ မပြောနိုင်သေးပါဘူး။ အကယ်၍ နောက်ပိုင်း အယုံအကြည်မရှိအဆို တင်သွင်းမယ်ဆိုရင်လည်း အတိုက်အခံ Move Forward ပါတီ တဖြစ်လဲ People Party ရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။
ဒီဖုန်းခေါ်ဆိုမှုကိစ္စကိုပဲ နိုင်ငံလုံးဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း စစ်ဆေးနေပါတယ်။ ခုံရုံးကိုတိုင်တဲ့ အထက်လွှတ်တော်အမတ် ၃၆ ယောက်ကပဲ ကော်မရှင်ကိုပါ တိုင်ထားတာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကနေလည်း ထိုင်းတရားရုံးချုပ်အထိ နောက်တမှု ထပ်တက်သွားနိုင်ပြီးတော့ ဖဲထောင်းထန်း ရှင်နာဝပ်ကို နိုင်ငံရေးနယ်ပယ်က ပိတ်ပင်တဲ့ အမိန့်မျိုး ချနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
တဖက်မှာလည်း ဖခင်ဖြစ်သူ သက်ဆင်ဟာ ၂၀၁၅ တုန်းက မီဒီယာအင်တာဗျူးတခုမှာ ပြောဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တော်ဝင်ထီးနန်းအပေါ် စော်ကားရာရောက်တယ်ဆိုတဲ့ စွဲချက်နဲ့ ရာဇဝတ်တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ ဒီအမှုဟာ ထောင် ၁၅ နှစ်အထိ ကျနိုင်ပါတယ်။ ဒါ့အပြင် ထောင်ကျတဲ့အချိန် ဆေးရုံမှာပဲ နေခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေလည်း တရားရုံးချုပ်မှာ ကြားနာဖို့ ရှိနေပါတယ်။ ဘယ်အမှုကပဲဖြစ်ဖြစ် အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ကို ထောင်ထဲပြန်ပို့နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
ထိုင်းနိုင်ငံရေး ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ
တချိန်က ဘယ်လိုပဲ အာဏာသိမ်းသိမ်း တရားမျှတတဲ့ ရွေးကောက်ပွဲတိုင်းမှာ နိုင်ခဲ့တဲ့ သက်ဆင်မိသားစုဟာ ၂၀၂၃ မှာတော့ ရွေးကောက်ပွဲနိုင်ခဲ့တာမဟုတ်ဘဲ ဒုတိယနေရာသာ ရခဲ့တာ ဖြစ်ပါတယ်။ ညွန့်ပေါင်းအစိုးရကို ဦးဆောင် အုပ်ချုပ်တဲ့ ကာလမှာလည်း တယောက် ဘတ် ၁၀,၀၀၀ ဝေတဲ့ Digital Wallet လို အများကြိုက် အစီအစဉ်မျိုးတွေ လုပ်ခဲ့ပေမဲ့ ဖဲထောင်းထန်း အပေါ် လူထုထောက်ခံမှု ထင်သလောက် အားမကောင်းလာခဲ့ဘူးလို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ဒီလိုအချိန်မှာ ဟွန်ဆန်နဲ့ ပြောဆိုမှုအသံဖိုင် ပေါက်ကြားလာခဲ့တာဟာ နောက်ကျော ဓားနဲ့ထိုးခံရသလို ဖြစ်သွားပါတယ်။
ရှင်နာဝပ် မျိုးဆက်ဟာ ဒီတကြိမ်ကြုံတွေ့ရတဲ့ ထိုးနှက်ချက်တွေကိုတော့ ရင်ဆိုင်ကျော်လွှားနိုင်ပါ့မလား၊ လူထုထောက်ခံမှုကိုရော ဆက်ထိန်းထားနိုင်ပါ့မလား၊ ရှင်နာဝပ် နန်းဆက် နေဝင်ချိန်ရောက်ပြီလား ဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။
ရှင်နာဝပ်မျိုးဆက်က တယောက် ဒါမှမဟုတ် သူတို့ထောက်ခံသူတယောက် အာဏာရလာမယ်၊ ပြီးတဲ့အခါ စစ်တပ်က အာဏာသိမ်းမယ်၊ ခုံရုံးက ဖြုတ်ချမယ်၊ တရားရုံးချုပ်က နိုင်ငံရေးလုပ်ခွင့် ပိတ်မယ်ဆိုတဲ့ ဒီ အဆိုးကျော့ သံသရာဟာ ၂၅ နှစ်အတွင်း သုံးကျော့ရှိပြီလို့ ဆိုရတော့မှာပါ။ နိုင်ငံရေးလုပ်ခွင့် အပိတ်ခံထားရတဲ့ ၂၀၂၃ ရွေးကောက်ပွဲနိုင် Move Forward ပါတီခေါင်းဆောင် ဖိထားလင်မ်ဂျာရွန်းရတ် ပြောခဲ့သလိုပဲ “ရွေ့တာနဲ့ ခရီးရောက်တာ မကွဲဘူးဆိုရင် ထိုင်းနိုင်ငံရေးဟာ ဘယ်မှမရောက်ဘဲ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ဖြစ်နေဦးမှာပဲ” လို့ ဆိုရမှာ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ