
ပြည်သူ့အုပ်ချုပ်ရေး (Public Administration) မရှိလျှင် ဘာဖြစ်လာမလဲ
ပြည်သူ့ရေးရာမူဝါဒ (Public Policy) ဆိုတာ နိုင်ငံတော်အစိုးရ၊ အစိုးရအဖွဲ့အစည်းတွေ ဒါမှမဟုတ် အများပြည်သူအကျိုးစီးပွားကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ရေး စတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒါမှမဟုတ် ရည်မှန်းချက်တခုကို အကောင်အထည်ဖော်ဖို့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ စည်းမျဉ်းတွေကို ဆိုလိုပါတယ်။
လူအများနားလည်လွယ်အောင် ပြောရရင် "ပြည်သူ့ရေးရာ မူဝါဒ" ဆိုတာ အစိုးရက ပြည်သူတွေရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လိုစီမံခန့်ခွဲမယ်ဆိုတာကို သတ်မှတ်ထားတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဥပမာ - ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ခွင့်ရစေဖို့ အခမဲ့ပညာရေးစနစ် ကျင့်သုံးတာ၊ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေဖို့ ဆေးရုံတွေ တည်ဆောက်တာ၊ ယာဉ်မတော်တဆမှု လျှော့ချဖို့ ယာဉ်စည်းကမ်းဥပဒေ ပြဋ္ဌာန်းတာ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့ လူမှုဖူလုံရေးအစီအစဉ်တွေ ဆောင်ရွက်တာ၊ စတာတွေဟာ ပြည်သူ့ရေးရာ မူဝါဒတွေပဲ ဖြစ်ပါတယ်။
ပြည်သူ့ရေးရာ မူဝါဒရဲ့ အဓိက အဆင့်တွေကတော့
၁။ ပြဿနာသတ်မှတ်ခြင်း (Problem Identification)
၂။ မူဝါဒ ရေးဆွဲခြင်း (Policy Formulation)
၃။ မူဝါဒ အတည်ပြုခြင်း (Policy Adoption)
၄။ အကောင်အထည်ဖော်ခြင်း (Implementation)
၅။ အကဲဖြတ်သုံးသပ်ခြင်း (Evaluation)
နိုင်ငံရေးသိပ္ပံရှုထောင့်ကနေ ပြည်သူ့ရေးရာ မူဝါဒကို ချဥ်းကပ်မယ်ဆိုရင် "အစိုးရက ဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်"လို့ နိုင်ငံရေးသိပ္ပံပညာရှင် Thomas Dye က ဖော်ပြခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လက်အောက်ရှိ ရပ်ကွက်၊ မြို့ရွာတွေမှာဆိုရင် POSDCORB သီအိုရီလို့ ပြောလို့ရတဲ့ အောက်ပါအချက်တွေကို ကျင့်သုံးအကောင်အထည်ဖော်နေတာ မတွေ့ရပါဘူး။
POSDCORB ဆိုတာ ဘာလဲ
P – Planning = စီမံကိန်းရေးဆွဲခြင်း
O – Organizing = အဖွဲ့အစည်းဖွဲ့စည်းခြင်း
S – Staffing = ဝန်ထမ်းခန့်ထားခြင်းနှင့် စီမံခန့်ခွဲခြင်း
D – Directing = ဦးဆောင်ညွှန်ကြားခြင်း
CO – Coordinating = ပူးပေါင်းညှိနှိုင်းခြင်း
R – Reporting = အစီရင်ခံတင်ပြခြင်း
B – Budgeting = ဘတ်ဂျက်ရေးဆွဲခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း
၁။ P – Planning (စီမံကိန်းရေးဆွဲခြင်း)
အဖွဲအစည်း ဒါမှမဟုတ် အစိုးရဌာနတခုက ဘာလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ၊ ဘယ်အချိန်မှာလုပ်မလဲ၊ ဘာတွေလိုအပ်မလဲ ဆိုတာကို ကြိုတင်စဉ်းစားပြီး စီမံကိန်းချမှတ်တာ ဖြစ်ပါတယ်။
ဥပမာ – မြို့နယ်တခုမှာ အင်တာနက်ရရှိရေး စီမံကိန်းလုပ်မယ်ဆိုရင် လိုအပ်ချက်၊ ကုန်ကျစရိတ်၊ အချိန်ကာလနဲ့ လုပ်ငန်းအဆင့်တွေကို ကြိုတင်ရေးဆွဲခြင်း။
၂။ O – Organizing (အဖွဲ့အစည်းဖွဲ့စည်းခြင်း)
ချမှတ်ထားတဲ့ စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ ဌာနတွေ၊ အဖွဲ့တွေ၊ တာဝန်တွေနဲ့ အာဏာပိုင်ခွင့်တွေကို သင့်လျော်စွာ ခွဲဝေသတ်မှတ်တာ ဖြစ်ပါတယ်။
၃။ S – Staffing (ဝန်ထမ်းစီမံခန့်ခွဲခြင်း)
လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်မဲ့ သင့်တော်တဲ့ ဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားခြင်း၊ လေ့ကျင့်ပေးခြင်း၊ တာဝန်ခွဲဝေပေးခြင်းနဲ့ ဝန်ထမ်းဖွံဖြိုးရေး တို့ကို ဆိုလိုပါတယ်။
၄။ D – Directing (ဦးဆောင်ညွှန်ကြားခြင်း)
အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ကို အောင်မြင်စွာ ရောက်ရှိနိုင်ဖို့ ခေါင်းဆောင်က ဝန်ထမ်းတွေကို လမ်းညွှန်တာ၊ ဆုံးဖြတ်ချက်ချတာ၊ အမိန့်ပေးတာနဲ့ လှုဆော်ပေးတာ ဖြစ်ပါတယ်။
၅။ CO – Coordinating (ပူးပေါင်းညှိနှိုင်းခြင်း)
ဌာနတခုနဲ့တခု၊ အဖွဲ့ တဖွဲ့နဲ့ တဖွဲ့ကြား လုပ်ငန်းတွေ ထပ်တူမဖြစ်စေဘဲ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်အောင် ညှိနှိုင်းပေးတာ ဖြစ်ပါတယ်။
၆။ R – Reporting (အစီရင်ခံတင်ပြခြင်း)
ဆောင်ရွက်ပြီးတဲ့ လုပ်ငန်းတွေရဲ့ တိုးတက်မှု၊ အောင်မြင်မှု၊ အခက်အခဲနဲ့ ရလဒ်တွေကို အထက်အရာရှိတွေ၊ သက်ဆိုင်သူတွေနဲ့ ပြည်သူတွေထံ အစီရင်ခံတင်ပြတာ ဖြစ်ပါတယ်။
၇။ B – Budgeting (ဘတ်ဂျက်စီမံခန့်ခွဲခြင်း)
လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဝင်ငွေ၊ အသုံးစရိတ်၊ ဘဏ္ဍာငွေခွဲဝေမှုနဲ့ ငွေကြေးအသုံးပြုမှုကို စီမံခန့်ခွဲတာ ဖြစ်ပါတယ်။ အလွယ်မှတ်မယ်ဆိုရင်
P – စီမံမယ်
O – ဖွဲ့စည်းမယ်
S – လူရွေးမယ်
D – ဦးဆောင်မယ်
CO – ညှိနှိုင်းမယ်
R – အစီရင်ခံမယ်
B – ငွေကြေးစီမံမယ်
အတိုချုပ်ပြောရရင် POSDCORB Theory ဟာ “အုပ်ချုပ်ရေးလုပ်ငန်းတခုကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ” ဆိုတာကို အဆင့် ၇ ဆင့်နဲ့ ရှင်းပြထားတဲ့ အုပ်ချုပ်ရေးသီအိုရီတခု ဖြစ်ပါတယ်။.
အဲဒီစနစ်မရှိရင် ဘာဖြစ်မလဲ
အဲဒီစနစ်မရှိဘူးဆိုရင် အုပ်ချုပ်ရေးမဲ့ခြင်း၊ အစိုးရအဆင့်အတန်း ပျက်စီးခြင်း၊ ပြည်သူ့အကျိုးစီးပွား ထိခိုက်ခြင်း စတဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။
အုပ်ချုပ်ရေးအဆင့်တွေ ဘယ်လိုပျက်စီးသလဲ
ဥပဒေစည်းမျဉ်းတွေကို အကောင်အထည်မဖော်နိုင်တော့ဘူး။ အစိုးရအဆင့်အတန်း ပျက်စီးပြီး အုပ်ချုပ်ရေးလက်မဲ့ ဖြစ်လာမယ်။ အစိုးရအဖွဲ့အစည်းတွေ ဝန်ကြီးဌာနတွေဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ဘူး။
အစိုးရက ပြည်သူလူထုကို ပေးရမဲ့ အခြေခံဝန်ဆောင်မှုတွေ ပျက်စီးပြီး ဝန်ဆောင်မှု မပေးနိုင်တော့ဘူး။
ဥပမာ- ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေသန့် အင်တာနက် စတာတွေကို အစိုးရက ဘာမှလုပ်မပေးနိုင်တော့ဘူး။
ဥပမာဆိုရင် ပြည်သူဟာ အင်တာနက်ရရှိဖို့ ကိုယ်နည်းကိုယ်ဟာနဲ့ ဖြေရှင်းရတယ်။ စတားလင့်ခ်တွေ စျေးကြီးပေးဝယ်ပြီး ဖြေရှင်းရတယ်။ အပိတ်ခံရတဲ့အခါ အလွန်နစ်နာမှု ဖြစ်ရပါတယ်။ အင်တာနက်မရှိတဲ့ ဒုက္ခက အလွန်ကြီးမားပါတယ်။ ဒါပေမဲ့လည်း ဒါကို NUG နဲ့ KNU ဟာ ကောင်းစွာမဖြေရှင်းပေးနိုင်ပါ။
နောက် လျှပ်စစ်မီးဆိုလည်း ပြည်သူလူထုဟာ နေစွမ်းအင်သုံး ဆိုလာစနစ်နဲ့ ဘက်ထရီအိုးတွေကိုသာ အသုံးပြုနေကြရတယ်။ ပြောချင်တာက အစိုးရလို့တော့ အမည်ခံ ချင်ကြတယ်။ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက် ဝန်ဆောင်မှုတွေကိုတော့ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိကြပါ။ ပြည်သူတွေရဲ့ နေ့စဉ်အသုံးအဆောင်တွေ မရရှိနိုင်တော့ဘူး။ အရင်းအမြစ်တွေကို မထိန်းချုပ်နိုင်တဲ့အခါ အကျိုးဆက်တွေဟာ အလွန်ကြီးမားလာပါတယ်။
လူမှုရေးအကျိုးဆက်တွေဟာလည်း အဆင့်အတန်းမရှိနိုင်တော့ပါဘူး။ အုပ်ချုပ်ရေးစီမံမှု မရှိတော့တဲ့အတွက် လူမှုစည်းမျဉ်းတွေ ပျက်စီးရခြင်းဖြစ်ရတဲ့ အကျိုးဆက်ဟာ ကိုယ်ကျိုးရှာ အုပ်ချုပ်မှုဖြစ်ရပ်တွေ ပေါ်ထွက်လာမှုနဲ့ ဒုတ်ဒုတ်ထိ ရင်ဆိုင်လာကြရမှာပါ။ ပြည်သူ့အုပ်ချုပ်ရေးဟာ အစိုးရဗျုရိုကရေစီယန္တရားသက်သက် မဟုတ်ဘဲ အများပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
နေလာနှင်းပျောက်
အဲဒီလိုဖြစ်လာပြီဆိုရင် အင်အားကြီးအစုအဖွဲ့တွေ ဒေသတွင်း တော်လှန်ရေးအဖွဲ့များ(LPDF) ဒါမှမဟုတ် အရပ်ဘက်အဖွဲ့တွေ (CSO) တို့က အာဏာကို လက်ခံယူလာနိုင်ပါတယ်။ အဲဒီအခါမှာ ပြည်သူလူထုရဲ့ လုံခြုံရေး ထိခိုက်လာနိုင်ပါတယ်။ အရင်းအမြစ်နည်းပါးပြီး အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ ဒေသခံပြည်သူလူထုဟာ အုပ်ချုပ်စီမံမှုရဲ့ ကောင်းကျိုးတွေကို မခံစားရဘဲ စစ်ဘေးအန္တရာယ်တွေသာ ကျရောက်လာနိုင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကတော့ နေလာနှင်းပျောက် အခြေအနေသို့ ဆိုက်ရောက်သွားရမှာပါ။
အနှစ်ချုပ်
ပြည်သူ့ရေးရာ မူဝါဒဆိုတာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရက ချမှတ်ပြီး အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေ၊ စည်းမျဉ်းတွေနဲ့ ဆုံးဖြတ်ချက်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံကို လေ့လာနေသူတဦးအတွက်တော့ Public Policy ကို "အစိုးရနဲ့ ပြည်သူကြား ချိတ်ဆက်ပေးသော လက်တွေ့ကျတဲ့ အုပ်ချုပ်ရေးကိရိယာ" လို့လည်း နားလည်နိုင်ပါတယ်။ တနည်းဆိုရရင် ပြည်သူ့အုပ်ချုပ်ရေးဟာ ပြည်သူလုထုရဲ့ ဝန်ဆောင်မှုတွေ၊ ဥပဒေစည်းမျဉ်းတွေ ၊အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေကို စနစ်တကျ ဆောင်ရွက်ရတဲ့ အခြေခံအင်္ဂါရပ်တွေပဲ ဖြစ်ပါတယ်။
ချစ်မင်းနွဲ့ကြည်
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)











