Search Results For: မီနာမီနို

ပရီးမီးယားလိဂ်ဆုတံဆိပ်က ထိုက်တန်မှုမရှိဘူးဆိုပြီး ခံစားခဲ့ရဟု မီနာမီနို ဝန်ခံ

လီဗာပူးအသင်းနဲ့ ပြီးခဲ့တဲ့ရာသီမှာ ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုတံဆိပ်ဟာ သူ့အတွက် ထိုက်တန်မှုမရှိဘူးလို့ ခံစားရကြောင်း တာကုမီမီနာမီနိုက ပြောပါတယ်။  ဂျပန်လက်ရွေးစင်ဟာ လီဗာပူးအသင်းမှာ အခြေကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လီဗာပူးအသင်းကို ပေါင် ၇ ဒသမ ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။  သူဟာ ရောက်လာပြီး အသင်းအတွက် ၁၀ ပွဲ ပါဝင်ကစားပေးခဲ့ကာ လီဗာပူးအသင်းရဲ့နှစ် ၃၀ အတွင်း ပထမဆုံးသော ပရီးမီးယားလိဂ်ဆုဖလားရရှိတဲ့ အခမ်းအနားကိုလည်း တက်ရောက်ခွင့်ရခဲ့ပါတယ်။  မီနာမီနိုဟာ ဒီအောင်ပွဲမှာ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့ပေမယ့် သူ့ထက်ပိုပြီး အတွင်းကျကျပါဝင်နေတဲ့ လူတွေနဲ့ တန်းတူဆုဖလားရယူဖို့ဆိုတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပါတယ်။ လီဗာပူးရဲ့ matchday programme နဲ့ တွေ့ဆုံရာမှာ ၂၆ နှစ်အရွယ် ဂျပန်ကစားသမားက “ကျနော်တို့ခံစားချက်ကို ဖော်ပြဖို့ဆိုတာ တော်တော်လေးခက်ပါတယ်။ ကျနော်ပျော်ခဲ့ပေမယ့် တစ်ဖက်မှာလည်း အသင်းကို ရာသီဝက်မှရောက်လာတာကြောင့် ကျနော် ဒီအောင်ပွဲမှာ ရာနှုန်းပြည့်ပါဝင်မှု ရှိရဲ့လားဆိုတဲ့ သံသယစိတ်မျိုးလည်း ဝင်ခဲ့ပါတယ်။ ကျနော်ဆုဖလားကို ကိုင်မြောက်လိုက်ချိန်မှာ ဂုဏ်ယူတဲ့ခံစားချက်မျိုး ဝင်ခဲ့ပေမယ့် တချိန်တည်းမှာပဲ အသင်းအတွက် တရာသီလုံးကစားပေးဖို့ လိုအပ်တယ်ဆိုတာကို ခံစားမိပါတယ်။ ကျနော့်ရည်မှန်းချက်ကတော့ ဒီလိုလုပ်ပြီး အသင်းကို ဒီရာသီမှာလည်း ဆုဖလားထပ်မံဆွတ်ခူးပေးဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိကစားသမားတွေရဲ့ပုံစံကြောင့် မီနာမီနိုဟာ အသင်းမှာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ၁၂ လတာဖြတ်သန်းခဲ့ပြီးချိန်မှာ သူ့ရဲ့အရည်အသွေးအစစ်အမှန်ကို ထုတ်ပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ တိုက်စစ်ကစားသမားက ပြောပါတယ်။ “ကျနော် အင်္ဂလန်မှာ အသားကျပြီး ဘာသာစကားကိုလဲ သင်ယူနေပါပြီ။ ဒါပေမယ့် ကိုဗစ် ဖြစ်နေတာကြောင့် နည်းနည်းတော့ အခက်အခဲရှိပါတယ်။ ကျနော် အသင်းက ကစားသမားတွေ အကုန်လုံးနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပြီဖြစ်သလို ဂျာမန်စကားပြောတဲ့ ကစားသမားတွေနဲ့လည်း ပုံမှန်လို စကားပြောဖြစ်နေပါပြီ” လို့ မီနာမီနိုက ပြောပါတယ်။  မီနာမီနိုဟာ ဒီရာသီမှာ လီဗာပူးအသင်းအတွက် ၁၆ ပွဲကစားပြီး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ တနိုင်ငံတည်းသား ရှင်ဂျီကာဂါဝါရဲ့ လမ်းစဉ်ကိုလိုက်ပြီး ပိုကြိုးစားသွားမယ်လို့ ဂျပန်ကစားသမားက ပြောပါတယ်။
4 months Ago

မီနာမီနို ခြေစွမ်းပိုကောင်းလာဟု အသင်းဖော် ဂျိမ်းမီလ်နာ ချီးကျူး

ဂျပန်လက်ရွေးစင် မီနာမီနိုဟာ အရင်ကထက် ခြေစွမ်း ပိုကောင်းလာပြီလို့ အသင်းဖော် ဂျိမ်းမီလ်နာက ချီးကျူးလိုက်ပါတယ်။  မီနာမီနိုဟာ သြစတြီးယားကလပ်ဆဲလ်ဘက်အသင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်း အရွှေ့ကမှ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တာပါ။  ကိုဗစ်-၁၉ကြောင့် ဘောလုံးပွဲစဉ်တွေရပ်နားထားတဲ့အချိန်က မီနာမီနိုအတွက် အကောင်းဆုံး ပြင်ဆင်ချိန်ရခဲ့တာ ဖြစ်နိုင်တယ်လို့ မီလ်နာက သုံးသပ်ပါတယ်။  သူဟာ အသင်းရဲ့လေ့ကျင့်ရေးတွေ ပြန်လည်စတင်ချိန်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာ နိုင်ခဲ့ပြီး ရာသီဝက်ကာလကမှ အသင်းပြောင်းရွှေ့လာသူတဦးအနေနဲ့ ခြေစွမ်းပြဖို့ မလွယ်ကြောင်း မီလ်နာက ပြောပါတယ်။  ဘာသာစကားပြောဆိုမှုမှာ ရာနူန်းပြည့် အဆင်မပြေသေးပေမဲ့ မီနာမီနိုဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ကွင်းလယ်လူ မီလ်နာက ချီးကျူးခဲ့ပါတယ်။ 
11 months Ago

လီဗာပူးတွင် ခြေစွမ်းမပြနိုင်သေးပေမယ့် ကစားပုံ ပိုကောင်းလာဟု မီနာမီနိုပြော

လီဗာပူးအသင်းမှာ အသားမကျသေးပေမယ့်လည်း ကောင်းမွန်တဲ့ ကစားပုံ ရရှိနေပြီလို့ တိုက်စစ်မှူး မီနာမီနိုက ပြောပါတယ်။ ဂျပန် လက်ရွေးစင်တိုက်စစ်မှူး မီနာမီနိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းကနေ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။  လီဗာပူးအသင်းအတွက် စုစုပေါင်း ၆ ပွဲ ကစားထားပြီး သွင်းဂိုး မရရှိသေးတာပါ။  လက်ရှိအချိန်မှာ သင်ယူလေ့လာမှုတွေ ပြုလုပ်နေပြီး နည်းပြ ယာဂန်ကလော့ပ်ရဲ့ ဘောလုံးဒဿနကိုလည်း နားလည်သဘောပေါက်လာပြီး ပိုမိုကောင်းမွန်တဲ့ခြေစွမ်း ရရှိလာတော့မယ်လို့ မီနာမီနိုက ပြောပါတယ်။  ဒါပေမဲ့ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ရဖို့အတွက် ရလဒ်တွေနဲ့ သက်သေပြသွားဖို့ အရေးကြီးတယ်လို့လည်း မီနာမီနိုက ပြောကြားခဲ့ပါတယ်။
1 year Ago

မီနာမီနိုကို ခေါ်ယူခဲ့မှု လီဗာပူးအတွက် အလွန်ကောင်းမွန်ဟု ဂိုမက်ဇ် ချီးကျူး

ဂျပန်တိုက်စစ်မှူး မီနာမီနိုဟာ အသင်းအတွက် အလွန်ကောင်းမွန်တဲ့ အားဖြည့်ခေါ်ယူမှု ဖြစ်တယ်လို့ လီဗာပူးနောက်ခံလူ ဂျိုးလ်ဂိုမက်ဇ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ အခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းက ကွင်းလယ်တိုက်စစ်ကစားသမား မီနာမီနိုကို ပေါင် ၇ ဒသမ ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တာပါ။  မီနာမီနိုဟာ ဆဲလ်ဘက်နဲ့ လီဗာပူးအသင်း ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်မှာ လီဗာပူးအသင်းဘက်ကို သွင်းဂိုးတဂိုး သွင်းယူနိုင်ခဲ့ဖူးပါတယ်။  မီနာမီနိုဟာ လီဗာပူးမှာ အခြေကျဖို့အတွက် ကြိုးပမ်းနေဆဲ အချိန်ကာလ ဖြစ်ပေမယ့်လည်း ပျော်ပျော်နေတတ်တဲ့ ကစားသမားဖြစ်သလို အသင်းဖော်တွေနဲ့လည်း အချိန်တိုအတွင်းမှာပဲ တွဲဖက်ကစားနိုင်စွမ်းရှိတဲ့အတွက် မယုံကြည်နိုင်စရာ ခေါ်ယူအားဖြည့်မှုတခု ဖြစ်တယ်လို့ ဂိုမက်ဇ်က ပြောပါတယ်။ မီနာမီနိုဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ လူစား ဝင်ကစားခွင့် ရရှိထားပါတယ်။
1 year Ago

လီဗာပူးအသင်း ချန်ပီယံလိဂ်လူစာရင်းတွင် ဂျပန်တိုက်စစ်မှူး မီနာမီနိုပါဝင်လာ 

အက်သလက်တီကိုအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မတိုင်ခင် လီဗာပူးနည်းပြ  ယာဂန်ကလော့ဟာ ကစားသမားသစ်မီနာမီနိုကို ချန်ပီယံလိဂ်လူစာရင်းထဲ ပေါင်းထည့်ခဲ့ပါတယ်။  ဂျပန်လက်ရွေးစင်ကစားသမားဟာ ပြီခဲ့တဲ့ဇန်နဝါရီလက ရက်ဘူးဆဲလ်ဘတ်အသင်းကနေ လီဗာပူးအသင်းကို ပေါင် ၇  ဒသမ ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။  မီနာမီနိုဟာ လက်ရှိအချိန်အထိ လီဗာပူးအသင်းနဲ့  လေးပွဲ ပါဝင်ကစားထားပြီး ဖြစ်ပါတယ်။ တိုက်စစ်ကစားသမားဟာ အခုနှစ်ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေ မှာ ရက်ဘူးအသင်းကို ကိုယ်စားပြုကစားထားခဲ့ပေမယ့် လီဗာပူးလ်အသင်းအတွက် ၁၆ သင်းအဆင့် မှာ ကစားခွင့်ရရှိထားပြီးဖြစ်ပါတယ်။  လက်ရှိအချိန်အထိ မီနာမီနိုဟာ လီဗာပူးည်းပြ ယာဂန်ကလော့ သဘော  ကျလောက်နိုင်တဲ့ စွမ်းဆောင်ရည်တချို့ကို ပြသထားပြီးဖြစ်ပေမယ့် ဂျပန်တိုက်စစ်မှူးကတော့ လက်ရှိ ခြေစွမ်းအပေါ် အားရကျေနပ်မှုမရှိသေးဘူးလို့ ဝန်ခံပါတယ်။  “မန်နေဂျာက ကျနော့်အပေါ်ယုံကြည်မှု အပြည့်ရှိတယ်လို့ ခံစားရပါတယ်။ ဒါ့ကြောင့် ကျနော် သူ့အတွက်ပြန်ပြီးတော့ ပေးဆပ်ကစားလိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်လက်ရှိ စွမ်းဆောင်ရည်ကို အားမရသေးပါဘူး။ ဒါ့ကြောင့် ကျနော့်အပေါ‌ေ မျှော်လင့်ထားတဲ့ ပရိသတ်တွေအတွက် ကြိုးစားသွားပါမယ်လို့ မီနာမီနိုကပြောပါတယ်။  “ကျနော်စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်အမြဲတမ်း တွေးနေမိတာက အသင်းနဲ့ဘယ်လိုမျိုး အမြန်ဆုံးအံဝင်ပြီးတော့ ကစားပွဲတွေမှာ ပါဝင်ရမလဲဆိုတာပါပဲ။ ဒီအတွက်လည်း ကျနော့်မှာ ဖိအားဆိုတာမျိုး ရှိမနေပါဘူး။ ကျနော့်အပေါ် ဘယ်လိုမျိုး မျှော်လင့်ထားကြလဲ မသိပေမဲ့ ကျနော့်အတွက်ကတော့ ဘာမှဆုံးရှုံးသွားစရာမရှိပါဘူး။ ကျနော်က တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ပေမယ့် လက်ရှိအခြေအနေမှာ နောက်ခံအစွန်လူတွေနဲ့ ချိန်ဆတ်ဖို့ အားနည်းချက်တွေရှိနေတုန်းပါပဲ။ ကျနော်တို့ အချင်းချင်းကြားမှာ ပိုကောင်းတဲ့ နားလည်မှုတွေ တည်ဆောက်နိုင်တယ်ဆိုရင် ဒီထက်ပိုပြီး ခြေစွမ်းပြနိုင်လိမ့်မယ်ဆိုတာ သေချာပါပဲ။”  ချန်ပီယံလိဂ်အတွက် ၂၅ ယောက်လူစာရင်းမှာ မီနာမီနိုကို ထည့်သွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီတုန်းက ခေါ်ယူထားတဲ့ လူငယ်နောက်ခံလူ ဆက်ဗန်ဒန်ဘာ့ဂျ်ဟာ ချန်ပီယံလိဂ်လူစာရင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။  ဗန်ဒန်ဘာ့ဂျ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာကစားခဲ့တဲ့ ရှရီဘူရီအသင်းနဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျောအဖြစ် အက်သလက်တီကိုအသင်းကို လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့ သွားရောက် ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အန်ဖီးလ်မှာ မတ် ၁၁ ရက်နေ့ ကစားရမှာဖြစ်ပါတယ်။       
1 year Ago

ဂျပန်တိုက်စစ်မှူး မီနာမီနိုကို ဘယ်နေရာမှာထား ကစားရမည်မသိဟု လီဗာပူးနည်းပြ ပြော

ပြီးခဲ့တဲ့သီတင်းပတ်က ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကနေ  ပေါင် ၇ သန်းကျော်နဲ့ ခေါ်ယူခဲ့တဲ့ ဂျပန်တိုက်စစ်မှူး မီနာမီနိုဟာ အသင်းနဲ့ အလျင်အမြန် အ‌ခြေကျလာနိုင်ပေမယ့် အခုထိသူ့ကို ဘယ်နေရာမှာထားပြီး ကစားခိုင်းရမလဲ မသိသေးဘူးလို့ လီဗာပူးနည်းပြ ကလော့ပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မီနာမီနိုဟာ ဆဲလ်ဘတ်အတွက် တရာသီအတွင်း ၂၂ ဂိုး သွင်းယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း လီဗာပူးနဲ့ တွေ့ဆုံချိန်မှာ ခြေစွမ်းပြသနိုင်ခဲ့လို့ ကလော့ပ်က မျက်စိကျ ခေါ်ယူခဲ့သူ ဖြစ်ပါတယ်။ မီနာမီနိုဟာ ရေရှည်အတွက် အကျိုးရှိတဲ့ခေါ်ယူမှုဆိုတာ အကြွင်းမဲ့ပြောနိုင်ပေမယ့် ရေတိုမှာ‌တော့ ဘယ်နေရာမှာထား ကစားခိုင်းရမယ်ဆိုတာ သေချာစဉ်းစားရမယ်လို့ ဆိုပါတယ်။ မီနာမီနိုဟာ နည်းစနစ်ပိုင်း၊ ပြေးအားနှုန်းနဲ့ ဆုံးဖြတ်နိုင်စွမ်းတို့မှာ အားရနှစ်သက်ဖို့ကောင်းတယ်လို့ ကလော့ပ်က ချီးကျူးထားပြီး အသက်၂၄ နှစ်အရွယ် ဂျပန် လက်ရွေးစင်အနေနနဲ့ လီဗာပူးရဲ့နာမည်ကျော် ဆာလတ်၊ မာနေးနဲ့ ဖာမီနိတို့ သုံးယောက် တိုက်စစ်အတွဲကို ကျော်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဒါ့အပြင် ချိန်ဘာလိန်ရဲ့ ‌ခြေစွမ်းပြသနိုင်မှုတွေက ဂျပန် ကစားသမားအတွက် ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ရမယ်လို့ သုံးသပ်နေကြပါတယ်။
1 year Ago

ဒီလိုမျိုးအသင်းကြီးတသင်းမှာ ကစားခွင့်ရမယ်လို့ မထင်ခဲ့ဘူး - မီနာမီနို

တာကူမီ မီနာမီနို အပြောင်းအရွေ့အတွက် ဆဲလ်ဘတ်အသင်းနဲ့ သဘောတူညီချက်ရရှိခဲ့ပြီလို့ လီဗာပူးအသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။  ဂျပန်လက်ရွေးစင်တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က လီဗာပူးနဲ့အတူ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ သဘောတူညီမှုရရှိခဲ့ပြီး ဆေးစစ်မှုလည်း အောင်မြင်ခဲ့သူဖြစ်ပါတယ်။  ဒါ့ကြောင့် သူဟာ ဇန်နဝါရီ ၁ ရက်နေ့မှာ လီဗာပူးအသင်းရဲ့ တရားဝင်ကစားသမား ဖြစ်လာတော့မှာပါ။  “ဒါဟာ အိပ်မက်တခုလိုပါပဲ။ ကျနော်ဟာ လီဗာပူးအသင်းမှာ ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့သူဖြစ်ပြီးတော့ အခုအမှန်တကယ်အကောင်အထည်ပေါ်လာချိန်မှာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်” လို့ မီနာမီနိုက Liverpoolfc.com အင်တာဗျူးမှာပြောခဲ့ပါတယ်။  “ပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ဆိုတာ ကျနော့်ရဲ့ ကစားသမားဘဝ ပစ်မှတ်တွေထဲက တခုပါ။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်တခုဖြစ်ပြီးတော့ ကျနော့်စားသမားဘဝသာ ပုံမှန်တိုးတက်မှုရှိလာခဲ့ရင် တနေ့ ကျနော်လည်း ပရီးမီးယားလိဂ်မှာ ကစားခွင့်ရမယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးအသင်းကြီးတသင်းမှာ ကစားခွင့်ရမယ်လို့ မထင်ခဲ့ဖူးသလို လက်တွေ့မှာဖြစ်လာတဲ့အတွက်လဲ ကျနော် ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျနော့် အနာဂတ်မှာလည်း ဆက်လက်ကြိုးစားသွားပါမယ်” လို့ ဂျပန်လက်ရွေးစင်တိုက်စစ်ကစားသမားက ပြောပါတယ်။  မီနာမီနိုဟာ အခုရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာ လီဗာပူးအသင်းနဲ့ နှစ်ကြိမ်ရင်ဆိုင်ခဲ့ရပြီတော့ ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့တာကြောင့် ကလော့ရဲ့ အာရုံစိုက်ခြင်းကို ရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ “သူတို့နဲ့ နှစ်ပွဲကစားပြီးချိန်မှာတော့ လီဗာပူးအသင်းဟာ နည်းစနစ်မြင့်မားပြီး စိတ်အားထက်သန်မှုပြင်းပြင်းနဲ့ ကစားတတ်တယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။ သူတို့ကစားတဲ့ ပုံစံက မြင့်မားတဲ့ အဆင့်တန်းတခုမှာရှိနေပြီး သူတို့ဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်မှာ ဗိုလ်ဆွဲသွားမယ်လို့ ခံစားမိပါတယ်။ ဒီခံစားချက်နဲ့အတူ ဒီလိုအသင်းမျိုးမှာ ကစားခွင့်ရတော့မယ်ဆိုတော့ ကျနော့်အတွက် အရမ်းအရမ်းကိုပျော်ရွှင်မိပါတယ်။ ကျနော့်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့ကို သိမ်းပိုက်ပြီးတော့ အသင်းအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ ဖြစ်လာဖို့ပါပဲ” လို့ အသက် ၂၄ နှစ်အရွယ် ကစားသမားက ပြောပါတယ်။  မီနာမီနိုဟာ ဂျပန်ကလပ် စီရီဇို အိုဆာကာ အသင်းကနေ ဆဲလ်ဘတ်အသင်းကို ၂၀၁၅ ခုနှစ်က ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သြစတြီးယားကလပ်မှာ ငါးနှစ်ကြာ ကျင်လည်ခဲ့ပါတယ်။ သူဟာ ဒီငါးနှစ် အတွင်း ဆဲလ်ဘတ်အသင်းအတွက် ၁၉၉ ပွဲကစားခဲ့ပြီး ၆၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  ဒါ့အပြင် မီနာမီနိုဟာ ဂျပန်လက်ရွေးစင်အသင်းမှာ ၂၀၁၅ နှစ်ကတည်းက စတင်ရွေးချယ်ခံခဲ့ရသူဖြစ်ပြီး နိုင်ငံအသင်းအတွက် ၂၂ ပွဲကစားကာ ၁၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူးအသင်းမှာ ကျောနံပါတ် ၁၈ ဝတ်ဆင်ကစားမယ်လို့ သိရပါတယ်။ 
1 year Ago

ဂျပန်တိုက်စစ်မှူး မီနာမီနိုကို လီဗာပူးအသင်း အပြီးသတ် ခေါ်ယူနိုင်တော့မည်

 လီဗာပူးအသင်းဟာ ဆဲလ်ဘက်အသင်းက ဂျပန်တိုက်စစ်မှူး မီနာမီနိုကို လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ အပြီးသတ် ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။  အသက် ၂၄ နှစ်ရှိ ဂျပန်လက်ရွေးစင် မီနာမီနိုဟာ သြစတြီးယားကလပ် ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြနေပြီး အခုနှစ်အတွင်း ပွဲ ၂၀ ကစားခဲ့အပြီးမှာ ၇ ဂိုးသွင်း ၈ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။  မီနာမီနိုကို လီဗာပူးက ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း ဆဲလ်ဘက်အသင်း အားကစားဒါရိုက်တာက အတည်ပြုခဲ့ပါတယ်။  လီဗာပူးအနေနဲ့ မီယာမီနိုအတွက် သူ့ရဲ့ စာချုပ်ပါ လျော်ကြေးဖြစ်တဲ့ ပေါင် ၇ ဒသမ ၂၅ သန်း ပေးချေပြီး အပြီးသတ်ခေါ်ယူမယ်လို့ သိရပါတယ်။  မီယာမီနိုဟာ ၂၀၁၅ ခုနှစ်ကတည်းက ဂျပန် လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး စုစုပေါင်း ၂၂ ပွဲ ကစားပေးခဲ့ပါတယ်။
1 year Ago

လီဗာပူးတိုက်စစ်မှူး မာနေး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် အက်စတွန်ဗီလာနဲ့ အဝေးကွင်းပွဲစဉ်ကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။ ဒီအခြေအနေကြောင့် ဆီနီဂေါတိုက်စစ်မှူးဟာ သီးသန့်ခွဲခြားနေထိုင်နေရပြီး လီဗာပူး နည်းပြကလော့ပ်ရဲ့ အစီစဉ်တွေဟာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ထပ်မံပြောင်းလဲရတော့မှာဖြစ်ပါတယ်။  အသင်းဘက်က ထုတ်ပြန်ချက်မှာ မာနေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါလက္ခဏာ တချို့ ပြသနေပေမယ့် ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း သိရပါတယ်။  မာနေးဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လီဗာပူးအသင်းရဲ့ နောက်ထပ်ကစားသမားတဦးဖြစ်ပြီး သူ့မတိုင်ခင် ကစားသမားသစ် သီယာဂိုလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် လက်ရှိအချိန်မှာ မာနေးနဲ့ သီယာဂိုတို့ နှစ်ဦးစလုံးဟာ ကျန်းမာရေးအခြေအနေ ကြောင့် လီဗာပူးအသင်းရဲ့ လူစာရင်းကနေ လွဲချော်ရတော့မှာပါ။ သီယာဂိုရဲ့ ကျန်းမာရေးအခြေအနေကို ကစားသမားရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း၊ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်မှုတွေ ထပ်ရှိမလာရအောင် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်နေတယ်လို့ လီဗာပူးအသင်းဘက်က  ထုတ်ပြန်ပါတယ်။  မာနေး ဗိုင်းရပ်စ်ကူးစက်ခံရမှုဟာ ယူကေမှာ ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်နေချိန်မှာ ပေါ်ပေါက်လာခဲ့တာပါ။  အောက်တိုဘာ ၂ ရက် တစ်နေ့တည်းမှာ ဗိုင်းရပ်စ်အတည်ပြုလူနာအသစ်  ၇၀၀၀ နီးပါးရှိပြီး ၆၆ ဦး သေဆုံးခဲ့ရပါတယ်။  စကော့တလန် ပရီးမီးယားလိဂ်ကလပ် ကယ်မာနော့ခ်အသင်းရဲ့ ကစားသမား ၆ ဦးဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာကြောင့် အသင်းတသင်းလုံး ၁၄ ရက်ကြာ ကွာရန်တင်းဝင်ခဲ့ရပြီး အသင်းရဲ့ ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။  ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးအကြိမ် ဆေးစစ်မှုမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိခဲ့ရပါတယ်။  မာနေးရဲ့ကျန်းမာရေး အခြေအနေကြောင့် လီဗာပူးအသင်းရဲ့ ကစားသမားသစ် ဂျိုတာဟာ ဗီလာနဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲထွက်ခွင့် ပထမဆုံး ရရှိနိုင်ဖွယ်ရှိနေပါတယ်။  ပေါင်  ၄၅ သန်း တန်ကစားသမားဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ပြိုင်ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။  ဂျိုတာအပြင် မီနာမီနိုနဲ့ အော်ရီဂီတို့ဟာလည်း ပွဲထွက်ကစားသမားအဖြစ်ပါဝင်ဖို့ အခွင့်အရေးရှိနေပါတယ်။
7 months Ago

ကာရာဘောင်ဖလားတွင် အာဆင်နယ်နှင့်လီဗာပူး တွေ့ဆုံ

လင်ကွန်းအသင်းကို ၇ ဂိုး ၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ယာဂန်ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။   ဒီပွဲမှာလီဗာပူးအသင်းအတွက် ဂိုးတွေကို ရှာကွီရီ၊ မီနာမီနို၊ ကာတစ်ဂျုံးစ်၊ ဂရူဂျစ်နဲ့ အိုရီဂီတို့ က သွင်းယူပေးခဲ့ပြီး လင်းကွန်းအတွက် တာယိုအီဒန်နဲ့ လူးဝစ္စမွန့်စ်မာတို့က အသီးသီးသွင်းယူခဲ့ ကြပါတယ်။  လီဗာပူးအသင်းဟာ  နောက်တစ်ဆင့်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ် အသင်းနဲ့ တွေ့ဆုံနေပြီး အန်ဖီးလ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ စက်တင်ဘာ ၂၈ ရက်မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လီဗာပူးအိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  ဒီလိုမျိုး အာဆင်နယ်အသင်းနဲ့ ၂ ပွဲဆက်ကစားဖို့ရှိပေမဲ့ နှစ်ပွဲစလုံးက အိမ်ကွင်းမှာဖြစ်နေတဲ့အပေါ် ဝမ်းသာမိတယ်လို့ ကလော့ပ်ကပြောပါတယ်။  “နှစ်ပွဲစလုံး အိမ်ကွင်းမှာဖြစ်နေတာ ကျေးဇူးတော်ပါပဲ။ ဆောရီးပါအာတီတာရေ။ မင်းက တော့ လီဗာပူးကွင်းကို နှစ်ခါလာရတော့မှာပဲ။ ဒီပွဲဟာ နှစ်သင်းစလုံးအတွက် ခက်ခဲမှာပါ။ ပြီးခဲ့တဲ့ နှစ်လိဂ်ပွဲ တခုမှာလည်း ကျနော်တို့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး ပင်နယ်တီတွေ အပါ အဝင်ပွဲက တော်တော်လေးကို အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်” လို့ ကလော့ပ်က Sky  Sport သတင်းဌာနကို ပြောပါတယ်။  “ကျနော်အာဆင်နယ်နဲ့လက်စတာအသင်းပွဲကို ကြည့်ခဲ့ပါတယ်။ သူတို့မှာ တကယ်ကောင်း တဲ့ လူစာရင်းရှိနေပြီး ဒီပြိုင်ပွဲကို အားထည့်ကစားတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ကျနော်တို့လည်း ဒီပြိုင်ပွဲကို အနိုင်ရလိုနေတာကြောင့် ပြိုင်ဘက်တိုင်းကို ကျော်ဖြတ်ရပါမယ်။ ဒါပေမဲ့နောက်တပွဲကတော့ ခက်ခဲမှာသေချာပါတယ်” လို့လည်း ကလော့ပ်က ပြောပါတယ်။  လင်ကွန်းနဲ့ပွဲမှာအနိုင် ရရှိခဲခြင်းနဲ့ပတ်သတ်ပြီးတော့လည်း ကလော့ပ်က “ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပွဲမှာ တကယ်ကောင်းတဲ့ အခိုက်အတန့်တွေ အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီး အမှားတွေလည်း ရှိခဲ့ပါတယ်။ဒါပေမယ့် ဒါဟာကောင်းပါတယ်” လို့ ကလော့ပ်ကဆက် ပြောခဲ့ပါတယ်။   ကာရာဘောင်ဖလား စတုတ္တအဆင့်အတွက်  ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး ဒီပွဲစဉ် တွေမှာ လီဗာပူး- အာဆင်နယ်၊ ဘန်လေ - မန်စီတီး၊ ဘရန့်ဖို့ဒ် - ဖူလ်ဟမ်၊ အဲဗာတန် - ဝက်စ်ဟမ်း၊ ဗီလာ - စတုတ်စီးတီး၊ လေတန်အော့ရီရန့် ( သို့မဟုတ်) စပါး - ချဲလ်ဆီး၊ နယူးပို့ထ်ကောင်တီ - နယူးကာဆယ်၊ ဘရိုက်တန် - မန်ချက်စတာယူနိုက်တက် တို့တွေ့ ဆုံနေပါတယ်။
8 months Ago

လီဗာပူးတိုက်စစ်မှူးကို ကမ်းလှမ်းခဲ့ခြင်းမရှိဟု ခရစ္စတယ်ပဲလေ့စ် ပြော

လီဗာပူးအသင်းရဲ့ လူငယ်တိုက်စစ်မှူး ရာဟင်းဘန်ရူးစတားကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေကို ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က ငြင်းဆိုလိုက်ပါတယ်။  ဒီသတင်းကို Sky Sports မှာဖော်ပြထားတာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ဘက်က ဘန်ရူးစတားကို ကနဦးပေါင် ၁၉ သန်း၊ အပိုဆုကြေး ၆ သန်းနဲ့ တနင်္လာနေ့ က ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီကမ်းလှမ်းမှုမှာ လီဗာပူးအသင်းဘက်က အင်္ဂလန် ယူ-၂၁ ကစားသမားကို ပြန်လိုချင်တယ် ဆိုရင် ပေါင် ၃၇ သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်လည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ဥက္ကဋ္ဌ စတိဗ်ပါရစ်ကတော့ အသက် ၂၀ အရွယ် ကစားသမားအတွက် ဘာကမ်းလှမ်းမှုကိုမှ မလုပ်ထားဘူးလို့ လူမှုကွန်ရက်တွစ်တာမှာ ငြင်းဆိုလိုက်ပါတယ်။  “ဒီသတင်းကို ပြန်ဖြုတ်ချဖို့ သတင်းဌာနကိုလည်း ပြောဆိုခဲ့ပြီးပါပြီ။ ဒါဟာ အဓိပ္ပာယ်မရှိပါဘူး။ ကျနော်တို့ ဘာကမ်းလှမ်းမှုမှ မလုပ်ထားပါဘူး။”  ပဲလေ့စ်အသင်းဟာ ဘန်ရူးစတားနဲ့ သတင်းထွက်တဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲက တစ်ခု ဖြစ်ပြီးတော့ ရှက်ဖီးလ်နဲ့ အက်စတွန်ဗီလာတို့ကလည်း ဒီကစားသမားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားအတွက် လီဗာပူးနဲ့ စကားပြောဆိုထားတယ်လို့ ရှက်ဖီးလ်နည်းပြက အတည်ပြုထားပါတယ်။  ဘန်ရူးစတားဟာ လီဗာပူးအသင်းကြီးကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး အသင်းအတွက် ၄ ပွဲသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။ သူဟာ လီဗာပူးရဲ့ နာမည်ကျော်တိုက်စစ်အတွဲအဖက်နောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။  လီဗာပူး နည်းပြ ကလော့ပ်က မာနေး၊ ဖာမီနိုနဲ့ ဆာလတ်တို့ကို ပုံမှန် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုနေပြီး သူတို့နောက်မှာ အိုရီဂီနဲ့ မီနာမီနိုတို့က အရန်ကစားသမားအဖြစ် ရှိနေပါတယ်။  ဒါ့အပြင် ဒီနွေရာသီအပြောင်းအရွေ့မှာလည်း ဝုဗ်အသင်းရဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာကို ခေါ်ယူထားတာကြောင့် ဘန်ရူးစတားဟာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုရင် အသင်းပြောင်းဖို့ နည်းလမ်းပဲ ကျန်တော့တာ ဖြစ်ပါတယ်။
8 months Ago

ကွန်မြူနတီဒိုင်း ပွဲစဉ်တွင် အာဆင်နယ်က လီဗာပူးကို ပင်နယ်တီဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ အာဆင်နယ်က လီဗာပူးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။  ဒီပွဲမှာ အာဆင်နယ်က အူဘာမီရန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ လီဗာပူးအတွက် ချေပဂိုးကို လူစားဝင်လာတဲ့ မီနာမီနိုက သွင်းယူပါတယ်။  တဖက် ၁ ဂိုးစီနဲ့ သရေကျလို့ ပင်နယ်တီနဲ့ ဆုံးဖြတ်ရာမှာ အာဆင်နယ်က ၅ ဂိုး ၄ ဂိုးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို အနိုင်ရခဲ့တာပါ။  ကွန်မြူနတီဒိုင်းဟာ ပရီးမီးယားလိဂ် ရာသီအစမှာ အက်ဖ်အေချန်ပီယံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံတို့ကို ယှဉ်ပြိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။  အာဆင်နယ်အသင်းဟာ ကွန်မြူနတီဒိုင်းကို သမိုင်းတလျှောက် ၁၆ ကြိမ် ရရှိထားပါတယ်။
8 months Ago

ပရီးမီးယားလိဂ်အကြို ခြေစမ်းပွဲတွင် လီဗာပူးက ဘလက်ဘန်းကို ၆ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

ပရီးမီးယားလိဂ်ပြန်လည်မစတင်ခင် ကွင်းပိတ်ခြေစမ်းပွဲမှာ လီဗာပူးအသင်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဇွန် ၁၁ ရက်နေ့က အမ်ဖီးလ်ကွင်းမှာ ကစားသွားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာကတည်းက ၄ ဂိုး ဂိုးမရှိနဲ့ လီဗာပူးက ဦးဆောင်နိုင်ခဲ့တာပါ။  ပထမပိုင်းမှာ မာနေး၊ ကီတာ၊ မီနာမီနို နဲ့ နောက်ခံလူမာတစ်တို့က လီဗာပူးအတွက် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။  ဒုတိယပိုင်းမှာသွင်းခဲ့တဲ့ ၂ ဂိုးကိုတော့ လူငယ်ကစားသမားတွေဖြစ်တဲ့ ကီဂျန်နာနဲ့ ကလက်ခ်ဆန်တို့ သွင်းခဲ့တာဖြစ်ပါတယ်။  ပွဲအပြီးမှာတော့ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကွင်းထဲက အဝတ်လဲခန်းမှာ ရေမချိုးရတဲ့အတွက်  ကစားသမားတွေက အိမ်ကို တန်းပြန်သွားရတယ်လို့ နည်းပြ ကလော့ပ်က ဆိုခဲ့ပါတယ်။  ပွဲမစခင်မှာ မိုးရွာခဲ့တာကြောင့် ပွဲပြီးပြီးချင်း အိမ်တန်းပြန်ရတဲ့ အခြေအနေက ကစားသမား တွေအတွက် သက်သောင့်သက်သာ မဖြစ်ခဲ့ကြောင်း နည်းပြ ကလော့ပ်က ပြောပါတယ်။  လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်ဖြတ်ထားပြီး အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့ ပွဲတွေမှာ အနိုင်ရခဲ့ရင် ချန်ပီယံဖြစ်ဖို့ သေချာသွားမှာဖြစ်ပါတယ်။
11 months Ago

လီဗာပူးရဲ့ ကမ်းလှမ်းမှု ငြင်းပယ်ရန်ခက်ခဲခဲ့ဟု ဂျပန်စတား ဝန်ခံ

လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုဟာ သူ့အတွက်ငြင်းပယ်ဖို့ ခက်ခဲတဲ့ အခွင့်အရေးတခု ဖြစ်နေတာကြောင့် အန်ဖီးလ်ကွင်းကို ရောက်ရှိလာခဲ့ရတာလို့ လီဗာပူးကစားသမားသစ် တာကုမီ မီနာမီနိုက ပြောပါတယ်။ ရတ်ဘူးလ်ဆဲလ်ဘတ် ကစားသမားဟောင်းဟာ ဇန်နဝါရီ ၁ ရက်မှာ လီဗာပူးအသင်းကို တရားဝင် ပြောင်းရွှေ့ရောက်ရှိလာတာဖြစ်ပြီး သူ့ရဲ့လီဗာပူးကစားသမားဘဝ ပထမဆုံး ပရီမီးယားလိဂ်ပွဲစဉ်ကို စပါးနဲ့ ကစားခွင့်ရနိုင်ချေ ရှိနေပါတယ်။ လီဗာပူးနည်းတူ မီနာမီနိုကို သဘောကျခဲ့တဲ့ အသင်းတွေထဲမှာ အစဉ်အလာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်ခဲ့ပြီးတော့ ဂျပန်လက်ရွေးစင်ရဲ့ ပေါင် ၇ ဒသမ ၂၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေးကို သိရှိပြီးတဲ့ အချိန်မှာတော့ လီဗာပူးမြို့ခံကလပ်က မီနာမီနိုကို အရခေါ်ယူနိုင်ခဲ့ပါတယ်။  လီဗာပူးအသင်းကို ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့သလဲဆိုတဲ့ မေးခွန်းကို မီနာမီနိုက “လက်ရှိ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်လို့ရတဲ့ ကလပ်အသင်းတခုဆီက ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။ ဒါဟာ ကျနော့်အတွက်တော့ တကယ်ကို အဓိပ္ပာယ်ရှိတဲ့အရာပါပဲ” လို့ မီနာမီနိုက France Football သတင်းကို ပြောပါတယ်။  “အရမ်းကို ကံကောင်းခဲ့တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားခဲ့ရပြီးတော့ ဒါဟာ ကျနော် လိုချင်ခဲ့တဲ့ ကောင်းမွန်တဲ့ အခွင့်အလမ်းတခုပါပဲ။ လီဗာပူးအသင်းက ကျနော့်ကို စိတ်ဝင်စားနေတယ်လို့ သိရှိခဲ့ရချိန်မှာ အရမ်းကိုပျော်ရွှင်မိပါတယ်။ အသင်းနဲ့ချန်ပီယံလိဂ်ပွဲမှာ တွေ့ဆုံခဲ့ပြီး နည်းပြကြီး ယာဂန်ကလော့ပ်နဲ့ စကားပြောဆိုခဲ့ပြီးချိန်မှာ ကျနော်ဟာ ဒီအခွင့်အရွေးကို အသုံးချဖို့ စိတ်လှုပ်ရှားမှုက ပိုပြီးတော့ ပြင်းထန်လာခဲ့ပါတယ်။ ကျနော် အန်ဖီးလ်ကွင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးချိန်မှာ ယုံကြည်မှုတွေဟာလည်း ပိုပြီးတော့ ခိုင်မာလာခဲ့ပါတယ်။ ပြီးတော့ ဒီလိုမျိုး ပရိသတ်တွေရှေ့မှာ ပိုပြီးကစားချင်မိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိပါတယ်။” ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ကလော့ရဲ့ လီဗာပူးအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားတချို့နဲ့ သတင်းထွက်ပေါ်မှုတွေ ရှိနေပေမယ့် ဂျပန် လက်ရွေးစင်ကစားသမားဟာ ဒီအပြောင်းအရွှေ့ကာလအတွက် သူတို့ရဲ့ တဦးတည်းသော ကစားသမားသစ် ခေါ်ယူမှု ဖြစ်လာနိုင်ဖို့ရှိနေပါတယ်။
1 year Ago
Up