
မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို တင်ပို့တဲ့ ပို့ကုန်ပစ္စည်းတွေကို လာမယ့် ဩဂုတ် ၁ ရက်ကစပြီး စည်းကြပ်အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စစ်ခေါင်းဆောင်ထံ လိပ်မူပြီး စာပို့လိုက်ပါတယ်။
ဇူလိုင် ၇ ရက်က ပေးပို့လိုက်တာဖြစ်ပြီး စစ်ခေါင်းဆောင်နဲ့ ထိုင်း၊ မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ကမ္ဘောဒီးယား တို့က ခေါင်းဆောင်တွေကိုပါ အခွန်တိုးကောက်မယ့် အကြောင်း ပေးပို့လိုက်တာပါ။
အဲဒီလို အခွန်တိုးကောက်မယ့်ထဲမှာ မြန်မာနဲ့ လာအိုနိုင်ငံကို ၄၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ ထိုင်းကို ၃၆ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်ကို ၃၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံကို ၃၂ ရာခိုင်နှုန်း၊ မလေးရှားကို ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်ဖို့ ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မေလတုန်းက ရုရှားခရီးစဉ်မှာ အမေရိကန် အခွန်တိုးကောက်တဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ရုရှားသတင်းဌာနတခုကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်နဲ့ ကုန်သွယ်မှုပမာဏဟာ တနှစ်ကို ကန်ဒေါ်လာ သန်း ၈၀၀ ကျော်ပဲ ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောထားပါတယ်။