
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ သုမင်္ဂလာလမ်းပေါ်၊ အင်းဝမှတ်တိုင်အနီးက ရောင်နီဦးရွှေဆိုင်ကို ဇူလိုင် ၈ ရက် ဒီကနေ့ နေ့လယ် ၃ နာရီလောက်မှာ လူ ၂ ယောက်က သေနတ်ပြခြိမ်းခြောက်ပြီး ဝင်ရောက် ဓားပြတိုက်ခဲ့ပါတယ်။
ဓားပြတိုက်ချိန် ဆိုင်အနီးမှာရှိနေသူတယောက်က "အဲ့ဒီအန်တီက ထွက်အော်တာ။ မှန်တွေဘာတွေ ရိုက်ခွဲလိုက်လို့သိတာ။ ဓားပြတိုက်တဲ့သူ ၂ ယောက်ထွက်လာတယ်။ မမြင်ရဘူး။ သူတို့က မျက်နှာတွေ အုပ်ထားတယ်။ ဆိုင်ကယ်နဲ့။ ဆိုင်ကယ်က နှိုးလို့တောင်မရဘူး။ လိုက်ရင် တောင်ရတယ်။ ဒီနားမှာလည်း ကြောက်တဲ့သူကများတော့ မလိုက်ရဲကြဘူး။ သေနတ်တွေပါတယ်" ပြောပါတယ်။
တောင်ဥက္ကလာမြို့မရဲစခန်းနဲ့ စစ်ကောင်စီတပ်ရှိရာ သင်္ဃန်းကျွန်းခရိုင်ရုံးကြားရှိ လူစည်ကားရာ အင်းဝမှတ်တိုင်နားက ရတနာရွှေဆိုင်ကို ဓားပြဝင်တိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကား၂ စီး၊ ရဲကား ၁ စီးနဲ့ လာရောက်စစ်ဆေးနေဆဲဖြစ်ပါတယ်။
အဲ့ဒီရွှေဆိုင်ဟာ နန္ဒဝန်စျေးအတွင်းနဲ့ နန္ဒဝန်စျေးရှေ့မှာလည်း ဖွင့်လှစ်ခဲ့တဲ့ရွှေဆိုင်ဖြစ်ပြီး တောင်ဥက္ကလာပ မြို့နယ်မှာ ထင်ရှားတဲ့ ရွှေဆိုင်ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဓားပြတိုက်ခံရတဲ့ ရွှေတန်ဖိုးကို မသိရသေးဘဲ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။