စစ်အုပ်စုက ဖန်တီးလာနိုင်သည့် ပဋိပက္ခထောင်ချောက်ကို သတိထားရန် NUG တိုက်တွန်း

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း စစ်အာဏာရှင် အုပ်စုအနေနဲ့ နိုင်ငံရေးအကျပ်အတည်းကို အာရုံလွှဲဖို့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ မြေပြင်မှာရော အွန်လိုင်းပေါ်မှာပါ ဖန်တီးလာနိုင်တာကြောင့် ပြည်သူတွေ သတိကြီးကြီးထား ရှောင်ရှားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်း လိုက်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ICJ ကနေ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ထားကြောင်း အမိန့်ချမှတ်လိုက်ပြီးနောက် စစ်အာဏာရှင်တပ်ဟာ အမုန်းစကားတွေနဲ့ အတူ လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခတွေကို မြေပြင်မှာကော အွန်လိုင်းမှာပါ ဖန်တီး လာနိုင်တဲ့ အတွက် လူထုအနေနဲ့ သတိထား ရှောင်ရှားကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းလိုက်တာပါ။
အရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ကိုဖီအာနန် ကော်မရှင် ဖွဲ့စည်းချိန်နဲ့ အစီရင်ခံစာ ထွက်ပေါ်ချိန်တွေတုန်းကလည်း စစ်တပ်နဲ့ အစွန်းရောက် အမျိုးသားရေး အဖွဲ့တွေဟာ အမုန်းစကားဖြန့်တာနဲ့ လူမျိုးရေးပဋိပက္ခ ဖန်တီးတာတွေ လုပ်ဆောင်ခဲ့တဲ့ သာဓက တွေ ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။
ဝန်ကြီး ဒေါ်ဇင်မာအောင်က “စစ်အုပ်စုကတော့ သူ လုပ်နေကျအတိုင်း လုပ်လိမ့်မယ်။ လူမျိုးရေး ထိုးခွဲမှုတွေ။ တကယ်တော့ ဒီကိစ္စက အဖြေမရှိတဲ့ ကိစ္စတော့မဟုတ်ဘူးလို့တော့ ကျမတို့ မြင်တယ်ပေါ့။ အဲတော့ အဖြေရှိတဲ့ ကိစ္စကို သူက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ အကောင်အထည် ဖော်ပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမဲ့အစား အခုလိုမျိုး လူမျိုးရေးပဋိပက္ခကို ဖန်တီးတယ် ဆိုတဲ့ ကိစ္စက တိုင်းပြည်အတွက်လည်း မကောင်းဘူး၊ ဒါ အဖြေလည်း မဟုတ်ပါဘူး။ ဒါကို ကျမတို့ပြည်သူလူထုက Awareness ရှိပြီးသားဖြစ်တယ်။ ခဏခဏလည်း ဒီအတွေ့အကြုံတွေ ရှိပြီးသားဖြစ်တဲ့အတွက် သတိကြီးကြီးနဲ့ ဒီစစ်အုပ်စုရဲ့ ဖန်တီးတဲ့ ထောင်ချောက်ထဲ လူမျိုးရေး ပဋိပက္ခတွေ၊ ဘာသာရေးပဋိပက္ခတွေရဲ့ ထောင်ချောက်ထဲကို ဝင်မသွားဖို့တော့ လိုတယ်”လို့ ပြောပါတယ်။
အလားတူပဲ လက်ရှိမှာ စစ်အာဏာရှင်အုပ်စုဟာ ပဋိပက္ခဖြစ်အောင် ဇာတ်ကွက်ဆင် မီးရှို့တာတွေ အပြင် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းအတု၊ သတင်းအမှားတွေ ဖြန့်ဝေပြီး လူထုရဲ့ စိတ်ခံစားမှုနဲ့ အမုန်းတရား မြင့်တက်အောင် လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ICJ တရားသူကြီး ဖတ်ကြားခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အမုန်းစကား ပြောဆိုမှုတွေကို ထည့်သွင်းဖော်ပြသွားခဲ့တယ်လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။
တဖက်မှာလည်း ဒီဆုံးဖြတ်ချက်နောက်ပိုင်း လူမှုအသိုက်အဝန်းအကြား သဘောထားကွဲလွဲမှု ပိုမိုကြီးထွားမလာစေဖို့အတွက် တော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင် တွေအားလုံး အမြော်အမြင်ကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာသန်းလွင်ဦးက သုံးသပ်ပါတယ်။
CDM ကထိက ဒေါက်တာသန်းလွင်ဦးက “တော်လှန်ရေးမှာ ပါဝင်နေတဲ့ အုပ်စုကိုယ်တိုင်က အရှိတရားကို ပြန်ကြည့်လိုက်လို့ရှိရင် အများစုက စစ်တပ်ကိုတော့ မကြိုက်တာ ဖြစ်ပေမဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်လာလို့ရှိရင်တော့ စစ်အစိုးရမှာ ရှိနေတဲ့ သဘောထားတွေနဲ့ သိပ်မကွဲလွဲတဲ့ သူတွေ တော်လှန်ရေးအုပ်စုထဲမှာ အများကြီး ရှိနေတယ်ဆိုတာ ကျနော်တို့ မြင်ရတယ်။ ဒါလေးကိုလည်း တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဦးဆောင်အသီးသီး၊ အဖွဲ့အစည်းအသီးသီးက အမြော်အမြင် ကြီးကြီးနဲ့ သွားဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။
ဒါ့အပြင် အမှုမှာ အနိုင်ရသွားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင်တွေဘက်ကလည်း ခံစားချက်ကို ရှေ့တန်းတင် လုပ်ဆောင်တာမျိုး မလုပ်ဘဲ အမြော်အမြင်ကြီးဖို့ လိုအပ်သလို စစ်တပ်ရဲ့ ကျူးလွန်မှု အပေါ် တနိုင်ငံလုံး ရောကြိတ်ခံရသလို ခံစားနေရသူတွေ ရှိတာကြောင့် သတိထားကိုင်တွယ်ဖို့ လိုတယ်လို့ သူက ဆက်ပြောပါတယ်။
နိုဝင်ဘာ ၁၉ရက်နေ့က ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ အမိန့်ဆုံးဖြတ်ချက်ထဲမှာ တော့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နစ်နာသူ ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့၊ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပို့ဖို့နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားခဲ့သလို ဒီလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နှစ်နှစ်အတွင်း တရားရုံးဆီ ပြန်လည်အစီရင်ခံတင်ပြဖို့ကိုပါ ICJ က အမိန့်ချမှတ် ဆုံးဖြတ် ထားပါတယ်။
မောရစ်











