
ကင်ညာနိုင်ငံရဲ့ မြို့တော် နိုင်ရိုဘီမြို့လယ်မှာ ရဲတွေ ထူထူထပ်ထပ် တာဝန်ချထားသလို လမ်းပိတ်ထားတဲ့ကြားက ဇူလိုင် ၇ ရက်မှာ ဆန္ဒပြသူတွေ ထွက်လာခဲ့ကြပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့ ရည်ရွယ်ပြီး လုံခြုံရေး တင်းကျပ်ထားပေမဲ့ ဖီဆန်ရင်း လူအုပ်ကြီးက စုဝေးခဲ့ကြတာပါ။
ဆန္ဒပြပွဲတွေဟာ ကင်ညာနိုင်ငံကို ပါတီစုံဒီမိုကရေစီစနစ်ဆီ တွန်းပို့ကူညီခဲ့တဲ့ ၁၉၉၀ ဆာဘာဆာဘာ ချီတက်ပွဲ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေပါတယ်။
ကင်ညာရဲတပ်ဖွဲ့က ချီတက်နေတဲ့ ဆန္ဒပြလူအုပ်ကို ပစ်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာန သတင်းထောက်တယောက်က ပြောခဲ့ပါတယ်။
အမျိုးသားတယောက် သွေးထွက်သံယို ဒဏ်ရာတွေနဲ့ လမ်းပေါ်မှာ မလှုပ်မယှက် လဲလျောင်းနေတာကို တွေ့ခဲ့ရပါတယ်။
မနက်ပိုင်းတလျှောက်မှာ အဓိကရုဏ်းနှိမ်နှင်းရေး ရဲတွေက လမ်းတွေပေါ်မှာ ကင်းလှည့်ရင်း ဆန္ဒပြသူတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ ဖြန့်ကျက် နေရာချထားပါတယ်။
သံချပ်ကာယာဉ်တွေနားမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ထူထူထပ်ထပ် စောင့်ကြပ်နေခဲ့ပါတယ်။
လမ်းတွေပေါ်မှာ ကျောက်ခဲတွေ၊ မျက်ရည်ယိုဗုံးခွံတွေ ပြန့်ကျဲနေပြီး မြို့တော်အရပ်ရပ်မှာ ဆန္ဒပြသူတွေ ပြန်စုလာခဲ့ပါတယ်။
ဖြိုခွင်းတာတွေ ရှိပေမဲ့ ဆန္ဒပြသူတွေက လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရဲတပ်ဖွဲ့နဲ့ ဆက်ရင်ဆိုင်နေကြပါတယ်။
Source: Reuters