
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီလို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာကနေ ထောက်ပြ အကြံပြုလိုက်ပါတယ်။
လက်ရှိစုဖွဲ့ထားတဲ့ NUG အစိုးရဟာ ပြည်သူ့နွေဦးတော်လှန်ရေးကို ပန်းတိုင်အထိ ခေါ်ဆောင်ဖို့ လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ ဒေါက်တာတေဇာဆန်းက ဝေဖန်ပါတယ်။
တော်လှန်ရေးအောင်ဖို့ လုံလောက်တဲ့ လူထုထောက်ခံမှုနဲ့ တရားဝင်မှုက NUG မှာပဲ လက်ရှိအချိန်အထိ ရှိနေသေးပေမဲ့ လက်ရှိ NUG ဟာ အဲဒီအခွင့်အလမ်းကို အသုံးမချနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် NUG ဟာ ပြန့်ကျဲနေတဲ့ တိုက်ခိုက်ရေးအင်အားတွေကို စနစ်ကျတဲ့ ဆင့်ကဲအုပ်ချုပ်မှု မတည်ဆောက်နိုင်တာကြောင့် အရည်အသွေးတက်မလာဘဲ စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်တွေပါ ရှိလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် PDF နဲ့ ပကဖ လက်နက်ကိုင်အင်အားစု၂ ခု ဖြစ်နေတာနဲ့ ငွေကြေးပိုင်းဆိုင်ရာမှာလည်း စီမံခန့်ခွဲနိုင်မှု အားနည်းတဲ့အပေါ် ဝေဖန်ထားပါတယ်။
ဒေါက်တာတေဇာဆန်းဟာ နွေဦးတော်လှန်ရေးကာလမှာ ပထမဆုံး ဆန္ဒပြခဲ့သူတယောက် ဖြစ်သလို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ သူဟာ လက်နက်ကိုင်တော်လှန်ရေး နယ်မြေတွေမှာ လှည့်လည်လှုပ်ရှားနေသူတယောက်လည်း ဖြစ်ပါတယ်။
NUG အစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့အပါအဝင် ပြုပြင်ပြောင်းလဲရေးတွေ အမြန်လုပ်ဖို့ ဇန်နဝါရီ ၇ ရက် NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောထားပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း ပြည်ပကိုရောက်နေတဲ့ NUG ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာပြည်တွင်းကိုပြန်လာကြဖို့ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ ထပ်မံ တိုက်တွန်းလိုက်ပြောကြားထားပါတယ်။
NUG အစိုးရ၊ ဝန်ကြီးဌာန ၁၇ ခုမှာ ဝန်ကြီးနဲ့ ဒုဝန်ကြီး ၃၄ ယောက်အထိခန့်အပ်ထားပြီး အဲ့ဒီအထဲက ထက်ဝက်ကျော်ဟာ ပြည်ပကိုရောက်ရှိနေတဲ့အတွက် အများကပြည်သူတွေရဲ့ ဝေဖန်မှုတွေရှိနေတာပါ။