
တနင်္သာရီတိုင်း ပုလောမြို့နယ်က ကိုယ်ထူကိုယ်ထ ပြည်သူ့အခြေပြု အောင်ချမ်းသာ အလယ်တန်းကျောင်းမှာ ကလေးတွေအတွက် ကျောင်းဆောင်အသစ်နဲ့ ဆရာ ဆရာမတွေ လိုအပ်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
စာသင်ကျောင်းကို ရွာရဲ့ ရပ်မိရပ်ဖနဲ့ မိဘတွေက စုပေါင်းဆောက်လုပ်ပေးထားတာဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေအတွက် အိမ်သာ အပါအဝင် ကျောင်းဆောင်အသစ်တွေ လိုအပ်နေသေးတယ်လို့ အောင်ချမ်းသာကျောင်းရဲ့ ဒု-တာဝန်ခံ ဆရာမကြီးက ပြောပါတယ်။
“ကျောင်းသားဦးရေ ၃၀၀ ကျော်ဆိုတော့ ကျောင်းသားဦးရေ ၅၀ မှာ အိမ်သာတလုံး သတ်မှတ်မယ်ဆိုရင် ၆ လုံးလောက် လိုတာပေါ့နော်၊ ကျောင်းသားအတွက်ပေါ့။ ၆ လုံးလောက် လိုတယ်ဆိုတာ လောလောဆယ် ၄ ခန်းဆိုတော့ ကျောင်းခန်းအားလုံးကလည်း ဒီကျောင်းနဲ့ပဲ တဆက်စပ်တည်းရှိတော့ ၆ ခန်းလောက်ရရင် ပိုအဆင်ပြေတာပေါ့နော်။ ပြီးတော့ ဒီအိမ်သာထဲကို ရေကကျတော့ ကိုယ်တိုင်ပဲ လိုက်လုပ်နေရတုန်းပဲ။ လောလောဆယ် အိမ်သာမှာသုံးဖို့အတွက်ဟာကို ပုံးပြာနဲ့ သားတွေကို သွားလုပ်ခိုင်း၊ ကိုယ်ရော ထည့်ပြီးမှ ဒီအိမ်သာတွေကို ဖြန့်ကြက်ပြီး သုံးနေရတာပေါ့။ စာသင်ခန်းထဲကျတော့ ဒီမှာမျိုးပဲ ဒီကျောင်းဆောင်တဆောင်လောက်မျိုး နောက်ထပ် တဆောင်ရမယ်ဆိုရင် ကျောင်းသားအားလုံးဒီမှာ တစုတစည်းတည်းနဲ့ ၃၀၀ ကျော်လုံး ထားနိုင်မှာပေါ့နော်။ အခုလောလောဆယ် တခြမ်းပဲရှိတယ်ဆိုတော့ ဒီလိုမျိုးတခြမ်းအတွက် တခြားနေရာကို ဖြန့်ကြက်ထားရတာပေါ့။ အနီးနားတော့ အနီးနားပဲ။ ဒါပေမဲ့ အရင်ပြီးသွားတဲ့ ၂ နှစ်ထက်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့နော်။”
ပြည်သူ့အခြေပြု အောင်ချမ်းသာအလယ်တန်းကျောင်းကို ဖွင့်လှစ်ထားတာ ၃ နှစ်ရှိပြီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်မှာတော့ ကလေးတွေကို နေအိမ်တွေမှာပဲ စာသင်ကြားပေးခဲ့ကာ အခုပညာသင်ကာလမှာတော့ စာသင်ကျောင်းတွေဆောက်လုပ်ပြီး သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
အောင်ချမ်းသာအလယ်တန်းကျောင်းမှာ ကျောင်းသား ကျောင်းသူ ၃၀၀ ကျော် တက်ရောက် ပညာသင်ကြားနေပြီး ဆရာ ဆရာမ ၁၃ ယောက်ပဲရှိတဲ့အတွက် ဆရာ ဆရာမတွေလည်း လိုအပ်နေတယ်လို့ ကျောင်းမှာစာသင်ကြားပေးနေတဲ့ ဆရာမတယောက်က ပြောပါတယ်။
“လုံလောက်မှုမရှိဘူးဆိုတာထက် ကိုယ့်မှာ ဆရာ ၁၃ ယောက်က လုံးဝကွက်တိဖြစ်နေတယ်။ ကွက်တိဖြစ်နေဆို တယောက်ယောက်သာ နေမကောင်းဖြစ်ရင် ဒီနေရာမှာအစားထိုးဖို့ ဆရာ ဆရာမ မရှိဘူးဖြစ်နေတာပေါ့။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ဆရာနှစ်ယောက်လောက်က ခွင့်ယူပြီးခါကျရင် မလာနိုင်တဲ့အထိ ဒီနေရာမှာအစားထိုးဖို့ လစ်ဟင်းနေလိမ့်မယ်။ ကျောင်းသားတွေကလည်း တယောက်ကို တတန်းလောက်မျိုး ဆရာ ဆရာမတွေက ကိုင်ပေးထားရတဲ့အတွက် လုံးဝ အဆင်မပြေသလိုမျိုးဖြစ်နေတာပေါ့။ တကယ်လို့ တတန်းမှာသာ နှစ်ယောက်လောက် ဆရာမအပိုရှိနေရင် အလွယ်တကူ လုပ်ဆောင်လို့ အဆင်ပြေတာပေါ့။ ခွင့်ယူ နေမကောင်းဖြစ်သည်အထိလည်းပဲ ဒီဘက်မှာ မလစ်ဟင်းတော့ဘူးပေါ့။ သင်ကြားရေးပိုင်းမှာ။”
အောင်ချမ်းသာအလယ်တန်းကျောင်းမှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ KG ကနေ Grade 9 အထိ ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။










