DVB Logo
Home
ဆောင်းပါး
ပိန္နဲပင်ကြိုက်သူများ (သူ့အတွေး သူ့အမြင် – Op-Ed)
DVB
·
November 14, 2026
ပိန္နဲပင်ကြိုက်သူများ (သူ့အတွေး သူ့အမြင် – Op-Ed)
Donate to DVB

မကြာသေးခင် ရက်အနည်းငယ်က ဆိုရှယ်မီဒီယာပေါ်မှာ တွေ့နေကျမဟုတ်တဲ့  သတင်းတပုဒ် ဖတ်လိုက်ရပါတယ်။ NLD အစိုးရ လက်ထက်ကတည်းက ခန့်အပ်ထားခဲ့တဲ့ ယူကေနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စွာမင်းအကြောင်း သတင်းပါ။ ဦးကျော်စွာမင်းက မြန်မာနိုင်ငံမှာ (မအလ) စစ်အုပ်စုက NLD ပြည်သူ့အစိုးရလက်ထဲက နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်လိုက်တာကို လက်မခံနိုင်လို့ CDM လုပ်ခဲ့တဲ့ သံတမန်တဦး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ CDM လုပ်ကြောင်း အချိန်မီ ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့လို့လား၊ ဘာကြောင့်ဆိုလား မသိ။ သူက ဦးကျော်မိုးထွန်းလို ဒီမိုကရေစီဘက်တော်သား ပြည်သူတွေရဲ့ လှိုက်လှိုက်လှဲလှဲ ချီးကျူးထောမနာပြုမှုကို မခံခဲ့ရဘူးလို့  ကျနော် (ဝိုးတဝါး) မှတ်သားထားခဲ့မိပါတယ်။ နောက်တော့လည်း သူ့သတင်းက  မှိန်ဖျော့သွားပြီး နွေဦးပြည်သူတွေစိတ်ထဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါတယ်။ အခုမှ ရုတ်တရက် ပြန်ပေါ်လာတာပါ။

ပြည်သူတွေရဲ့ လက်ခုပ်သြဘာသံ မရတရနဲ့ မြုပ်သွားခဲ့ပြီး ပြန်ပေါ်လာတော့လည်း အဆိုးကြီးမဟုတ်တောင် အကောင်းလို့ မပြောနိုင်တဲ့ သတင်းတခုနဲ့ ဖြစ်ပါတယ်။ ဒီလိုပါ။

ဦးကျော်စွာမင်းဟာ CDM လုပ်ပြီးနောက် လန်ဒန်မြို့က မြန်မာသံအမတ်ကြီး နေအိမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက သူ့ကို ရာထူးက ထုတ်ပယ်တယ်လို့ ကြေညာပြီး သံအမတ်သစ် ခန့်ပါတယ်။ ဦးကျော်စွာမင်းကို သံအမတ်ကြီး နေအိမ်က ဖယ်ပေးဖို့ တောင်းဆိုပါတယ်။ ဖယ်မပေးတဲ့အခါ ယူကေအစိုးရကို တိုင်တန်းပြီး ဖယ်ခိုင်းဖို့ တောင်းဆိုပါတယ်။ ယူကေအစိုးရကလည်း ဦးကျော်စွာမင်းဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့အတွက် လေးစား တန်ဖိုးထားတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေက သူ့ကို အလုပ်က ထုတ်ပယ်ခဲ့ပြီးဖြစ်တဲ့အတွက် သံအမတ်ကြီးနေအိမ်မှာ ဆက်နေခွင့်မရှိဘူး၊ ဒါကြောင့် ဖယ်ပေးပါဆိုပြီး တောင်းဆိုပါတယ်။ ဒါပေမဲ့ ဦးကျော်စွာမင်းက (မအလ) စစ်အုပ်စုဟာ တရားဝင် ပြည်သူ့အစိုးရဆီက အာဏာလုထားတဲ့ အဖွဲ့သာ ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ မဟုတ်ဘူး၊ ဒါကြောင့် အဲဒီ အာဏာလု စစ်အုပ်စုရဲ့ တောင်းဆိုမှုကို လက်မခံနိုင်ဘူးဆိုပြီး သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ အခုတော့ ယူကေအစိုးရက ဦးကျော်စွာမင်းကို တရားစွဲဆိုတဲ့အဆင့်အထိ ရောက်လာပြီ ဖြစ်ပါတယ်။ ဒီအဆင့်ရောက်မှ လူမှုမီဒီယာပေါ် သတင်းတက်လာတာ ဖြစ်ပါတယ်။

အဲဒီသတင်းတက်လာတော့ ထုံးစံအတိုင်း သတင်းအောက်မှာ သဘောထား မှတ်ချက်တွေ မိုးဦးကျချိန် ပလူတွေ မီးလုံးနားဝဲပျံနေကြသလို ထွက်ပေါ်လာပါတယ်။ စနစ်တကျ အုပ်ဖွဲ့ထားကြတာဖြစ်တဲ့ (မအလ) စစ်အုပ်စုရဲ့ သူလျှို ဒလန်အကောင့်တုတွေကလည်း ထုံးစံအတိုင်း ပြည်သူတွေ သူတို့အဘကို အမြင်ကောင်း၊ တော်လှန်ရေးကို အမြင်စောင်းစေနိုင်မဲ့ သဘောထား မှတ်ချက်တွေ ဝိုင်းပေး (ဆွမ်းကြီးလောင်း) ကြပါတယ်။

အဲဒီရက်ပိုင်း ဦးကျော်စွာမင်း သတင်းနဲ့ ပတ်သက်ပြီး ဆောင်းပါးလိုလို သတင်း ဝေဖန်သုံးသပ်ချက် လိုလို ရေးသားချက်တချို့ကိုလည်း ဖတ်ရပါတယ်။ အဲဒီထဲမှာ စိတ်ဝင်စားစရာ ပို့စ်တခုကို တွေ့ခဲ့ရလို့ အကျဥ်းချုပ် မျှဝေချင်ပါတယ်။

အကောင့်ပိုင်ရှင်က သူ့ပို့စ် အစပိုင်းမှာ ဦးကျော်စွာမင်း တရားစွဲဆိုခံရပုံတွေကို အသေးစိတ် ဖော်ပြပါတယ်။ သူ့ပို့စ်ကိုဖတ်ရင်း လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ အင်စတီကျူးရှင်းတွေနဲ့ အက်ဆက်တွေကို ထိန်းချုပ်ထားနိုင်တဲ့ အာဏာလု (မအလ)စစ်အုပ်စုနဲ့ NLD ပြည်သူ့အစိုးရဆိုတဲ့ လှေနံနှစ်ဖက်ကို ခွနင်းထားတဲ့ ယူကေအစိုးရ ဦးကျော်စွာမင်းကိစ္စမှာ အကျပ်အတည်းတွေ့ပြီး ၅ နှစ်လောက် (၂၀၂၁-၂၆) ဇာတ်မျောနေခဲ့ပုံကို မြင်ယောင်လာပါတယ်။ အဲဒီအထိတော့ ကျနော့်အနေနဲ့ ဘာမှ ထူးထူးခြားခြား ပြောစရာမရှိပါဘူး။ ပို့စ်ပိုင်ရှင်ဟာ ယူကေက CDM သံအမတ်ကြီး ဦးကျော်စွာမင်း တနည်း နွေဦးတော်လှန်ရေးဘက်တော်သား ဖြစ်တယ်လို့ ကျနော် ယူဆနေဆဲ ဖြစ်ပါတယ်။

အဲသလိုရေးရင်းနဲ့ သူ့အရေးအသားတွေက CDM သံတမန်တဦးဖြစ်တဲ့   ဦးကျော်စွာမင်း အခုလို တရားစွဲခံရတဲ့အထိ ယူကေမှာ အကျပ်အတည်း တွေ့လာခဲ့ရတာအတွက် NUG မှာ တာဝန်ရှိတဲ့ပုံမျိုးဆီ ဦးတည်လာပါတယ်။ အဲဒီနေရာရောက်တော့ အဲဒီပို့စ်ကို တင်ခဲ့တဲ့ အကောင့်ပိုင်ရှင်ရဲ့ စိတ်ရင်းစေတနာအပေါ် ကျနော် ဇဝေဇဝါ ဖြစ်စပြုလာခဲ့ပါတယ်။ အနည်းဆုံးတော့ သူ့ရဲ့ဉာဏ်ပညာ အမြော်အမြင်အပေါ် ကျနော် ဇဝေဇဝါ ဖြစ်စပြုလာခဲ့ပါတယ်။ သူက NUG နိုင်ငံခြားရေးဝန်ကြီး ဘာလုပ်နေသလဲလို့ မေးခွန်းထုတ်ပါတယ်။ နိုင်ငံတွေမှာ NUG ရဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်ထားတယ်ဆိုတာ ဘာလုပ်ဖို့လဲ။ ဦးကျော်စွာမင်းကိစ္စမှာ အဲဒီရုံးတွေဟာ ဘာမှ အသုံးမဝင်ဘူးဆိုတာ ပြသနေတယ် ဆိုတဲ့သဘော ရေးပါတယ်။ အဲဒီအထိ ကိစ္စမရှိသေးပါဘူး။ ရပါသေးတယ်။ ဒါပေမဲ့ အကောင့်ပိုင်ရှင်က အဲဒီမှာတင်မရပ်ဘဲ ဆက်ရေးပါတယ်။ သူက နိုင်ငံတချို့မှာ    NUG က ဆက်ဆံရေးရုံးတွေ ဖွင့်ထားတာရဲ့ တကယ့်ရည်ရွယ်ချက် အစစ်အမှန်က NUG ကလူတွေ ရောက်လာတဲ့အခါ အနားယူ အပန်းဖြေဖို့ သက်သက်ပဲလို့ ရေးသားခြင်းဖြင့် နွေဦးဘက်တော်သားတချို့ ပြောလေ့ ရေးလေ့ ရှိကြသလို NUG ဟာ နွေဦးတော်လှန်ရေးအတွက် အမှိုက်ပဲဆိုတဲ့ ကောက်ချက်ကို (ပါးပါးကလေး) ဆွဲသွားခဲ့ပါတယ်။ အဲဒီကောက်ချက်ကတော့ ကိစ္စရှိသွားပါပြီ။

လက်ရှိ မြန်မာနိုင်ငံမှာ NLD၊ မအလ စစ်အုပ်စု၊ NUG ဆိုပြီး အစိုးရ ၃ ခု ရှိနေကြောင်း၊ အဲဒီအစိုးရ ၃ ခုစလုံးဟာ အခက်အခဲ အကျပ်အတည်း ကိုယ်စီနဲ့ မရှူနိုင်မကယ်နိုင် ဖြစ်နေကြကြောင်း စတဲ့ကိစ္စတွေကို ကျနော့်ရဲ့… ချိုကားတဲ့သိကြားမင်း.. ခေါင်းစဥ်နဲ့ ဆောင်းပါးမှာ ရေးသားတင်ပြခဲ့ပြီး ဖြစ်တာကြောင့် ဒီဆောင်းပါးမှာ အဲဒါတွေကို ထပ်ပြီး ရေးမပြတော့ပါဘူး။ စိတ်ဝင်စားသူများ DVB ဝက်ဘ်ဆိုက်မှာ ရှာဖွေဖတ်ရှုနိုင်ကြပါတယ်။

ဒီဆောင်းပါးမှာ ကျနော် အဓိက ထောက်ပြချင်တာက ပိန္နဲပင်အကြောင်းပါ။ ဒီကနေ့ နွေဦးရပ်ကွက်ထဲက မြေပြင်နဲ့ အွန်လိုင်း လူမှုမီဒီယာစကားဝိုင်း အများစုမှာ NUG ကို တွယ် (သူတို့ကတော့ ကောင်းစေချင်လို့ ဝေဖန်ထောက်ပြတာပါလို့ ဆိုလေ့ရှိကြပါတယ်။) တဲ့ အပြောအဆို အရေးအသားတွေက လူကြိုက်များတဲ့ အမြည်းတခု ဖြစ်နေပါတယ်။ NUG အကြောင်း မကောင်းပြောတာ မပါရင် စကားဝိုင်းက မစိုပြည်ဘူးလို ဖြစ်နေပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရပ်ဆိုင်းပြီး ERO တချို့ နောက်ဆုတ်သွားတော့လည်း NUG ကို ဆွဲထည့်ပါ တယ်။ PDF နဲ့ LPDF ပြဿနာဖြစ်တော့လည်း NUG ကို ဆွဲထည့်ပါတယ်။ စတားလင်ခ်ကိစ္စ ဖြစ်တော့လည်း NUG ကို ဆွဲထည့်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ တရားမဝင် ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အဖမ်းခံရတော့လည်း NUG ကို ဆွဲထည့်ပါတယ်။ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို မအလ စစ်အုပ်စုက ငွေညှစ်တော့လည်း NUG ကို ဆွဲထည့်ပါတယ်။ ပန်းရောင်ကတ်ကိစ္စ၊ CI ကိစ္စ၊ work permit ကိစ္စတွေမှာလည်း NUG ကို ဆွဲထည့်ပါတယ်။ ဟိုကိစ္စဖြစ်တော့လည်း NUG မှာ တာဝန်ရှိတယ်။ ဒီကိစ္စဖြစ်တော့လည်း NUG မှာ တာဝန်ရှိတယ် ဆိုပြီး ကိစ္စတော်တော်များများမှာ NUG ကို ဆွဲထည့်ကြပါတယ်။

ကျနော်ဖတ်ဖူးတဲ့ မြန်မာ ရှေးဟောင်းပုံပြင်တပုဒ် ရှိပါတယ်။ ဒီလိုပါ။ မိန်းမတယောက်က အမြှောင်ထားပါတယ်။ လင်ကြီးက သိသွားတော့ သူ့မိန်းမ မရှိတုန်း ရောက်လာတဲ့ အဲဒီအမြှောင်ကို သတ်ပစ်လိုက်ပါတယ်။ မိန်းမပြန်လာတော့ ကြံမိကြံရာနဲ့ သူ့အမြှောင်အလောင်းကို ရွာဦးဘုန်းကြီးကျောင်းထဲက ပိန္နဲပင်တပင်ရဲ့ ပင်စည်မှာ မှီထောင်ထားခဲ့ပြီး အိမ်ပြန်အိပ်ပါတယ်။ မိုးလင်းတော့ ကျောင်းထိုင်ဘုန်းကြီးက အလောင်းကိုတွေ့ပြီး သူ့ကို အမှုပတ်မှာ စိုးတာကြောင့် သူ့ကျောင်းကိုလာလည်ရင်း ဆုံးသွားတဲ့ အာဂန္တု ဘုန်းကြီးပုံ ပေါက်အောင် ခေါင်းတုံးတုံး   သင်္ကန်းဝတ်ပေးပြီး ပိန္နဲပင်မှာ ဆက်ထောင်ထားလိုက်ပါတယ်။ မိန်းမက ဘုန်းကြီးကျောင်းရောက်တော့ သူ့အမြှောင် အသွင်ပြောင်းနေတာကို ကြည့်ပြီး… အမလေး.. အစကတော့ ရောင် … ပိန္နဲပင်ထောင်ကာမှ .. ခေါင်းပြောင်သွားပါပေါ့လား… လို့   ပြောပြောပြီး ရင်ဘတ်စည်တီး ငိုပါတယ်။ (အဲဒီခေတ်တုန်းက ယောကျ်ားတွေက အခုခေတ်လို ဆံပင်အတိုနဲ့ မဟုတ်ပါဘူး။ ဆံပင်ရှည်ကို ရောင်ထုံးထားကြတာပါ။) အဲသလို ငိုသံကြားတဲ့အခါ ကျောင်းထိုင်ဘုန်းကြီးလည်း မလုံမလဲ ဖြစ်လာပြီး အဲဒီမိန်းမကို သူ့ဆီခေါ်ပါတယ်။ ရောက်လာတော့.. ဟဲ့ ဒါယိကာမ.. နင့်ဘာသာ နင် ငိုချင်သလောက် ငိုပါကွယ်.. ဘာမှမဆီမဆိုင် ငါ့ပိန္နဲပင်တော့ ဆွဲမထည့်ပါနဲ့.. လို့ ပြောလိုက်ပါသတဲ့။

NUG ဟာ ကမ္ဘာပေါ်မှာ ရှိခဲ့၊ ရှိဆဲ အစိုးရအားလုံးလိုပဲ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိနေတဲ့ အစိုးရတခု ဖြစ်တယ်ဆိုတာ လုံးဝ သံသယရှိစရာ မလိုတဲ့ အချက်ပါ။ အားလုံးသိကြတဲ့အတိုင်း NUG က မြေပြင်မှာ သမားရိုးကျ ပုံမှန်လုပ်ထုံးတွေနဲ့အညီ ပုံစံတကျ typically ဖွဲ့စည်းခဲ့ရတဲ့ အစိုးရ မဟုတ်ပါဘူး။ အခြေအနေအရ လေလှိုင်းပေါ်မှာ ကသောကမြော လူစုပြီး ဒရောသောပါး ဖွဲ့ခဲ့ရတဲ့ အစိုးရပါ။ ဒီတော့ ချို့ယွင်းချက် အားနည်းချက်တွေ ဘယ်လောက်များမယ်ဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ အလွယ်တကူ သိနိုင်ပါတယ်။

ဒါပေမဲ့ တချို့ကိစ္စတွေက ရလဒ်ထက် ယုံကြည်မှုပေါ်မှာ ပိုအလေးထားပြီး အလုပ် လုပ်ကြရတာ ဖြစ်ပါတယ်။ ဒီအတွက် ကျနော် ဥပမာမပေးတော့ပါဘူး။ စာဖတ်သူများ ကိုယ့်ဘာသာ ကိုယ် စဥ်းစားကြည့်ရင် တွေ့နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

NUG ဟာ အဲသလို နှိုင်းယှဥ်ချက်အရ ကမန်းကတမ်းဖွဲ့ခဲ့ရတဲ့ အစိုးရ ဖြစ်ပေမဲ့ အချိန်နဲ့ အခြေအနေ အကန့်အသတ်တွေ ရှိနေတဲ့ကြားက အကျိုးစီးပွားသက်ဆိုင်သူ (stakeholder) အမယ်အစုံဆုံးနဲ့ အကောင်းဆုံး ဖွဲ့စည်းတည်ဆောက်နိုင်ခဲ့တဲ့ အစိုးရ ဖြစ်ပါတယ်။ ဝန်ကြီး၊ ဒုဝန်ကြီး တာဝန်ယူခဲ့ကြသူ အားလုံးဟာ နိုင်ငံအတွက် ပေးဆပ်စွန့်လွှတ်မှု အပိုင်းမှာရော ကိုယ်ကျင့်သီလ အပိုင်းမှာပါ အစစ်ဆေးခံနိုင်သူတွေ ဖြစ်တယ်ဆိုတာ သူတို့ရဲ့ သမိုင်းကြောင်းကို ရိုးသားသန့်ရှင်းတဲ့စိတ်နဲ့ လေ့လာကြည့်လိုက်ရင် တွေ့နိုင်ပါတယ်။ သူတို့မှာ ချို့ယွင်းအားနည်းချက် ရှိနိုင်တာက အရည်အသွေးပိုင်းမှာ ဖြစ်ပါတယ်။ ဒါကလည်း သိပ်တော့ မထူးဆန်းပါဘူး။ လက်နက်ကိုင်တော်လှန်ရေး ဆိုတာက သူတို့တတွေ အပါအဝင် မြန်မာပြည်သူလူထု အများစုကြီး မျှော်လင့် ပြင်ဆင်ထားခြင်း မရှိခဲ့တဲ့ အခြေအနေတရပ် ဖြစ်တာကြောင့် ဖြစ်ပါတယ်။

လက်ရှိမှာ တော်လှန်ရေးဟာ ရှေ့ကို ရောက်သင့်သလောက် မရောက် ဖြစ်နေပြီး (ကျနော်ကတော့ အဲဒီအမြင်ကို သဘောမတူပါဘူး။) အဲသလို ဖြစ်နေတာအတွက် အဓိက တာဝန်ရှိသူဟာ NUG ဖြစ်တယ်လို့ ထင်မြင်ယူဆနေကြသူတွေ ရှိပါတယ်။ အဲဒီလူတွေရဲ့ ရိုးသားမှုနဲ့ ပတ်သက်ပြီး ကျနော် သံသယမရှိပေမဲ့ သူတို့ဟာ နွေဦးတော်လှန်ရေးရဲ့ တစုံလုံး အခြေအနေကို ခြုံငုံသုံးသပ် ရှုမြင်နိုင်စွမ်း ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့တော့ ကျနော် သံသယရှိကြောင်း ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပဲ ပြောချင်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးသက်တမ်း ရှည်ကြာလှပြီဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့တွေ ရှိနေတာ အမှန်ပါ။ အဲဒီအဖွဲ့တွေ အားလုံးက သူတို့လူမျိုးစုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တွေအတွက် လက်နက်ကိုင် ခုခံတွန်းလှန်မှုကို စတင်ခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့ အချက်က လုံးဝ သံသယဖြစ်စရာ မရှိပါဘူး။ အဲဒါက သူတို့အားလုံးရဲ့ ဘုံတူညီချက် ဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးသက်တမ်း ရင့်ညောင်း ကြာရှည်လာတာနဲ့အမျှ သူတို့ လျှောက်လှမ်းရတဲ့ လမ်းကြောင်းတွေက (မလွှဲမရှောင်သာ) အကွေ့အကောက် အတိမ်းအယိမ်းတွေ ရှိလာခဲ့ပါတယ်။ သူတို့ကျင့်သုံးတဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကလည်း မျက်လှည့် လက်လှည့် ကြည့်နေရသလို ဖြစ်လာခဲ့ပါတယ်။ သူတို့နဲ့ စစ်အစိုးရ အဆက်ဆက်ရဲ့ ဆက်ဆံရေးကလည်း ဝင်္ကပါ ဆန်လာခဲ့ပါတယ်။ (အဲသလိုဖြစ်တဲ့ကိစ္စမှာ စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးကို ရည်မျှော်တဲ့ စစ်အစိုးရ အဆက်ဆက်ရဲ့ ခလောက်ဆန်မှုကလည်း မသေးလှတဲ့ အခန်းကဏ္ဍက ပါဝင်တယ်ဆိုတဲ့ အချက်ကိုတော့ သတိပြုသင့်ပါတယ်။)

အဲသလို အခြေအနေမှာ အာဏာလု စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ဖြိုခွဲ ဖမ်းဆီး သတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေရဲ့ တော်လှန်မှု ရုတ်တရက်စတင်၊ ရွေးကောက်ပွဲ ပူပူနွေးနွေး အနိုင်ရထားတဲ့ အမတ်တွေ ရုတ်တရက် တောထဲရောက်လာပြီး နောက် မကြာခင်မှာ NUG ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တကယ့်ကို ဝရုန်းသုန်းကား အခြေအနေမှာ ဖြစ်ပါတယ်။

အဲဒီအခြေအနေထက် အများကြီး ပိုဆိုးတာက နိုင်ငံတကာဆက်ဆံရေး အခြေအနေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် ယေဘုယျအားဖြင့် အနုတ်လက္ခဏာ သက်ရောက်တဲ့ ပထဝီနိုင်ငံရေး အခြေအနေ ဖြစ်ပါတယ်။ အမှန်တော့ မြန်မာ့ပြဿနာ မပေါ်ခင်ကတည်းက ကမ္ဘာကြီးရဲ့ နိုင်ငံတကာဆက်ဆံရေး အခြေအနေ တစုံလုံးက ဆိုးဆိုးရွားရွား နာမကျန်းဖြစ်နေခဲ့တာပါ။ ဆိုလိုတာက လူ့အဖွဲ့အစည်းကို အသားစိမ်းစားတဲ့၊ လူသားစားတဲ့ ခေတ်မှသည် ဒီနေ့ခေတ်အထိ ရောက်လာအောင် ဖွံ့ဖြိုးတိုးတက်လာစေခဲ့တဲ့ လူမှုနှုန်းစံ တန်ဖိုး အကောင်းအမွန်တွေအပေါ် အတ္တဗဟိုပြုတဲ့၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော သဘောထားတဲ့ လူမှုနှုန်းစံတန်ဖိုး အညံ့အယုတ်တွေက (ယေဘုယျအားဖြင့်) အသာစီးရနေတဲ့ အနေအထား ဖြစ်တယ်လို့ ပြောချင်တာပါ။ အထူးသဖြင့် ကျနော်တို့နိုင်ငံက အဲသလို အတ္တဗဟိုပြု နိုင်ငံကြီးငယ်ရွယ်လတ်တွေနဲ့ အိမ်နီးချင်းဖြစ်နေတဲ့ အနေအထားမှာ ရှိနေတာက နွေဦးတော်လှန်ရေးအပေါ် ကြီးကြီးမားမား သက်ရောက်နေတာ ဖြစ်ပါတယ်။ တကယ်လို့ တော်လှန်ရေးက ရှေ့ကို ရောက်သင့်သလောက် မရောက်ဘူး ဖြစ်နေတယ်ဆိုတဲ့ အချက် မှန်တယ်ဆိုရင်လည်း အဲဒါက NUG ကြောင့် မဟုတ်ပါဘူး။ ချောမောလှပတဲ့ မိန်းမပျိုကလေးရဲ့ အိမ်က မုဒိမ်းသမားတချို့ ရှိနေတဲ့ ရပ်ကွက်ထဲ ရောက်နေတာကြောင့်ပါ။ တရားမျှတမှုကို နိုင်သလောက် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးလေ့ ရှိခဲ့ကြတဲ့ (နှိုင်းယှဥ်ချက်အရ) လူကောင်း သူကောင်းတွေကလည်း ဟိုးအဝေးကြီးမှာပါ။

ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသလိုပဲ ကျနော်တို့နိုင်ငံကို နေရာရွှေ့လို့ မရပါဘူး။ ပေးထားချက် အခြေအနေတွေထဲကပဲ နိုင်ငံချစ် ပြည်သူတွေက နိုင်ငံကို အကောင်းဆုံးဖြစ်အောင် ဉာဏ်ပညာနဲ့ တည်ဆောက်ကြရမှာပါ။ စွမ်းဆောင်ရည်ထက်မြက်တဲ့ NUG ဖြစ်လာစေဖို့ ဝေဖန်ရေးက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ ဉာဏ်ပညာ အမြော်အမြင်နဲ့ ပြည့်စုံတဲ့ ဝေဖန်ရေး ဖြစ်ဖို့တော့ လိုပါတယ်။ ပိန္နဲပင် ဆွဲဆွဲထည့်တဲ့ ဝေဖန်ရေးမျိုးကတော့ နွေဦးအတွက် အကျိုးရှိစရာ မမြင်ပါဘူး။

စည်တော်သံ (သူ့အတွေး သူ့အမြင် – Op-Ed)

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013