Search Results For: ကွန်ဂို
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံတွင် ကူးတို့လှေနစ်မြုပ်ပြီး လူ ၃ ဦး ရေနစ်သေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းက ကီဗူရေကန်ထဲမှာ ခရီးသည်တင် လှေတစီး နစ်မြုပ်အပြီး ကလေး နှစ်ယောက်နဲ့ အမျိုးသမီး တစ် ယောက်  ရေနစ် သေဆုံးတယ်လို့ ဒေသန္တရ အရာရှိက ဇန်နဝါရီ ၆ ရက်မှာ ပြောပါတယ်။  လူဒါဇင်ချီ ပျောက်နေတယ်လို့ အသက်ရှင်သန်ကျန်ရစ်သူတွေက ပြောပါတယ်။ ဒေသတွင်း မြို့တော် ဂိုမာကို သွားတဲ့ လှေဟာ ညအမှောင်ထဲမှာ လူတွေ အလွန်အကျွံ တင်ပြီး တရားမဝင် ပြေးဆွဲရင်း ဇန်နဝါရီ ၅ ရက်နေ့က နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ လှေပေါ်မှာ ခရီးသည် ၅၁ ယောက် ပါပြီး ၄၆ ယောက်ကို ကယ်နိုင်ခဲ့တယ် ၃ ယောက် သေပြီး ၂ယောက် ပျောက်နေတယ်လို့ ဒေသန္တရ အရာရှိက  ပြောပါတယ်။ ဒါပေမဲ့ ဒေသခံ လှေသမားတွေက ကယ်တင်ခဲ့တဲ့ ရှင်သန်ကျန်ရစ်သူတွေကတော့ လှေပေါ်မှာ ခရီးသည် အယောက် ၁၀၀ ထက် မနည်း တင်လာတယ်လို့ ပြောပါတယ်။  ကွန်ဂိုမှာ လူသေတဲ့ လှေမတော်တဆမှုတွေ ဖြစ်နေကျပါ။ နိုင်ငံတဝန်း သစ်တောနယ်မြေတွေအကြားမှာ ကတ္တရာလမ်း နည်းနည်းသာ ရှိပြီး လှေတွေ သင်္ဘော တွေကလည်း များသောအားဖြင့် ဝန်ပိုတင်လေ့ ရှိကြပါတယ်။
4 months Ago
ကွန်ဂိုတွင် သမ္မတကို ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်
ကွန်ဂိုမြို့တော် ကင်ရှာဆာက လွှတ်တော်အဆောက်အအုံ အပြင်ဘက်မှာ သမ္မတ ဖေးလစ်တီရှီဆေကေဒီကို ထောက်ခံသူတွေဟာ ရဲတွေနဲ့ ဒီဇင်ဘာ ၈ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ သမ္မတဟောင်း ဂျိုးဇက်ခါဘီလာရဲ့ မဟာမိတ် ကွန်ဂိုဘုံတပ်ဦး FCC အဖွဲ့ဝင်တွေနဲ့ တခြား ပါတီငယ်တွေကို အနိုင်ရအပြီး လွှတ်တော်ထဲမှာ လူများစု အုပ်စုသစ်ဖွဲ့ဖို့ ကြိုးစားမယ်လို့ တီရှီစေကေဒီက ဒီဇင်ဘာ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။ သူ့လုပ်ရပ်ဟာ တရားမဝင်ဘူးလို့ FCC က ပြောပြီး ပြိုင်ဘက် ထောက်ခံသူတွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၈ ရက်က လွှတ်တော်အဆောက်အအုံထဲမှာ ပြိုင်ဘက် ထောက်ခံသူတွေဟာ တဖက်ကို တဖက် ထိုင်ခုံတွေ၊ ပလတ်စတစ် ရေပုံးတွေ၊ သစ်သားတုတ်တွေနဲ့ အပြန်အလှန် ပစ်ပေါက်ခဲ့ကြပါတယ်။ ခေါင်းမှာ သွေးထွက်နေတဲ့ အမျိုးသားတယောက်ကိုလည်း သယ်ထုတ်သွားခဲ့ရပြီး ရဲတွေက လူအုပ်ကို မျက်ရည်ယိုဓာတ်ငွေ့နဲ့ လူစုခွဲခဲ့ရပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း ခါဘီလာရဲ့ မဟာမိတ် လွှတ်တော်ဥက္ကဋ္ဌကို ဖယ်ရှားရေး အခွင့်အာဏာအတွက် လွှတ်တော်တွင်း မဲပေးရာမှာ လက်ရှိသမ္မတက အင်္ဂါနေ့မှာ အနိုင်ရခဲ့ပါတယ်။ သမ္မတဟောင်း ခါဘီလာက အစိုးရ အဖွဲ့အစည်းအတွင်း သိသာတဲ့ သြဇာလွှမ်းမှုကို ထိန်းထားဆဲ ဆိုပေမဲ့ လက်ရှိသမ္မတက နိုင်ငံရဲ့ထိပ်တန်းတရားရုံးအတွက် တရားသူကြီးအသစ် ခန့်အပ်ဖို့ နာမည်စာရင်းသွင်းရာမှာ ဖိအားပေးတာ အပါအဝင် နည်းလမ်းစုံ သုံးပြီး သမ္မတဟောင်းရဲ့ သြဇာကို လျှော့ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
5 months Ago
အီဘိုလာရောဂါ အဆုံးသတ်ပြီဟု ကွန်ဂိုအစိုးရကြေညာ
လူအယောက်  ၁၃၀ ရောဂါကူးစက်ပြီး  ၅၅ ယောက် သေဆုံးရတဲ့  နိုင်ငံအနောက်ပိုင်း  အီဘိုလာ ရောဂါဖြစ်ပွားမှု  ပြီးဆုံးသွားပြီလို့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံကျန်းမာရေးဝန်ကြီးက  နိုဝင်ဘာ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။  နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်နေတဲ့ အီဘိုလာကပ်ရောဂါ ပြီးဆုံးပြီလို့ အစိုးရ မကြေညာခင်  ဇွန်လက နိုင်ငံအနောက်ပိုင်းမှာ  ကပ်ရောဂါ ပေါ်ပေါက်ခဲ့တာပါ။  ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာတော့ ဒုတိယအသေအပျောက်အများဆုံး အီဘိုလာဖြစ်ခဲ့ပြီး  လူပေါင်း ၂,၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။  ၁၉၇၆ ခုနှစ် ကွန်ဂိုနိုင်ငံ အီဘိုလာမြစ်အနီးမှာ ဗိုင်းရပ်စ်ကို  စတွေ့ကတည်းက ကွန်ဂိုဟာ တခြားနိုင်ငံတွေထက် အီဘိုလာရောဂါ ဖြစ်ပွားမှု နှစ်ဆကျော်ရှိခဲ့ပြီး ရောဂါဖြစ်ပွားမှု   ၁၁ ကြိမ် ရှိခဲ့ပါတယ်။   နိုင်ငံရဲ့ အီကွေတာရပ်ဝန်းသစ်တောတွေဟာ ဗိုင်းရပ်စ်ပြန့်ပွားဖို့  သဘာဝရေလှောင်ကန် တခုလို ဖြစ်လို့နေပါတယ်။  အီဘိုလာဗိုင်းရပ်စ်ဟာ အလွန်အမင်း အန်တာနဲ့ ဝမ်းလျှောတာတွေကို ဖြစ်စေပြီး ခန္ဓာကိုယ်အရည်တွေကတဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
6 months Ago
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ လက်နက်ကိုင်အဖွဲ့က ထောင်သား ၁၃၀၀ ကျော်ကိုလွှတ်ပေး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း ဘေနီမြို့မှာ အောက်တိုဘာ ၂၀ ရက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အကျဉ်းထောင်တခုကို ဝင်တိုက်ခိုက်ပြီး ထောင်သား အယောက် ၁၃၀၀ ကျော်ကို ထောင်ကနေ လွှတ်ပေးလိုက်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ဒီဒေသထဲမှာ အစ္စလာမစ် စစ်သွေးကြွအုပ်စုတွေ လှုပ်ရှားနေတာဖြစ်ပြီး ထောင်သား ၁,၄၅၆ ယောက်ထဲက ပြည်သူ့စစ်တိုက်ခိုက်ရေးသမားတွေ အပါအဝင် လူ ၁၁၀ သာ ထောင်ထဲမှာ ကျန်ခဲ့တာပါ။ ဒီမိုကရက်တစ် မဟာမိတ်တပ် (ADF) ရဲ့ တိုက်ခိုက်ရေးသမားတွေက ကမ်ဘာယီ ဗဟိုအကျဉ်းထောင်ကို မနက်အစောပိုင်း တိုက်ခိုက်ခဲ့လို့  စစ်တပ်က ခုခံကာကွယ်ခဲ့ရတယ်လို့လည်း မြို့တော်ဝန်က ဆက်ပြောပါတယ်။ ကွန်ဂိုအရှေ့ပိုင်းမှာ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ယူဂန်ဒါ လက်နက်ကိုင်အုပ်စု (ADF) က လှုပ်ရှားနေခဲ့တာပါ။ စစ်တပ်က နှိမ်နင်းဖို့ ထပ်ခါတလဲ ထိုးစစ်ဆင်ခဲ့ပေမယ့် ဒီအဖွဲ့ဟာ ၂၀၁၉ နှစ်စကနေ ခုထိ အရပ်သား အယောက် ၁,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးပြီလို့ ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ပြောပါတယ်။ အိုင်အက်စ် စစ်သွေးကြွအုပ်စုကတော့ သူတို့လူတွေက တိုက်ခိုက်ခဲ့တာလို့ သူတို့ရဲ့ AMAQ သတင်းဌာနကနေ ပြောပါတယ်။ အရင်ကလည်း အိုင်အက်စ်တွေဟာ (ADF) ရဲ့ တိုက်ခိုက်မှုလို့ သံသယရှိတဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူဖူးပါတယ်။ ကမ်ဘာယီထောင်ဟာ သူပုန်အုပ်စုဝင်တွေကို ထိန်းသိမ်းထားတဲ့ထောင်ပါ။ ထောင်ထဲက ADF တိုက်ခိုက်ရေးသမားတွေဟာ တိုက်ခိုက်မခံရရင်နေ့တွေကတည်းက ထောင်ဖောက်ဖို့ ပြင်ဆင်နေခဲ့ကြတယ်ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်က စစ်တပ်ဟာ ADF တိုက်ခိုက်ရေးသမားတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေး အကြီးစားကို ဆင်နွှဲခဲ့ပါတယ်။ ဒါကြောင့် ADF ဟာ သူ့ အခြေစိုက်စခန်းကို စွန့်ခွာပြီး ပိုသေးပြီး ပိုလှုပ်ရှားတဲ့အုပ်စုတွေအဖြစ် ခွဲထုတ်ရင်း အရပ်သားတွေအပေါ် တိုက်ခိုက်ရင်း လက်စားချေနေခဲ့ပါတယ်။
7 months Ago
ကွန်ဂိုနိုင်ငံ ရွှေတွင်းပြိုကျသည့်နေရာမှ  ရုပ်အလောင်းများ သယ်ထုတ်
ကွန်ဂိုနိုင်ငံအရှေ့ပိုင်း ရွှေတွင်းပြိုကျတဲ့နေရာကနေ သေဆုံးသွားသူတွေရဲ့  ရုပ်အလောင်းတွေကို  ကယ်ဆယ်ရေးသမားတွေက စက်တင်ဘာ ၁၄ ရက်မှာ သယ်ထုတ်လာခဲ့ပါတယ်။  ရွှေတွင်း ပြိုကျတာကြောင့် ရွှေတူးသမား ၅၀ ကျော်လောက် သေဆုံးမယ်လို့ ခန့်မှန်းပြီး စက်တင်ဘာ ၁၃ ရက်အထိ ရုပ်အလောင်း ၁၈ ခုကို  ပြန်ရခဲ့ပါတယ်။ စက်တင်ဘာလ ၁၁ ရက်က မိုးကြီးတာကြောင့် ရွှေတွင်းပြိုကျခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုရေးရာ ပြည်နယ်ဝန်ကြီးက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ရှာဖွေ အကူအညီ ပေးအပ်နေတယ်လို့ ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်းတွေကို ရှာဖွေနေချိန်မှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက ရွှေတူးဖော်ရာ နေရာအနီး ဈာပနအခမ်းအနားကို လုပ်ခဲ့ကြတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
8 months Ago
ကွန်ဂိုအရှေ့ပိုင်းတွင် ရွှေတွင်းပြိုကျသဖြင့် လူ ၅၀ ထက်မနည်းသေဆုံး
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံအရှေ့ပိုင်း ကာမီတူဂါဒေသမှာ  စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်း က  လက်လုပ်ရွှေတွင်း တခုပြိုကျပြီး  လူ ၅၀ ထက်မနည်း  သေဆုံးဖွယ်ရှိတယ်လို့ ဒေသ NGO တခုက  ပြောပါတယ်။  မိုးကြီးခဲ့ပြီးနောက် ဒက်ထရွိုက်ရွှေတွင်းတူးဖော်ရေးနေရာမှာ တွင်းပြိုခဲ့တယ်လို့   အမျိုးသမီးများထောက်ပံ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။  ဆိုရှယ်မီဒီယာပေါ်တင်တဲ့ ဗွီဒီယိုထဲမှာ ရွှေတွင်းအဝင်၀အနီး အခြေအနေကို စောင့်ကြည့်နေကြတဲ့ ရာနဲ့ချီတဲ့ လူတွေကို တွေ့ရပါတယ်။   ကွန်ဂိုနိုင်ငံအတွင်း စည်းကမ်းနဲ့မညီတဲ့ လက်လုပ်ရွှေတွင်းတွေမှာ တွင်းပြိုကျတာတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။  ကိရိယာ မစုံမလင်နဲ့ မြေအောက်ဆင်းတူးတဲ့ ရွှေတွင်းတွေမှာ နှစ်စဉ်နှစ်တိုင်း သေဆုံးသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
8 months Ago
ကွန်ဂို NDC-R သူပုန်အုပ်စု လက်နက်ချ
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းက အကြီးဆုံးသူပုန်အုပ်စုတွေထဲက NDC-R  သူပုန်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေဟာ သူတို့ခေါင်းဆောင်ကို လူ့အခွင့်အရေး အလွဲသုံးစားမှုနဲ့ စွပ်စွဲဖြုတ်ချအပြီး တလအကြာ သြဂုတ် ၁၇ ရက်မှာ လက်နက်ချ အညံ့ခံလိုက်ပါတယ်။ NDC-R လက်နက်ကိုင်အုပ်စုဟာ ကီဗူးခရိုင်မြောက်ပိုင်းက ကျယ်ပြန့်တဲ့ဒေသကို ထိန်းချုပ်ထားပြီး တရားမဝင် ရွှေကုန်ကူးရာက ငွေရနေတာပါ။ ကုလသမဂ္ဂ ဒဏ်ခတ်မှုတွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ သူတို့ခေါင်းဆောင် ရှီမီရေးဂွေဒိုကို အဖွဲ့ထဲက နှင်ထုတ်လိုက်ပြီလို့ ဇူလိုင်လက ကြေညာလိုက်ပါတယ်။ ခုချိန်ဟာ နိုင်ငံအရှေ့ပိုင်း ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ အချိန်ပဲလို့ ပြည်သူ့စစ် ပြောခွင့်ရက လက်နက်ချပွဲမှာ ပြောပါတယ်။ အဖွဲ့တွင်း ဖြုတ်ထုတ်ရှင်းပြဿနာကို ရင်ဆိုင်ဖို့ ကြိုးစားရင်း အဖွဲ့ကွဲသွားတာ ဖြစ်နိုင်တယ်လို့ NDC-R အဖွဲ့ကို လေ့လာနေတဲ့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဂန့်ထ်တက္ကသိုလ်က သုတေသနပညာရှင် ခရစ္စတော့ဖ်ဗိုဂယ်လ်ကတော့ အုပ်စုတွင်း အဖွဲ့ကွဲ တခုက လက်နက်ချတာကို အကြမ်းဖက်မှုတွေ တိုက်ပွဲတွေရဲ့ အဆုံးသတ်လို့ ပြောဖို့ မလိုသေးဘူးလို့ ပြောပါတယ်။ တိုက်ပွဲဝင် သူပုန်စစ်သည်တွေ အနာဂတ်မှာ လက်နက်ပြန်ကိုင်တာမျိုး မလုပ်ဖြစ်အောင် တားဖို့ ဖွဲ့စည်းပုံ ခိုင်မာတဲ့ ဖြုတ်သိမ်းရေးအစီအစဉ် ချမှတ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ စစ်တပ်ပြောခွင့်ရ ဂွေလောင်မေ အန်ဒီခေခိုင်ကိုကတော့ တခြားပြည်သူ့စစ်အုပ်စုတွေလည်း လက်နက်ချကြဖို့ ဆော်သြရင်း လက်နက်ချရင် သူတို့အတွက်လည်း အကျိုးစီးပွားရှိတယ်လို့ ပြောပါတယ်။ လက်နက်ကို တရားမဝင် ဆက်ကိုင်ထားသူ အားလုံးလည်း အသိတရားရကြဖို့ သိပ်အရေးကြီးတယ်လို့ ပြောပါတယ်။
9 months Ago
ဆန္ဒပြသူများကို ကွန်ဂိုရဲတပ်ဖွဲ့ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် ပစ်ခတ်လူစုခွဲ
ကွန်ဂိုနိုင်ငံရဲ့ မြို့တော် ကင်ရှာဆာမှာ ဆန္ဒပြသူတွေက လွှတ်တော်ဝင်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားလို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ပြီး ဇွန်လ ၂၄ ရက်က လူစုခွဲခဲ့ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌဟောင်းနဲ့ သမ္မတဟောင်းရဲ့ ပါတီဝင် အူဘင် မီနာခူရဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အဆိုပြုချက်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ၂ ရက်ဆက်တိုက် ပေါ်ပေါက်နေတာပါ။  ဥပဒေအပြောင်းအလဲဟာ တရားလိုပြရှေ့နေ ဒါမှမဟုတ် အစိုးရရှေ့နေတွေအတွက် တရားရုံးတွေကနေ တရားရေး ဝန်ကြီးဌာနဆီကို တာဝန် အပြောင်းအလဲတွေ ဖြစ်စေပါတယ်။  အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးကို ခွဲခြားထားရမယ့်အချက်ကို အဆိုပြု ဥပဒေက ချိုးဖောက်နေတယ်၊ အခြေခံ ဥပဒေကိုလည်း စိန်ခေါ်နေတယ်လို့ သမ္မတ ဖေးလစ် တီရှီစေကေဒီရဲ့ ပါတီက ပြောပါတယ်။ ကာကွယ်ရေး ဦးစီးချုပ် ဗီတယ် ခါမာဟီဟာ ပြည်သူ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄၈ ခသန်းကို အလွဲသုံးစား လုပ်မှုအတွက် ထောင်ဒဏ်နှစ် ၂၀ ပြစ်ဒဏ်ချခံရအပြီး ဒီအဆိုပြုချက်ကို တင်သွင်းလာတာပါ။
11 months Ago
ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ COVID-19 ကြောင့် စားသုံးကုန်များ ဈေးတက်
ကွန်ဂို ဒီမိုကရက်တစ်နိုင်ငံမှာ COVID-19 အစီအမံတွေကို သမ္မတ  ကြေညာပြီးနောက်မှာပဲ အခြေခံ စားသုံးကုန်ပစ္စည်းတွေ ဈေးတက်သွားခဲ့ပါတယ်။  တချို့ဈေးဆိုင်တွေမှာ ခါတိုင်းထက် ဈေးက နှစ်ဆကနေ သုံးဆအထိ မြင့်တက်သွားခဲ့ပါတယ်။   မြို့တော် ကင်ဆာရှာမှာ အသွားအလာ ကန့်သတ်တာတွေ မလုပ်ခင်  လူတွေက အပြေးအလွှားပစ္စည်းတွေ ဝယ်ယူတာမို့ မတ်လ ၂၇ ရက်က စူပါမားကတ် အပြင်မှာ  လူတန်းရှည်ကြီးတွေကို တွေ့ရပါတယ်။  ဝန်ထမ်းတွေက ဈေးဝယ်သူတွေရဲ့ အပူချိန်ကို တိုင်းတာက တဦးနဲ့တဦး ခပ်ခွာခွာနေဖို့၊ စည်းကမ်းတွေ လိုက်နာစေဖို့ လူအရေအတွက်နဲ့ ပေးဝင်ခဲ့ပါတယ်။ ဈေးဝယ်သူတဦးကလည်း ၄ ရက်လောက် အိမ်ထဲက အိမ်ပြင် မထွက်ရဘူး ညွှန်ကြားထားလို့ ဈေးလာဝယ်ပေမယ့် ပေါင်မုန့်လောက်ပဲ ဝယ်နိုင်ကြောင်း၊ ပစ္စည်းအများကြီး ဝယ်ဖို့ မတတ်နိုင်တာမို့  အစိုးရအနေနဲ့ နည်းလမ်းရှာဖွေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် မတ်လ ၂၇ ရက် ညမှာပဲ ကင်ဆာရှာ အုပ်ချုပ်ရေးမှူးက  အခြေခံစားသောက်ကုန်တွေ မြင့်တက်လာတာကြောင့် အသွားအလာကန့်သတ်မှုကို  ရက်ရွှေ့ဆိုင်းတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။   လက်ရှိအချိန်ထိ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၈ ဦး ရှိပါတယ်။  ဥရောပ၊ အမေရိကန်နိုင်ငံတွေနဲ့ နှိုင်းစာရင် အာဖရိကမှာ ကူးစက်ခံရသူ အရေအတွက် နည်းပေမယ့်  ကျန်းမာရေးစနစ် အားနည်းတာမို့ ကူးစက်သူအရေအတွက် တဟုန်ထိုး တက်လာမယ့် စိုးရိမ်စိတ်တွေ ဖြစ်ပေါ်နေပါတယ်။
1 year Ago
ကွန်ဂိုတွင် ကုန်ကားတိုက်မိသဖြင့် ၁၄ ဦးသေဆုံး၊ ၃၀ ခန့်ဒဏ်ရာရ
ကွန်ဂိုသမ္မတနိုင်ငံ ကင်ရှာဆာမြို့မှာ ဖေဖော်ဝါရီ ၁၆ ရက်က လမ်းမတော်တဆမှုအတွင်း လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၃၀ လောက် ဒဏ်ရာရပါတယ်။ ကွန်ဂိုမြို့တော်က လူစည်ကားတဲ့လမ်းဆုံမှာ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်လာတဲ့ ကုန်ကားတစီးက ကားအတော်များများနဲ့ လူတွေကို ဝင်တိုက်မိခဲ့တာပါ။  အများပြည်သူသုံး ဘတ်စ်ကားသေးတွေ အပါအဝင် ကားအတော်များများကို ကုန်ကားက ဝင်တိုက်ခဲ့တဲ့အပြင် ကားပေါ်က ကျောက်တုံးကြီးတွေက လမ်းဘေးက ကားတွေပေါ်ကိုပါ ပြုတ်ကျခဲ့တာပါ။  ကုန်ကားက ဘရိတ်ပေါက်ပြီး ထိန်းချုပ်မရ ဖြစ်ခဲ့ပုံပေါ်တယ်လို့ အခင်းဖြစ်နေရာက မျက်မြင်သက်သေက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေပါတယ်လို့ ဒေသန္တရဆေးရုံ ရင်ခွဲရုံလုပ်သား တယောက်က ပြောပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆေးရုံ အရာရှိက ပြောပါတယ်။ မတော်တဆ ဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်း မသိရသေးပါဘူး။ ကားတိုက်တဲ့နေရာဟာ မြို့တော်တွင်း လင်ဘာ၊ အန်ဂါဘာနဲ့ မွန့်ဂါဖှူလာခရိုင်တွေကို ချိတ်ဆက်ထားတဲ့ လမ်းဆုံ ဖြစ်ပါတယ်။
1 year Ago
ကွန်ဂို မျိုးနွယ်စုလက်နက်ကိုင်အဖွဲ့၏ လူသတ်အကြမ်းဖက်မှု ဂျီနိုဆိုက် ဖြစ်နိုင်ဟု ကုလပြော
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မျိုးနွယ်စုလက်နက်ကိုင်အဖွဲ့ရဲ့ လူသတ်၊ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် အကြမ်းဖက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့သဘော သက်ရောက်ပြီး ဂျီနိုဆိုက် ဖြစ်နိုင်လောက်တယ်လို့  ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။  ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၉ စက်တင်ဘာအထိ ဂျူဂူနဲ့ မဟာဂီနယ်မြေတွေက ဟေမာနဲ့ လန်ဒူ အသိုက်အဝန်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၇၀၁ ယောက် ထက်မနည်း သေဆုံးကာ  ၁၆၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။  လန်ဒူလက်နက်ကိုင်အဖွဲ့တွေက ဟေမာတိရစ္ဆာန်တွေ ကျောင်းတဲ့သူတွေကို  စနစ်တကျ တိုက်ခိုက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး လန်ဒူတွေရဲ့ ဘိုဘေးပိုင် မြေတွေကနေ ဟေမာ မျိုးနွယ်စုတွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။  ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူပေါင်း  ၅၇၀၀၀ နီးပါး ယူဂန္ဓာနိုင်ငံကို ထွက်ပြေးခဲ့ရပြီး လူ ၅ သိန်းလောက်ဟာလည်း နိုင်ငံတွင်း  နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 
1 year Ago
ကွန်ဂိုအစိုးရနှင့် WHO ပေါင်းပြီး ဝက်သက်ကာကွယ်ဆေးတိုက်
ကွန်ဂိုနိုင်ငံမှာ အစိုးရအဖွဲ့နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းပြီး ဝက်သက်ရောဂါ ကာကွယ်ဆေးတိုက်ကျွေးရေး တတိယအဆင့်လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၁ ရက်က စတင်ခဲ့ပါတယ်။  အခုနှစ်ကုန်အထိ ကွန်ဂိုနိုင်ငံတလွှား ကလေးငယ် ၁၈ ဒဿမ ၉သန်းကို ကာကွယ်ဆေးတိုက်ကျွေးသွားဖို့ ရည်မှန်းထားပါတယ်။  အခုနှစ်အတွင်း ကွန်ဂိုနိုင်ငံမှာ ဝက်သက်ရောဂါကြောင့် ကလေးငယ်အများစု အပါအဝင် လူပေါင်း ငါးထောင်လောက် သေဆုံးခဲ့ပြီး ဝက်သက်ရောဂါ သံသယရှိလူနာ နှစ်သိန်းခွဲကျော်လောက်ရှိတယ်လို့ WHO အဖွဲ့က ပြောပါတယ်။  ကာကွယ်ဆေးထိုးတဲ့အရေအတွက် နည်းတာနဲ့ အာဟာရချို့တဲ့တာကြောင့် ဝက်သက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့ပြီး အထူးသဖြင့် မြောက်ကီဗူးပြည်နယ်မှာ အဖြစ် များပါတယ်။  အဲဒီဒေသဟာ အီဘိုလာရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ဒေသလည်း ဖြစ်ပြီး လူ ဦးရေ ၂ဒဿမ၂ သန်းနေထိုင်တာကြောင့် ဝက်သက်ကာကွယ်ဆေးထိုးနှံဖို့က စိန်ခေါ်မှုအများဆုံးပါ။  ပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် တချို့နေရာတွေကို အကူအ ညီပေးရေးဝန်ထမ်းတွေ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ WHOက ပြောပါတယ်။ WHO က ဖော်ပြတဲ့ အချက်အလက်တွေအရ အခုနှစ် ၂၀၁၉ နိုဝင်ဘာအထိ ဝက်သက်ရောဂါဖြစ်ပွားမှုနှုန်းဟာ ၂၀၁၈ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် သုံးဆ မြင့်တက်လာခဲ့ပါတယ်။  ၂၀၁၈ ခုနှစ်မှာ လစ်ဘေးရီးယား ၊ ယူကရိန်း ၊ ကွန်ဂို ၊ မါဒါဂါစကာနဲ့ ဆိုမာလီယာ စတဲ့နိုင်ငံတွေမှာ ဝက်သက်ရောဂါအဓိကဖြစ်ပွားခဲ့ပြီး အဲဒီငါးနိုင်ငံမှာ ဖြစ်ပွားမှု နှုန်းပမာဏဟာ တကမ္ဘာလုံးရောဂါဖြစ်ပွားမှု အရေအတွက်ရဲ့ ထက်ဝက်ရှိတယ်လို့ WHO က ဖော်ပြခဲ့ပါတယ်။ 
1 year Ago
ကွန်ဂိုရှိ အီဘိုလာရောဂါကုဌာန ၂ ခု တိုက်ခိုက်ခံရပြီး ကျန်းမာရေးဝန်ထမ်း ၄ ဦး သေ
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ နိုဝင်ဘာ ၂၈ရက်က ပြည်သူ့စစ်တိုက်ခိုက်ရေးသမားတွေက အီဘိုလာရောဂါ ကုသရေးစင်တာ နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်  ကျန်းမာရေး ဝန်ထမ်း လေးယောက် သေဆုံးပြီး နောက်ထပ် ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။  ဒဏ်ရာရသူ ငါးယောက်ထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဝန်ထမ်းတစ်ယောက်လည်း ပါတယ်လို့ WHO အကြီးအကဲက ပြောပါတယ်။ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့ဝင်တယောက်၊ ကားမောင်းသူ နှစ်ယောက်နဲ့ ရဲဝန်ထမ်းတယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူအများစုကတော့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေလို့ WHO ညွှန်ချုပ်  တီဒရိုအာဒန်နိုမ် ဂီဟ်ဘရာယူဇ့်က ပြောပါတယ်။  ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့အလုပ်တွေကို ဘေးကင်းကင်း မလုပ်နိုင်ဘူးဆိုရင် ကွန်ဂိုနိုင်ငံမှာအီဘိုလာရောဂါကြောင့် လူတွေအများကြီး သေနိုင်တယ်လို့ သူက ဆက်ပြော ပါတယ်။  မိုင်မိုင်ပြည်သူ့ စစ်တိုက်ခိုက်ရေးသမားတွေနဲ့ ဒေသခံတွေက ကျန်းမာရေးအဆောက်အအုံတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာပါ။  တိုက်ခိုက်သူတွေက ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါပိုး မရှိဘူးလို့ ယုံကြည်ထားကြသလို အီဘိုလာရောဂါတိုက်ဖျက်ရေး ရန်ပုံငွေတွေကနေ သူတို့ ဘာအကျိုအမြတ်မှ မရတဲ့အပေါ်  မကျေနပ်ချက်တွေ ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  ကွန်ဂိုနိုင်ငံတွင်း ပဋိပက္ခတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် ကျန်းမာရေးအာဏာပိုင်တွေရဲ့ အီဘိုလာ ရောဂါပျံ့ပွားမှု နှိမ်နင်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေရပါတယ်။  ကွန်ဂိုနိုင်ငံမှာ ကမ္ဘာ့ဒုတိယမြောက်အဆုံးရွားဆုံး အီဘိုလာရောဂါ ကူးစက်မှု စံချိန်တင်ပျံနှံနေပြီး ၂၀၁၈ခုနှစ်ကတည်းက လက်ရှိအချိန်ထိ လူပေါင်း ၂၂၀၀  နီးပါးသေဆုံးခဲ့ပါတယ်။
1 year Ago
ကွန်ဂိုနိုင်ငံတွင် ရေကြီးမြေပြို၊ လူ ၃၉ ဦးထက်မနည်း သေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ မြို့တော်ကင်ရှာဆာမှာ ရေကြီးလို့ နိုဝင်ဘာ ၂၆ ရက်ထိ သေဆုံးသူ ဦးရေ ၃၉ ယောက်ထက်မနည်း ရှိသွားပါပြီ။ ညလုံးပေါက် မိုးကြီးပြီး ကင်ရှာဆာတက္ကသိုလ်နားမှာ မြေပြိုတာတွေကြောင့် အသေအပျောက် များခဲ့တာပါ။ မြို့တောင်ဘက် ဆင်ခြေဖုံးက တက္ကသိုလ်ရိပ်သာမှာ လမ်းပိုင်းတပိုင်းနဲ့ အိမ် ၃ လုံးထက်မနည်း ချောက်ထဲ ပြုတ်ကျခဲ့ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ မြေပြိုမှုကြောင့် ကွန်ကရစ်ပိုင်းတွေနဲ့ သံမဏိ အမိုးတွေက မြေသားဟင်းလင်းပြင်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေက အလောင်းတွေကို ဆက်ရှာနေတယ်လို့ ကင်ရှာဆာပြည်နယ် ဒုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မိုးဟာ မနက် ၂ နာရီကစပြီး ၄ နာရီကြာအောင် ပြင်းပြင်းထန်ထန် ရွာခဲ့တယ်လို့ ချောက်ထဲ ပြုတ်ကျခဲ့တဲ့ အိမ်ရဲ့ ပိုင်ရှင်က ပြောပါတယ်။ လူဦးရေ ၁၂ သန်းနီးပါး နေထိုင်တဲ့ ကင်ရှာဆာမြို့တော်မှာ ရေကြီးတာက ဖြစ်နေကျပါ။ အခြေခံ အဆောက်အဦတွေ ညံ့ဖျင်းပေမယ့် ခုလို လူအသေအပျောက် များတာကတော့ ရှားပါတယ်။
1 year Ago
ကွန်ဂိုနိုင်ငံ၌ လူနေရပ်ကွက်ပေါ် လေယာဉ်ပျက်ကျပြီး ၂၇ ဦးထက်မနည်း သေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်း ဂိုမာမြို့က လူနေသိပ်သည်းတဲ့ ရပ်ကွက်ပေါ်ကို လေယာဉ်တစီး နိုဝင်ဘာ ၂၄ ရက်က ပျက်ကျခဲ့လို့ လူ ၂၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ အပျက်အစီးတွေအောက်ကနေ အလောင်း ၂၇ လောင်းရှာတွေ့ခဲ့ပြီး လူအတော်များ များလည်း အပေါ်ကပြုတ်ကျလာတဲ့ အပျက်အစီးတွေ ထိမှန်ခဲ့ကြတယ်လို့ ဂိုမာမြို့က ကယ်ဆယ်ရေးညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောပါတယ်။  ဒေသန္တရလေကြောင်းကုမ္ပဏီ Busy Bee ရဲ့လုပ်ငန်းဆောင်ရွက်နေတဲ့ ပန်ကာတပ် လေယာဉ်ဟာ ဂိုမာမြို့ကို သွားဖို့ ဘေနီမြို့ကနေ ပျံတက်အပြီး မကြာခင် ပျက်ကျခဲ့တာလို့ အရာရှိ တွေက ပြောပါတယ်။ ထိုင်ခုံ ၁၉ လုံးပါတဲ့ဒေါ်နီယာ 228-200 အမျိုးအစား အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၆ ယောက်နဲ့လေယာဉ်ဝန်ထမ်း နှစ်ယောက်ပါတယ်လို့ Busy Bee က အရာရှိ တယောက်က ပြောပေ မယ့် ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။  ကွန်ဂိုနိုင်ငံမှာ ဘေးကင်းရေးစံချိန်တွေ လျော့ရဲနေပြီး ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းလို့ လေ ကြောင်း မတော်တဆမှုတွေ ဖြစ်လေ့ရှိပါတယ်။ Busy Bee လေကြောင်းလိုင်းအပါအဝင် ကွန်ဂိုနိုင်ငံက လေကြောင်းလိုင်းအားလုံးကို ဥရောပသမဂ္ဂ လေပိုင်နက်အတွင်း ပျံသန်းခွင့် တားမြစ် ပိတ်ပင်ထားပါတယ်။
1 year Ago
ကွန်ဂိုတွင် စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ၁၅ ဦး သေဆုံး
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံအရှေ့ပိုင်းမှာ အစ္စလာမ္မစ်စစ်သွေးကြွလို့ သံသယရှိသူတွေ ညလုံးပေါက် တိုက်ခိုက်လို့ လူ ၁၅ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံအရာရှိတွေက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။ ဒါဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်နဲ့အတူ စစ်တပ်က သူပုန်တွေကို အရင်လကစလို့  ထိုးစစ်ဆင်ပြီးတဲ့နောက်ပိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။ ကွန်ဂိုနိုင်ငံဟာ ယူဂန်ဒါနယ်စပ်နားက သစ်တောတွေထဲမှာ ခိုအောင်းနေတဲ့ ဒီမိုကရက်တစ် မဟာမိတ်တပ်ဦး ADF က တိုက်ခိုက်ရေးသမားတွေအား အမြစ်လှန်မယ့် စစ်ဆင်ရေးကို အောက်တိုဘာ ၃၀ ရက်မှာ စတင်ခဲ့တာပါ။ ADF က တိုက်ခိုက်ရေးသမားတွေကလည်း အရင်အပတ်ကစပြီး လူအယောက် လေးဆယ်ကျော်ကို သတ်ဖြတ်ရင်း အရပ်သားတွေကို တိုက်ခိုက်လက်တုံ့ ပြန်ခဲ့တယ်လို့ ဒေသခံအရပ်ဘက် လူ့အဖွဲ့အ စည်းက တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ၂၀၁၄ ခုနှစ်တည်းက ခုထိ ADF ရဲ့ တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ ပြီးပြီလို့ အစိုးရက ပြစ်တင် ပြောဆိုထားပါတယ်။
1 year Ago
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းတွင် သူပုန်အဖွဲ့၏တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံး
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့(ADF) သူပုန်တွေရဲ့ သံသယရှိဖွယ် တိုက်ခိုက်မှုကြောင့် အရပ်သား ငါးယောက် သေဆုံးခဲ့ရလို့  ဒေသခံတွေက ဒေါသထွက်နေကြပါတယ်။ ကုလသမဂ္ဂ ရုံးအခြေစိုက်တဲ့ ဘေနီမြို့နားက မာယီမိုယာဒေသမှာ နိုဝင်ဘာ ၁၁ ရက် ညက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ဒါမှမဟုတ် ကွန်ဂိုစစ်တပ်က ကြားဝင်ကာကွယ်ပေးခဲ့တာ မရှိတာကိုလည်း ဒေသခံတွေက စိတ်ပျက်နေကြပါတယ်။ ADF သူပုန်အဖွဲ့ဟာ ကနဦးက ယူဂန္ဓာအခြေစိုက် အစ္စလာမ်မစ် လွှမ်းမိုးတဲ့ သူပုန်အဖွဲ့ဖြစ်ပြီး ကွန်ဂိုနဲ့ ယူဂန်ဒါ နယ်စပ်တလျှောက်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ လှုပ်ရှားခဲ့ကြပါတယ်။  အဲဒီနောက် ၁၉၉၈-၂၀၀၃ စစ်ပွဲအပြီး ကွန်ဂိုအရှေ့ဘက်မှာ လှုပ်ရှားကြတဲ့ လက်နက်ကိုင်အဖွဲ့စာရင်းမှာ  ADFသူပုန်အဖွဲ့လည်း ပါဝင်လာခဲ့ပါတယ်။  ကွန်ဂိုအစိုးရဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ သူပုန်အဖွဲ့တွေကို ရှင်းလင်းဖို့ အောက်တိုဘာလက စစ်ဆင်ရေးတခု စတင်ခဲ့ပြီးခဲ့တဲ့ သီတင်းပတ်ကုန်လောက်မှာပဲ နိုင်ငံ အရှေ့ပိုင်းက အဓိက လက်နက်ကိုင် ခေါင်းဆောင်တဦးကို သုတ်သင်ခဲ့ပါတယ်။
1 year Ago
ကွန်ဂိုတွင် လောင်စာဆီဘတ်စ်ကား မီးလောင်၊ လူ ၃၀ ထက်မနည်း သေဆုံး
ကွန်ဂိုသမ္မတနိုင်ငံ၊ ကွန်ကိုစင်ထရယ်ပြည်နယ်မှာ အောက်တိုဘာ ၂၀ ရက်က ယာဉ်မတော်တဆမှုတခုအတွင်း လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ လောင်စာဆီတွေ တင်ဆောင်လာတဲ့ အဲဒီဘတ်စ်ကားဟာ လျှပ်စစ်ဓာတ်တိုင်ကို ဝင်တိုက်ပြီး မီးလောင်ခဲ့တာပါ။ အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ အခင်းဖြစ်တဲ့နေရာကို ကွန်ဂိုသမ္မတ ဖီလဇ်ရှီဆေကေဒီ လာရောက်ခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေတဲ့ အသက်ရှင်ကျန်ရစ်သူ ၁၆ ယောက်ကိုလည်း သွားတွေ့ခဲ့ပါတယ်။ အဲဒီဘတ်စ်ကားဟာ လူဖူမြို့ကနေ ကင်ရှာဆာမြို့ကို မောင်းနှင်လာစဉ် အခုလို မတော်တဆ ဖြစ်တာလို့ လူသားချင်းစာနာမှုရေးရာ ဝန်ကြီးက ပြောပါတယ်။ အဲဒီမတော်တဆမှုဟာ ကားဘရိတ်ပေါက်တာကြောင့် ဖြစ်တာလို့ အာဏာပိုင်တွေက ယူဆထားကြပါတယ်။
2 years Ago
ကွန်ဂိုတွင် အီဘိုလာကူးစက်မှု အရေးအပေါ်အခြေအနေအဆင့် ဆက်လက်ထားရှိ
ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းက ရွှေတွင်း ပတ်ဝန်းကျင်မှာ အီဘိုလာ ရောဂါ ကူးစက်သေဆုံးမှုတွေ ဆက်ရှိနေလို့ နိုင်ငံတကာအဆင့် အရေးပေါ် အခြေအနေမှာ အကျုံးဝင် နေဆဲပဲလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်> ၂၀၁၈ သြဂုတ်လမှာ ကူးစက်ရောဂါ ကပ်ဘေးအဖြစ် ကြေညာပြီးတည်းက ခုထိ လူ အယောက် ၃၂၀၀ ကျော်ကူးစက်ပြီး လူအယောက် ၂၂၀၀ လောက် သေဆုံးပြီးပါပြီ။ ကမ္ဘာ့ ဒုတိယအဆိုးဆုံး ကူးစက်မှုလို့ WHO က ပြောပါတယ်။  လောလောဆယ်မှာ ဘီယာကာတိုသတ္ထုတွင်း ဒေသထဲက မန်ဒီမာ ကျန်းမာရေးဇုန်ထဲမှာ ကူးစက်မှုစိပ်နေတယ်လို့ WHO ရဲ့ အီဘိုလာဆိုင်ရာ အရေးပေါ် ကော်မတီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ကီဗူးနဲ့ အစ်တူရီ ပြည်နယ် မြောက်ပိုင်းတွေမှာ ကူးစက်မှု အသစ် ၁၅ မှုကို အောက်တိုဘာ ၁၃ ရက်မှာ အစီရင်ခံထားတယ်လို့ WHO က ပြောပါတယ်။ ဒါဟာ ဧပြီလက သီတင်းပတ် တပတ်ကို ကူးစက်မှု အသစ် ၁၃၀ ရှိခဲ့တာနဲ့ နှိုင်းစာရင်တော့ ကျဆင်းသွားတာပါ။ အရေးပေါ် အခြေအနေကို ဆက်ထားဖို့နဲ့ မထားရင် ကွန်ဂိုအရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်နိုင်တယ်ဆိုတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတရပ်ရဲ့ ထောက်ခံချက်ကို လက်ခံတယ်လို့ WHO ရဲ့ ညွှန်ချုပ်က ပြောခဲ့ပါတယ်။
2 years Ago
အီဘိုလာ ကူးစက်မှုဒဏ် ခံနေရသည့် ကွန်ဂိုနိုင်ငံကို ကုလအတွင်းရေးမှူးချုပ် သွားရောက်
2 years Ago
ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကြောင့် သေဆုံးသူ ၂၀၀၀ ကျော်ရှိပြီ
2 years Ago
ကွန်ဂိုတွင် အီဘိုလာရောဂါ ကုသနိုင်သည့် ဆေး ၂ မျိုး ထုတ်လုပ်နိုင်မှု WHO ချီးကျူး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်း ကူးစက်နေတဲ့ အီဘိုလာရောဂါအတွက် ဆေးကုသရာမှာ ရှင်သန်မှု ၉၀ ရာခိုင်နှုန်းထိရှိကြောင်း ပြနိုင်တဲ့ ဆေးနှစ်မျိုးကို စမ်းသပ်ထုတ်လုပ် ကုသနိုင်ပြီဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သြဂုတ် ၁၃ ရက်မှာ ချီးကျူးလိုက်ပါတယ်။ ရေဂျီနီရွန် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ရှာတွေ့ခဲ့တဲ့ REGN-EB3 လို့ ခေါ်တဲ့ အန်တီဘော်ဒီနဲ့ mAb114 လို့ခေါ်တဲ့ မိုနိုကလိုနယ် အန်တီဘော်ဒီ စမ်းသပ်ဆေးဝါးတွေကြောင့် သွေးလွန် အဖျားရောဂါ အီဘိုလာကို သိပ္ပံပညာရှင်တွေက ကုသနိုင်ဖို့ နီးစပ်လာပါပြီ။ ဒီဆေးတွေကို ကွန်ဂိုနိုင်ငံအတွင်းက အီဘိုလာကူးစက်ခံ လူနာအားလုံးကို ပေးဖို့ ကုသရေးဌာန ၁၄ ခုကို ဝေပေးတော့မှာပါ။ ဒီဆေးတွေဟာ အရင်က စမ်းသပ်ကုသပေးနေတဲ့ ZMapp နဲ့ ရမ်ဒေစီဗီယာ ဆေးတွေထက် ပိုပြီး လူနာရှင်သန်နှုန်းများလို့ တခြား ဆေးကုသမှုပုံစံနှစ်မျိုးကို အခု ရပ်တန့်တော့မှာ ဖြစ်ပါတယ်။ စစ်တမ်းအရ REGN- EB3 ဆေးတိုက်ထားတဲ့ လူနာ ၉၄ ရာခိုင်နှုန်း အသက်ရှင်ပြီး mAb114 ဆေးတိုက်ထားတဲ့ လူနာ ၈၉ ရာခိုင်နှုန်း အသက်ရှင်ခဲ့ပါတယ်။ ZMapp ဆေးတိုက်ထားတဲ့ လူနာ ၅၁ ရာခိုင်နှုန်း အသက်ရှင်ပြီး ရမ်ဒေစီဗီယာဆေး တိုက်ထားတဲ့ လူနာ ၄၇ ရာခိုင်နှုန်း အသက်ရှင်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရအပြီး ပထမ ၃ ရက်အတွင်း ဆေးကုသမှုခံယူတဲ့ လူနာဟာ အကောင်းဆုံး အသက်ရှည်နိုင်တယ်လို့ WHO က သတိပေးထားပါတယ်။ ၃ ရက်အတွင်း ဆေးကုသခံယူတဲ့ လူနာ သေဆုံးနှုန်းက ၆ ရာခိုင်နှုန်းကနေ ၁၁ ရာခိုင်နှုန်းသာ ရှိတာပါ။ ဒါကြောင့် စောနိုင်သမျှ စောစော ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၁၈ သြဂုတ်လကတည်းက အီဘိုလာဗိုင်းရပ်စ် ကူးစက်နေခဲ့လို့ လူအယောက် ၁၈၀၀ သေဆုံးခဲ့ပြီးပါပြီ။ စစ်သွေးကြွ အကြမ်းဖက်မှုနဲ့ ဒေသခံတချို့က ပြင်ပအကူအညီ လက်ခံဖို့ ငြင်းဆန်နေတာတွေကြောင့် ရောဂါထိန်းချုပ်ရေး အားထုတ်မှုတွေ အနှောင့်အယှက် ဖြစ်နေတာပါ။ WHO က ညှိုနှိုင်း ဆောင်ရွက်ပေးတဲ့ နိုင်ငံတကာ သုတေသနအဖွဲ့က မနှစ် နိုဝင်ဘာကစပြီး ကွန်ဂိုနိုင်ငံအတွင်း စမ်းသပ် ဆေးကုသပေးခဲ့ပါတယ်။ ၂၀၁၃ ကနေ ၂၀၁၆ ကြား အနောက်အာဖရိကမှာ အီဘိုလာကူးစက်မှုဟာ ကမ္ဘာ့အကြီးဆုံး ကူးစက်မှု ဖြစ်ခဲ့ပြီး ဂီနီ၊ လိုက်ဘေးရီးယားနဲ့ ဆီရီယာလီယွန် နိုင်ငံတွေထိ ကူးစက်ခဲ့လို့ လူအယောက် ၁၁၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
2 years Ago
ကွန်ဂိုတွင် အီဘိုလာရောဂါ ကူးစက်ခံရသည့် ဒုတိယမြောက်လူနာ သေဆုံး
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်း ဂိုမာမြို့မှာ အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာ သေဆုံးခဲ့ပြီးနောက် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်နေကြပါတယ်။ ဂိုမာမြို့မှာ အီဘိုလာရောဂါပိုး တွေ့ရှိတယ်လို့ ဇူလိုင်လ ၃၀ ရက်က အတည်ပြု ကြေညာလိုက်ပြီးနောက် လူဦးရေ ၂ သန်းနေထိုင်တဲ့ အဲဒီမြို့မှာ ရောဂါပြန့်ပွားနိုင်တဲ့ အန္တရာယ်မြင့်တက်နေပါတယ်။  ဒါဟာ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါပိုး ပထမဆုံး တွေ့ရှိတဲ့ နေရာနဲ့ မိုင် ၂၂၀ ဝေးတဲ့  ဂိုမာမြို့မှာ ဒုတိယအကြိမ် ရောဂါပိုး ထပ်တွေ့တာပါ။   ပြီးခဲ့တဲ့နှစ်က အီဘိုလာရောဂါကြောင့် ကွန်ဂိုနိုင်ငံမှာ လူပေါင်း ၁,၈၀၀ ကျော် သေဆုံးခဲ့ပါတယ်။  အီဘိုလာရောဂါ ကူးစက်ခံရတဲ့ ဒုတိယမြောက်လူနာဟာ ဖျားနေတာ ရက်ပေါင်းများစွာ ကြာနေပြီး ဂိုမာမြို့ အီဘိုလာရောဂါကုသရေး စင်တာကို ရောက်လာတဲ့ ညပိုင်းမှာပဲ သေဆုံးသွားခဲ့တာပါ။  ဂိုမာမြို့မှာ ပထမဆုံး အီဘိုလာရောဂါ ကူးစက်ခံရတဲ့ လူနာကို တွေ့ရှိခဲ့တဲ့ ဇူလိုင်လလယ်ပိုင်း ကတည်းက  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။  အီဘိုလာရောဂါ လက္ခဏာတွေကတော့ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျောတာ၊ အော့အန်တာနဲ့  ကြွက်သားနာကျင်တာတို့ ဖြစ်ပါတယ်။
2 years Ago
အထူးအရေးပေါ်အစည်းအဝေး (Emergency Special Session) ဆိုတာဘာလဲ
အထူးအရေးပေါ်အစည်းအဝေးဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလုပ်ဖို့ အစည်းအဝေးခေါ်တာ မဟုတ်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေအားလုံး တက်ရောက်ပြီး ကျင်းပလေ့ရှိတဲ့အထွေထွေညီလာခံ (General Assembly) ကို အထူးအခြေအနေမျိုးမှာ ခေါ်ယူတာဖြစ်ပါတယ်။
အထူးအရေးပေါ်အစည်းအဝေးကို ဘယ်တုန်းက ပေါ်ခဲ့တာလဲ။
အထွေထွေညီလာခံမှာ လိုအပ်ရင် အထူးအစည်းအဝေးခေါ်နိုင်တယ်ဆိုတဲ့ လမ်းကြောင်းဟာ ၁၉၅၀  နိုဝင်ဘာလ ၃ ရက်နေ့က အတည်ပြုခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် ၃၇၇(က) (၅) (UN General Assembly Resolution 377A(V) အရပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို  Uniting For Peace လို့လည်း ခေါ်ကြပါသေးတယ်။ 
ပထမဆုံးအကြိမ်ကတော့ ၁၉၅၆ ခုနှစ်က အရှေ့အလယ်ပိုင်းပြဿနာအကြောင်းဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ကတော့ ၁၉၉၇ ခုနှစ် ပါလက်စတိုင်းအရေးဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းအ‌ရေးနဲ့ ပတ်သက်လို့ (၃) ကြိမ်၊ ပါလက်စတိုင်းအရေး (၂) ကြိမ်နဲ့ ဟန်ဂေရီ၊ ကွန်ဂို၊ အာဖဂန်နစ္စတန်၊ နမီးဘီယားနဲ့ သိမ်းပိုက်ခံ အာရပ်နယ်မြေများအရေး (၁) ကြိမ်စီ စုစုပေါင်း (၁၀) ကြိမ်သာ ခေါ်ခဲ့ဘူးပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာခေါ်နိုင်သလဲ 
ကုလသမဂ္ဂအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုင်တွယ်ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်ချလေ့ရှိတဲ့ လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိတဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ အကြားမှာ တညီတညွတ်တည်း သဘောမတူနိုင်တဲ့အတွက်ကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မထိန်းသိမ်းတဲ့အခြေအနေမျိုးမှာ ခေါ်ယူနိုင်ပါတယ်။ အခုမြန်မာနိုင်ငံအရေးလို ကိစ္စမျိုးမှာ ဗီတိုသုံးပြီး ကန့်ကွက်နိုင်တဲ့နိုင်ငံတွေရှိလို့ ရှေ့ဆက်တိုးလို့ရတဲ့မရတဲ့အခြေအနေမျိုးကို ဆိုလိုတာပါ။ 
ထောက်ပြစရာနှစ်ခုတော့ရှိပါတယ်။ 
တစ်အချက်က တရုတ်နဲ့ ရုရှားက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အခုထိ ဗီတိုအာဏာမသုံးသေးပါဘူး။ ဗီတိုအာဏာမသုံးဘဲ စကားလုံးတွေကို လေသံပျော့အောင် လုပ်ဆောင်နေဆဲပဲ ရှိပါသေးတယ်။ ဒါကြောင့် အထွေထွေညီလာခံမှာ အထူးအစည်းအဝေး ခေါ်စရာမလိုသေးဘူးလို့ ဆင်ခြေပေးနိုင်ပါတယ်။ ဒါကြောင့် မြန်မာအရေးကို နောက်တခါဆွေးနွေးရင် မဲခွဲဆုံးဖြတ်သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးစုံစမ်းစစ်ဆေးရေးအရာရှိက တိုက်တွန်းတာ ဖြစ်နိုင်ပါတယ်။
နှစ်အချက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ဆုံးဖြတ်ချက်မှာဖော်ပြထားတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို မထိန်းသိမ်းနိုင်တဲ့အခြေအနေမျိုးနဲ့ ငြိမ်းချမ်းရေးကို ထိပါးနိုင်တဲ့အခြေအနေမျိုးကို မရောက်သေးဘူးလို့လည်း ထောက်ပြနိုင်ပါသေးတယ်။ တရုတ်က အခုကတည်းက ပြည်တွင်းရေးဖြစ်တယ် သူတို့ဘာသာဖြေရှင်းနိုင်တယ်လို့ လေသံစပစ်နေတဲ့အတွက် သတိထားရမယ့် အချက်ဖြစ်ပါတယ်။ 
ဘယ်သူတွေက ခေါ်နိုင်သလဲ။
ခေါ်နိုင်တဲ့သူ နှစ်မျိုးရှိပါတယ်။ ပထမတမျိုးကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် စုစုပေါင်း (၁၅) နိုင်ငံထဲက (၇) နိုင်ငံက ခေါ်ဖို့ဆုံးဖြတ်ရင် ခေါ်နိုင်ပါတယ်။  ဗီတိုအာဏာနဲ့ မဆိုင်တော့ပါဘူး။ အမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာရှင်တွေကတော့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့ဖြစ်ပါတယ်။ လက်ရှိအလှည့်ကျအဖွဲ့ဝင်နိုင်ငံ (၁၀) နိုင်ငံကတော့ အက်စတိုနီးယား၊ အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကစီကို၊ နိုင်ဂျာ၊ နော်ဝေး၊ စိန့်ဗင်ဆင့်နှင့် ဂရီးနာဒင်း၊ တူနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။
သတိပြုရမယ့် ပထမအချက်ကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေကို မချနိုင်အောင် ကန့်လန့်လုပ်နေတဲ့လက်ရှိနိုင်ငံတွေက တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ ရှိနေတာပါပဲ။ လုံခြုံရေးကောင်စီလမ်းကြောင်းကသွားမယ်ဆိုရင် ထောက်ခံမယ့်နိုင်ငံ အနည်းဆုံး (၇) နိုင်ငံက ဘယ်သူတွေဖြစ်မလဲ ဘယ်သူတွေကို ချဉ်းကပ်ပြီးအသင်းထဲ ထည့်ကစားမလဲဆိုတာ ပြင်ဆင်ရပါမယ်။ 
ဒုတိယတမျိုးကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက ခေါ်ယူဖို့ဆုံးဖြတ်ရင် ခေါ်နိုင်ပါတယ်။ လက်ရှိအဖွဲ့ဝင် (၁၉၅) နိုင်ငံရဲ့ ထက်ဝက်ကျော်ရင် ခေါ်နိုင်ပါတယ်။ ဒီလမ်းကြောင်းရွေးမယ်ဆိုရင်လည်း အများဆုံးက ထောက်ခံနိုင်တဲ့ အရှိန်တက်ချိန်မှာ ရွေးသင့်ပါတယ်။ အခြေအနေဆိုးတွေက တနေ့တမျိုးဖြစ်နေတတ်တဲ့ ဒီနေ့ကမ္ဘာအခြေအနေမျိုးမှာ စိတ်ဝင်စားမှုမြင့် ရေချိန်မြင့်နေတဲ့အချိန်မျိုးမှာ ဖြစ်ဖို့လိုပါတယ်။ သွေးအေးသွားတဲ့အချိန်မျိုးနဲ့ တခြားပိုဆိုးတဲ့အခြေအနေတွေဖြစ်လာတဲ့အချိန်မျိုးဆိုရင် ထက်ဝက်မဲရဖို့ ခက်ခဲသွားနိုင်ပါလိမ့်မယ်။
ဘယ်အချိန်မှာ ခေါ်နိုင်လဲ
အထက်မှာပါတဲ့နည်းလမ်း နှစ်မျိုးထဲက တနည်းနည်းအရ တောင်းဆိုလာရင် တောင်းဆိုပြီး (၂၄) နာရီအတွင်းမှာ ခေါ်ပေးရမှာဖြစ်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို ပုံမှန်ကျင်းပနေကျ အောက်တိုဘာလလယ်ကနေ ဒီဇင်ဘာလဆန်းအတွင်းဆိုရင် အာဂျင်တာထဲ ထည့်သွင်းပြီး ခေါ်နိုင်ပါတယ်။ ကျင်းပနေချိန်မဟုတ်ရင်တော့ သီးသန့်ရက်သတ်မှတ်ပြီးခေါ်ရပါတယ်။
အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ အွန်လိုင်းကို အသုံးပြုပြီး အစည်းအဝေးတွေကျင်းပနေတာဖြစ်နေတဲ့အတွက် နယူးယောက်ကို ငွေကုန်ကြေးကျခံပြီး လာရောက်စုဝေးစရာမလိုတော့ပါဘူး။ အွန်လိုင်းနဲ့ဆွေးနွေးနိုင်တာ အားသာချက်ဖြစ်နေပါပြီ။ 
အချိန်က တိုတောင်းပါတယ်။ ဘာအကြောင်းတွေဆွေး‌နွေးမှာလဲ။ ဘာဆုံးဖြတ်ချက်တွေ ထွက်စေချင်တာလဲ။ ထောက်ခံဖို့ ဘယ်နိုင်ငံကို အဓိကထားစည်းရုံးမလဲဆိုတာ အစည်းအဝေးစပြီး ပြင်ဆင်လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အထူးအစည်းအဝေးခေါ်နိုင်ဖို့အတွက် ထောက်ခံဖို့ တနိုင်ငံချင်းကို စည်းရုံးရသလို ကိုယ်လိုလားတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကြိုတင်ပြီး တပြိုင်နက်စည်းရုံးရလေ့ရှိပါတယ်။
တချို့ကတော့ ‌ဒေသအလိုက်အဖွဲ့အစည်းတွေကို ဦးစားပေးစည်းရုံးပါတယ်။ ‌ဒေသလိုက်အဖွဲ့ကိုစည်းရုံးခြင်းအားဖြင့် ထောက်ခံတဲ့ နိုင်ငံတွေပိုများနိုင်လို့ပါ။ ဥပမာ - အီးယူ (European Union) (၂၇ နိုင်ငံ)၊ အာဖရိက (African Union -AU) (၅၃ နိုင်ငံ)  အစ္စလာမ်နိုင်ငံများ (Organization of Islamic Countries- OCI) (၅၇ နိုင်ငံ) အာဆီယံ (ASEAN) (၁၀ နိုင်ငံ) ကျွန်းငယ်နိုင်ငံများ (Alliance of Small Island States -AOSIS) ( ၄၂ နိုင်ငံ) ၊ လက်တင်ရီယိုနိုင်ငံများ (Rio Group) (၂၃ နိုင်ငံ) စသည်ဖြင့်ပေါ့။ 
ခေါ်ခဲ့ရင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာဖြစ်နိုင်မလဲ
အမှန်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အထွေထွေညီလာခံမှာ ဆွေးနွေးလာခဲ့ပြီးသားပါ။ ဆုံးဖြတ်ချက်တွေလည်း ချမှတ်ပြီးသားပါ။ ဒါပေမဲ့ အခုလိုမျိုး လုံခြုံရေးကောင်စီမှာ‌ ရှေ့မတိုးနိုင်ဘဲ တန့်နေတဲ့အတွက် အထူးအစည်းအဝေးခေါ်ရတယ်ဆိုတာ နိုင်ငံရေးအရ ပြင်းထန်တဲ့ ထိုးနှက်မှု ဖြစ်နိုင်ပါတယ်။ သာမန်အခြေအထားမျိုးထက်မရတော့ဘဲ အထူးလုပ်ဆောင်ကိုင်တွယ်ဖြေရှင်း ဖို့လိုအပ်နေပြီဆိုတဲ့ အခြေအနေကို မီးမောင်းထိုးပြရာရောက်ပါတယ်။ ပြည်တွင်းရေးအခြေအနေ မျိုးမကတော့ဘဲ နိုင်ငံတကာက ဝိုင်းဝန်းဖြေရှင်းရတဲ့ အခြေအနေမျိုးဆိုက်ရောက်နေပြီဆိုတာကို ထင်ရှားစေနိုင်ပါတယ်။ 
အခုထက်ပြင်းထန်တဲ့စကားလုံးတွေပါပြီး ကုလသမဂ္ဂတဖွဲ့လုံးကို ကိုယ်စားပြုတဲ့ ဆုံးဖြတ်ချက်တွေ ထွက်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်အုပ်စုကို မဖြစ်မနေလိုက်ကို လိုက်နာရမယ်လို့ မသက်ရောက်ပေမဲ့ တနိုင်ငံချင်းစီပြစ်တင်ရူတ်ချမှုထက် နိုင်ငံအားလုံးက ပြစ်တင်ရူတ်ချမှုကို အန်တုဖို့ ခက်ခဲလာနိုင်ပါတယ်။
တကယ်လို့များ အထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်ထဲမှာ လုံခြုံကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှု။ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုလာနိုင်ရင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို  အရေးယူဖို့လက်တွန့်နေတဲ့နိုင်ငံတွေအနေနဲ့ ဆက်လက်လက် တွန့်ဆုတ်နေဖို့ ခက်ခဲလာနိုင်ပါတယ်။ ဒီလိုတောင်းဆိုချက်ကို အဖွဲ့ဝင်နိုင်ငံတွေက လုပ်ဆောင်ဖို့လည်း တိုက်တွန်းနိုင်ပါသေးတယ်။
ဖြစ်နိုင်တဲ့နည်းတွေကို စဉ်းစား ကြည့်တာပါ။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
ပြည်တွင်းအားသည်သာ အဓိကဖြစ်ပါသည်။
အောင်မျိုးမင်း
1 month Ago
အကြမ်းဖက်မှုများကြောင့် ဗဟိုအာဖရိကသမ္မတနိုင်ငံမှ ထွက်ပြေးသူ ၆၀,၀၀၀ နီးပါးရှိလာ
ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးကြတဲ့ ပြည်သူအရေအတွက်ဟာ သီတင်းတစ်ပတ်အတွင်း ၆၀,၀၀၀ နီးပါး ရှိလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီက ဇန်နဝါရီ ၁၅ ရက်မှာ ပြောပါတယ်။ ဗဟိုအာဖရိက အစိုးရဟာ ဒီဇင်ဘာ ၂၇ ရက် ရွေးကောက်ပွဲရလဒ်ကို ပယ်ချဖို့ ကြိုးပမ်းနေတဲ့ သူပုန်အဖွဲ့တွေကို တိုက်ထုတ်နေတာပါ။ ရွေးကောက်ပွဲမှာ မဲလိမ်တယ်ဆိုတဲ့ ပြောဆိုချက်တွေ ရှိပေမဲ့ သမ္မတ ဖူစတာအာကော့ တွယ်ဒါဟာကို အနိုင်ရသူအဖြစ် ကြေညာခဲ့ပါတယ်။ UNHCR ပြောခွင့်ရပုဂ္ဂိုလ်က “သေချာတာကတော့ အခြေအနေက ပိုပိုတိုးပြီး ပိုပိုဆိုးလာတယ်” လို့ ဂျနီဗာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်က မြို့တော် ဘန်ဂီကို သူပုန်တွေ တိုက်ခိုက်တဲ့ တစ်နေ့တည်းမှာပဲ ထွက်ပြေးသူ ၁၀,၀၀၀ ဟာ အူဘန်ဂွီမြစ်ကို ဖြတ်ပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံထဲ ရောက်လာတယ်လို့ UNHCR က ဆိုပါတယ်။ တခြားထွက်ပြေးသူတွေဟာလည်း ကင်မရွန်း၊ ချက်ဒ်နဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေထဲ ရောက်လာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 months Ago
ဂိုးသမားမရှိသည့် ဂိုးပေါက်ထဲကန်သွင်းမှု ကစားသမား မပီသဟု စတုဂတ်တိုက်စစ်မှူး ဝေဖန်ခံရ
စတုဂတ်တိုက်စစ်မှူး ဖန်ဒူဟာ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ဂိုးသွင်းယူခဲ့ရာမှာ ကစားသမား မပီသတဲ့ အပြုအမူကြောင့် ဝေဖန်ခံနေရပါတယ်။  တနင်္ဂနွေနေ့က ဝါဒါဘရီမင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ကွန်ဂိုတိုက်စစ်မှူး ဝမ်မန်ဂီတူကာ ဖန်ဒူက ၂ ဂိုး သွင်းခဲ့ပါတယ်။  ဒုတိယဦးဆောင်ဂိုး သွင်းယူတာက ဂိုးသမားဆီကနေ ကြားဖြတ်လုယူပြီး တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရခဲ့တာပါ။ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို တစ်ဦးတည်း ကန်သွင်းခွင့်ရခဲ့ရာမှာ ဘောလုံးကို တဖြည်းဖြည်း ဆွဲယူပြီး ဂိုးသမားကိုပါ စောင့်ဆိုင်းပြီးမှ သွင်းယူခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိခဲ့တာပါ။  အဲဒီဂိုးသွင်းယူအပြီးမှာ ဝါဒါဘရီမင်တိုက်စစ်မှူး ဒေးဗစ်ဆဲလ်ကီက လာရောက် တွန်းထိုးခဲ့ပြီး ၂ ဦးစလုံး အဝါကတ် ပြသခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ပြိုင်ဘက်ကို မလေးမစား လုပ်ခဲ့တာမဟုတ်ကြောင်း ဖန်ဒူက ဆိုရှယ်မီဒီယာကနေ ဖြေရှင်းခဲ့ပါတယ်။  ပရိသတ်တချို့ကတော့  အားကစားစိတ်ဓာတ်မရှိသူအဖြစ် ဝေဖန်ကြပြီး တချို့ကတော့ ဖျော်ဖြေမှုတစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
5 months Ago
မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ရတနာ ဦးသန့် (ဆောင်းပါး)
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို တစ်ရက်တာ လေ့လာဖို့သွားနေတဲ့ ကျွန်တော့်ခြေလှမ်းတွေဟာ တက်ကြွကာ အားမာန်အပြည့်။ ပြီးတော့ ကျွန်တော့်နှလုံးသားရင်ခုန်သံတွေကလည်း နယူးယောက်လမ်းမကြီးပေါ်မှာ ဥဒဟိုသွားနေတဲ့ ကားသံတွေနဲ့ အတူ မြည်ဟိန်းလို့နေပါတယ်။ ရောက်ရောက်ချင်းမှာပဲ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အစ်မရည်မွန်ကိုယ်တိုင် ရုံးရဲ့ ဝင်ပေါက်မှာ ကျွန်တော့်ကို လာရောက်ကြိုဆိုပါတယ်။ အစ်မရည်မွန်ကိုတော့ အစ်မရဲ့ဖေ့စ်ဘွတ်ပေ့ချ်ကနေတစ်ဆင့် ကျွန်တော့်ကိုယ်ကျွန်တော်မိတ်ဆက်ကာ ခင်မင်ခွင့်ရထားတာပါ။ နယူးယောက်မြို့ကို မလာခင် ကျွန်တော်လော့စ်အိန်ဂျလစ်မြို့မှာ ရှိနေစဉ်ကတည်းက ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို လာဖို့ရှိကြောင်းနဲ့ လိုအပ်တဲ့ အကူအညီတွေပေးပေးဖို့ ကြိုတင်ပြီး အစ်မကို တောင်းဆိုထားတာပါ။ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ် ပရိဝုဏ်အတွင်းလမ်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များလို့ လူသိများတဲ့  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (၁၇) ချက်ကို ရောင်စုံရေးသားခြယ်မှုန်းထားပါတယ်။ ထူးခြားတာကတော့ သေနတ်ပြောင်းဝကို ကွေးလိမ်ထားတဲ့ အကြမ်းမဖက်ရေးကို ပုံဖော်ထားတဲ့ ပန်းပုလေးပါဘဲ။ ကမ္ဘာအနှံ့ကနေပြီး လာရောက်လေ့လာကြတဲ့ သူတွေကလည်း ကိုယ့်ကင်မရာ၊ စမတ်ဖုန်းကိုယ်စီနဲ့ ရုံးချုပ်အတွင်းကိုရောက်ရှိခြင်းအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့  ဓာတ်ပုံလေးတွေ ကိုယ်စီရိုက်နေတဲ့ မြင်ကွင်းလေးတွေကလည်း ကြည့်လို့ကောင်းနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ် (၈) ဦးရဲ့ပုံတွေကိုတော့ ရုံးချုပ်အဆောက်အအုံ ပထမထပ် အတွင်းနံရံပေါ်မှာ ချိတ်ဆွဲထားတာကို တွေ့ရပါတယ်။ မှတ်မှတ်ရရတစ်ခုကို ပြောရမယ်ဆိုရင်ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ ပုံနားမှာ တောင်ကိုးရီးယားက ကျောင်းသူ၊ကျောင်းသားတွေလည်း အပြိုင်အဆိုင် ဓာတ်ပုံရိုက်နေကြတာကို တွေ့မြင်လိုက်ရပါတယ်။ ဘန်ကီးမွန်းရဲ့ပုံ အနားမှာကတော့ ဦးသန့်ပုံပါဘဲ။ ဦးသန့်ပုံကို တွေ့တွေ့ချင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံသားဖြစ်ရတာကို အင်မတန်မှ ဂုဏ်ယူမိပြီး၊ တစ်ချိန်တည်းမှာပဲ ဦးသန့်နဲ့ ပတ်သက်ပြီး သူက ပန်းတနော်သား ဖြစ်တယ်ဆိုတာရယ်၊ ကမ္ဘာ့ကုလသမဂ္ဂ  အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူဆိုတာရယ်၊ အဲဒီအချက်နှစ်ချက်ကလွဲရင် ကျန်တာ ထူးထူးခြားခြားမသိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်မကောင်းအကြီးအကျယ်ဖြစ်သွားခဲ့ရပါတယ်။ တကယ်တော့ ဦးသန့်ဟာ အမိမြန်မာပြည်က မွေးထုတ်လိုက်တဲ့ သားကောင်းရတနာတစ်ပါး။ စံနမူနာယူဖွယ် ခေါင်းဆောင်ကောင်းတစ်ယောက်။ ပြီးတော့ ကမ္ဘာ့ပြိုင်စံရှား မဟာလူသားတစ်ဦးပင်ဖြစ်ပါတယ်။ “ဦးသန့်ဟာဆိုရင်ဖြင့် မြန်မာနိုင်ငံသူ/သားများအတွက် သာမက အာရှသူ/သားများ အားလုံးအတွက်ပါ ဂုဏ်ယူစရာကောင်းသူ ဖြစ်ပါတယ်” လို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ ကိုယ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံအဖြစ် တာဝန်ယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှတ်ချက်ပြုဖူးပါတယ်။ ဒီနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ရောက်ပြီ ဆိုရင်ဖြင့် ဦးသန့်ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၄၆ နှစ်တိတိရှိပါပြီ။ သံတမန်ရေးရာနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စအ၀၀တို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ဦးသန့်ကို ဂုဏ်ပြုခေါ်ဝေါ်ခဲ့တဲ့ နာမည်တွေ အများကြီးရှိပါတယ်။  သာဓကသုံးခုကိုပြရမယ်ဆိုရင် ကုလသမဂ္ဂရုံးချုပ်ရဲ့ အရှေ့ဘက် မျက်နှာချင်းဆိုင်မှာရှိတဲ့ မြစ်အတွင်းရှိ ကျွန်းငယ်လေးကို ဦးသန့်ကျွန်းလို့ ခေါ်တွင်တာ၊ မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့ရှိ သံရုံးတွေရှိတဲ့လမ်းကို ဦးသန့်လမ်း (Jalan U Thant)လို့ နာမည်ပေးထားတာနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်စွာ ကြိုးစား လုပ်ဆောင်နေကြတဲ့  အဖွဲ့အစည်းတွေနဲ့ တစ်သီးပုဂ္ဂလတွေကို  ဦးသန့်ငြိမ်းချမ်းရေးဆု သတ်မှတ် ချီးမြှင့်တာတို့  ဖြစ်ပါတယ်။ နိုင်ငံတကာကို ဦးဆောင်ဦးရွက်ပြုဖို့ ခြေလှမ်းပြင်ဆင်နေကြတဲ့ မြန်မာနိုင်ငံက အနာဂတ်မျိုးဆက်သစ်တွေအနေနဲ့ ဦးသန့်လို ကမ္ဘာ့ခေါင်းဆောင်ကောင်းတစ်ဦးဆီကနေ မှတ်သား သင်ယူနည်းနာခံယူရမှာ မုချဧကန်ပင် ဖြစ်ပါတယ်။ ဦးသန့် ကပေးတဲ့ ၂၁ ရာစု မျိူးဆက်သစ်လူငယ်တွေ လက်တွေ့ကျင့်သုံးနိုင်မယ့် အချက် (၈) ချက် ရှိနေပါတယ်။ (၁) မိသားစုအတွက် တာဝန်ယူရဲသူ ဦးသန့် ဦးသန့်ကို ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ ၁၉၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မိသားစုမှာ သူဟာ မွေးချင်းညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်ပါတယ်။ ဦးသန့် ၁၄ နှစ်အရွယ်မှာ ရုတ်တရက် ဖခင်သေဆုံးသွားတော့ အစ်ကိုကြီး အဖအရာ ဆိုသလို မိသားစုတာဝန်ကို ပခုံးဆင့် လက်ပြောင်းလွှဲခံယူခဲ့ပါတယ်။ ပန်းတနော် အမျိုးသား အထက်တန်းကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းဆင်း ဦးသန့်ဟာ ကျောင်းဆရာအလုပ် လုပ်ကိုင်ပြီး မိခင်ကို လုပ်ကျွေးပြုစုကာ ကိုယ့်ညီငယ်လေးတွေရဲ့ ပညာရေးကိုလည်း ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ တကယ်တော့ တိုင်းပြည်နဲ့ လူမှုအဖွဲ့အစည်းဆိုတာ မိသားစုဆိုတဲ့ အသိုက်အဝန်းလေးတွေနဲ့ ပေါင်းစည်းထားတာပါ။ မိသားစုအရေးကို မားမားမတ်မတ်ရပ်တည်ကာ တာဝန်ယူခဲ့တဲ့ ဦးသန့်ဟာ ကျောင်းအုပ်ဆရာဘဝ၊ ပြည်သူ့ဝန်ထမ်းဘဝ၊ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဘဝ စတဲ့ ရာထူးနေရာတွေသာပြောင်းသွားပေမယ့်  ကိစ္စအရပ်ရပ်ကို တာဝန်ယူဖြေရှင်းတတ်တဲ့  ကောင်းတဲ့ နည်းနာ၊ အပြုအမူတွေဟာတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ လက်ရှိ ကိုဗစ်-၁၉ ကလည်း အိမ်မှာနေခြင်းအားဖြင့် ကမ္ဘာမြေကြီးကို ကယ်တင်ကြဖို့ ကျယ်ကျယ်လောင်လောင် ပြောကြားနေတာဟာ ကိုယ်ပိုင်မိသားစု ကမ္ဘာလေးရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို လက်တွေ့ကျကျ မီးမောင်းထိုးပြနေတာပါပဲ။ ဒါ့ကြောင့် ကမ္ဘာမြေကြီးကို ကောင်းသောအတွေးအကြံတွေနဲ့ မှောက်လှန်ပြောင်းလဲချင်တဲ့ မည်သူမဆို  ကိုယ်ပိုင်မိသားစုက အစပြုရမှာဖြစ်ပါတယ်။ (၂) စာပေလေ့လာအားထုတ်ကာ အတွေးအခေါ်မြင့်မားသူ ဦးသန့် အရှေ့တိုင်းသားဖြစ်တဲ့ ဦးသန့်ဟာ အနောက်တိုင်းသားတွေကြီးစိုးတဲ့ နေရာမှာ မားမားမတ်မတ် ဦးဆောင်နိုင်တာဟာ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ အတွေးအခေါ် အယူအဆတွေကို ကျေညက်စွာ နားလည်ထားလို့ပဲ ဖြစ်ပါတယ်။ ဥပမာ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသတို့က အစ မြဝတီမင်းကြီးဦးစ၊ စလေဦးပုံညတို့အဆုံး မြန်မာစာဆိုတော်ကြီးတွေရဲ့ လက်ရာအဖုံဖုံ၊ ပြီးတော့ အနောက်တိုင်းအတွေးအခေါ်နဲ့ အင်္ဂလိပ်စာပေ၊ အရေးအသားသမိုင်းမှာ လွှမ်းမိုးမှု အရှိဆုံး၊ ဂုရုဆရာကြီးတစ်ဆူဖြစ်တဲ့ ဝီလီယံရှိုတ်စပီးယားရဲ့ စာအုပ်စာပေတွေကို ဦးသန့်ဟာ ၁၂ နှစ်သားအရွယ်မှာတင် ကောင်းစွာဖတ်ရှုလေ့လာပြီးနေပါပြီ။ ဒါ့ကြောင့်လည်း စာနယ်ဇင်းသမားဖြစ်ဖို့ ရည်မှန်းချက်ရှိခဲ့တဲ့ ဦးသန့်ဟာ အသက် ၁၆ နှစ်အရွယ်မှာတင် သူ့ရဲ့ ပထမဦးဆုံးဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့  Burma Boy Scouts Association ရဲ့  Burma Boy မှာ ရေးသားပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်။  ဗဟုဝါဒ (Pluralism) ၊ ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) လို ခေတ်ကြီးမှာ ရှင်သန်နေကြတဲ့ ကျွန်တော်တို့တတွေဟာ ကိုယ်ရဲ့ တစ်ယူသန် အတွေးအခေါ် တစ်ခုတည်းကို စွဲစွဲမြဲမြဲကိုင်ဆောင်ပြီး ခရီးနှင်လို့ ခရီးပေါက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဝေဖန်ဆန်းစစ်တွေးခေါ်မှု ကောင်းပြီး အမြော်အမြင်ကြီးမားတဲ့ လူတစ်ဦးဖြစ်ဖို့ အလို့ငှာ  ဦးသန့်ကဲ့သို့ စာကောင်းပေမွန်များစွာကို ဖတ်ရှုလေ့လာ မှတ်သားရမှာဖြစ်ပါတယ်။ (၃) ဘာသာတရားကိုင်းရှိုင်းသူ ဦးသန့် ဦးသန့်ဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး တရားကျင့်ကြံ အားထုတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဦးသန့်ရဲ့ နက်နက်နဲနဲ လက်ခံထားတဲ့ အချက်တစ်ချက်ကတော့ ဘာသာတရားရဲ့ အဆုံးအမတို့ကို ခံယူပြီး ချစ်ခြင်းမေတ္တာ၊ သနားကြင်နာခြင်း၊ သည်းခံခြင်း၊ ကျိုးနွံခြင်းနဲ့ နှိမ့်ချခြင်း အစရှိတဲ့ ကိုယ်ကျင့်တရားနဲ့ လောကုတ္တရာရေးရာတို့ကို လက်တွေ့မှာ နက်ရှိုင်းစွာကျင့်သုံးခြင်းဖြင့်  ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကြီးကို ပုံဖော်နိုင်တယ်ဆိုတာပါပဲ။ ဦးသန့်ရဲ့ ၁၁၁ နှစ်မြောက်မွေးနေ့ နှစ်ပတ်လည်မှာ သမီးဖြစ်သူ ဒေါ်အေးအေးသန့်က “ကျွန်မဖခင်ဟာ ဘဝတစ်လျောက်လုံး မြတ်ဗုဒ္ဓရဲ့ အဆုံးအမသွန်သင်မှုများကနေ နည်းခံယူကျင့်သုံးခဲ့ပါတယ်” လို့ ဖခင်ဖြစ်သူ ဦးသန့်နဲ့ ပတ်သက်ပြီး အောက်မေ့ဖွယ်ရာ အမှတ်တရစကားကို အခုလို ပြောကြားခဲ့ဖူးပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး (၁၉၇၀ - ၇၂) ရဲ့ အမှုဆောင်ဒါရိုက်တာ ရောဘတ်မူးလာက ဦးသန့်ကို “လူနေမှုအနုပညာတွင် ကျွမ်းကျင်သူ” ၊ “ခေတ်သစ်ဘုန်းကြီး” လို့ ဖော်ပြဖူးပါတယ်။ ၁၉၀၁ မှ ၂၀၀၀ ရာစုနှစ်အတွင်း စာပေ၊ ဆေးပညာ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ဓာတုဗေဒနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်လ်ဆုချီးမြှင့်ခြင်းခံရတဲ့ ပညာရှင်တွေထဲက ၉၀ ရာခိုင်နှုန်းဟာ ဘာသာတရား တစ်ခုခုကို သက်ဝင်ယုံကြည်သူတွေပဲဖြစ်ပါတယ်။ တရားမဲ့၊ ဘုရားမဲ့၊  စည်းမဲ့၊ ဘောင်မဲ့၊ မိမိစိတ်ကြိုက် ဘဝကို လွတ်လွတ်လပ်လပ် အသက်ရှင်နေထိုင်ဖို့ အားပေးတဲ့ခေတ်၊ ဘာသာတရားရဲ့ အဆုံးအမတွေဟာ ခေတ်ဟောင်းပြီး တိုးတက်မှုမရှိစေဘူးလို့ သွန်သင်နေတဲ့ ခေတ်ကြီးထဲမှာနေထိုင်တဲ့ ကျွန်တော်တို့တတွေဟာ ဦးသန့်နဲ့ နိုဘယ်လ်ဆုရှင်တွေလိုမျိုး ပိုမိုငြိမ်းချမ်းတဲ့ လောကကမ္ဘာကြီး ၊ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ရန် ကိုယ်ကျင့်တရားနဲ့ သီလဘာဝနာတို့ကို ကြိုးစားပြီး ကျင့်ကြံအားထုတ်ရမှာဖြစ်ပါတယ်။ (၄)မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ရဲတဲ့ ဦးသန့် ဦးသန့်ရဲ့ မြေးဖြစ်သူ သမိုင်းပညာရှင်ကြီး ဦးသန့်မြင့်ဦးက “ဦသန့်ရဲ့ ရဲစွမ်းသတ္တိနဲ့ သမာဓိဟာ အလွန်အရေးကြီးပါတယ်။ သူက မှန်တယ်လို့ ခံယူထားတဲ့အရာတွေကို လုပ်ဆောင်ပြီး သူ့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိပြီး ဘယ်တော့မှ အခြားသူတွေကို အပြစ်ပုံချတာတွေ မလုပ်ပါဘူး။ သူက ကုလသမဂ္ဂက ချမှတ်ထားတဲ့ မူတွေကို လက်တွေ့ကျင့်သုံးပြီး ကုလသမဂ္ဂရုံးအဖွဲ့အစည်း ကိုယ်စား လုပ်ဆောင်နေတယ်ဆိုတာကို လူတွေကလည်း ယုံကြည်ပါတယ်” လို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလထုတ်၊ ဧရာဝတီအင်္ဂလိပ်သတင်းစာနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့ဖူးပါတယ်။ စစ်ပွဲကို ဆန့်ကျင်သူ ဦးသန့်ဟာ အမေရိကန်နဲ့ ဗီယက်နမ်စစ်ပွဲကိစ္စမှာ အမေရိကန်တွေကို လူသိရှင်ကြားဝေဖန်ပြစ်တင်ခဲ့တဲ့ အတွက် တစ်ချိန်က သူနဲ့အင်မတန်မှရင်နှီးခဲ့တဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ယိုယွင်းခဲ့ကာ ဦးသန့်ရဲ့ အမေရိကန်အစိုးရအဖွဲ့အစည်းနဲ့ ဗီယက်နမ် အကြားတိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးစားမှုကို အမေရိကန်သမ္မတဂျွန်ဆင် အစိုးရက ငြင်းပယ်ခဲ့ဖူးပါတယ်။ ကိုယ်ကျင့်တရားကို လျစ်လျူရှုပြီး မိမိနာမည်ကြီးရေးတစ်ခုတည်းအတွက် လူပြိန်းကြိုက် အတိအလင်း ပြောဆိုလုပ်ဆောင်နေတဲ့ အခုလို ခေတ်မှာ မိမိကိုယ်ပိုင်ခံယူထားတဲ့ တန်ဖိုးထားမှုနဲ့ အမှန်တရားအတွက် ဝန်မလေးဘဲ လုပ်ဆောင်တတ်တဲ့ ဦးသန့်လို ခေါင်းဆောင်ကောင်းများစွာ ပေါ်ပေါက်လာဖို့ လွန်စွာလိုအပ်လှပါတယ်။  (၅) သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ ဦးသန့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တိုက်ဖျက်ဖို့ အသက် ၁၇ နှစ်အရွယ် ဆွီဒင်နိုင်ငံသူ ဂရီတာထွန်းဘတ်ဂ် (Greta Thunberg) က နိုင်ငံတကာကို လှုံ့ဆော်ခဲ့ရာ တစ်ကမ္ဘာလုံးက အထူးသဖြင့် လူငယ်တွေ လမ်းပေါ်ထွက်ပြီး  တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်လာတာကို ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ အထူးတလည် ရေးသားဖော်ပြတာကို သိပ်မကြာသေးခင်က တွေ့ရပါတယ်။  တကယ်တော့ ဦးသန့်ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာရပ်တွေကို လေ့လာထားတဲ့ အစီရင်ခံစာတစ်စောင်ကို ၁၉၆၉ ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခုနှစ်ကတည်းက ထုတ်ပြန်ကာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတကာကို လှုံ့ဆော်ခဲ့သူတစ်ဦးပါ။ သဘာဝပတ်ဝန်းကျင်အရေးဟာ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တာမို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ဖို့ ဦးသန့်က ကြိုတင်ပြီးပြောခဲ့သလိုပါပဲ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံစားနေရတဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့  သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး အတူတကွ ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ (၆) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မားမားမတ်မတ်ရပ်တည်သူ ဦးသန့် ဦသန့်ဟာ လူ့အခွင့်အရေးနဲ့ လူတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာကို လေးစားမှုရှိစေရန်အတွက် ကြိုးစားပြီး လှုံ့ဆော်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ “လူသားတစ်ဦးချင်းစီရဲ့ တန်ဖိုးဟာ ကျွန်တော်တို့ ပိုင်ဆိုင်မှုတွေထဲမှာ အထူးခြားဆုံးနဲ့ တန်ဖိုးအရှိဆုံးဖြစ်ပါတယ်။ အစိုးရများ၊ အယူဝါဒများနဲ့ အဖွဲ့အစည်းများဆိုတာ ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက် ဖြစ်နေပါသော်လည်း လူသားမျိုးနွယ်စုကတော့ ကျန်ရှိနေဆဲပါ” လို့ လူ့ဂုဏ်သိက္ခာနဲ့ ပတ်သက်ပြီး ဦးသန့် ပြောဖူးခဲ့တဲ့ ပညာရှိစကားကို ၂၀၀၉ ခုနှစ် ဇူလိုင်လမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ချိန်၊ နာဂစ်ဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ/ ပြည်သားတွေကို လိုအပ်တဲ့ အကူအညီတွေပေးသွားမှာ ဖြစ်ကြောင်း ကတိကဝတ်ပြောကြားခဲ့စဉ်က ထည့်သွင်းကိုးကားပြောဆိုခဲ့တာဖြစ်ပါတယ်။  ဒီမိုကရေစနစ်နဲ့ ပတ်သက်ပြီး ဦးသန့်လက်ခံထားတဲ့ အခြေခံသဘောတရားကတော့ မတူကွဲပြားမှုကို သဘောထားအမြင်ကြီးစွာ နားလည်လက်ခံပြီး၊ အခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကိုလည်း လေးစားမှုပြသခြင်းဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီလိုလားသူတွေဟာ အသိပညာတိုးတက်လာအောင် ကြိုးစားရမှာဖြစ်ပြီး၊ အများအကျိုးကို သယ်ပိုးထမ်းဆောင်ဖို့လိုလားကာ ဒီမိုကရေစီလုပ်ငန်းစဉ်တွေမှာ လက်တွေ့ပါဝင်ရမှာ ဖြစ်တယ်ဆိုတာကို ဦးသန့် ရဲ့ 'ကျောင်းတွင်းဒီမိုကရေစီ' စာအုပ်မှာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။  မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အောင်မြင်တာကို မြင်တွေ့ချင်တဲ့ ကျွန်တော်တို့ မျိုးဆက်သစ်တွေအနေနဲ့  လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လေးစားမှု ပြသကြရမှာဖြစ်ပါတယ်။ (၇) ငြိမ်းချမ်းရေးဗိသုကာ ရှင်ကြီး ဦးသန့် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ပြီး တစ်နှစ် အကြာမှာတင် ကျူးဘားဒုံးကျည် အကျပ်အတည်းပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဂျွန်အက်ဖ်ကနေဒီနဲ့ ဆိုဗီယက်ယူနီယံခေါင်းဆောင် နီကီတာခရှုးရှက်တို့အကြား ကြားဝင်ဖြန်ဖြေခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ် အဖြစ်သော်လည်းကောင်း၊ ပြီးတော့ ကျုးဘားနိုင်ငံကို သွားရောက်ပြီး ကျူးဘားဝန်ကြီးချုပ် ဖီဒယ်ကက်စထရိုနဲ့ ကိုယ်တိုင်တွေ့ဆိုမှုပြုလုပ်ခြင်းအားဖြင့်  ကမ္ဘာမှာ နောက်ထပ် နျူကလီးယားစစ်ပွဲဖြစ်ပွားလုခါနီးနီး အခြေအနေကို အောင်မြင်စွာ ရပ်တန့်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဦးသန့်ဟာ အာရပ်-အစ္စရေးခြောက်ရက်စစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ ကွန်ဂို၊ ဘာရိန်း၊ ဒိုမီနီကန်အကျပ်အတည်း၊ ၁၉၆၅ နှင့် ၁၉၇၁ အင်ဒို-ပါကစ္စတန်စစ်ပွဲနဲ့ ယီမင်ပြဿနာ အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန် နိုင်ငံအချင်းအချင်းအကြား ဆက်ဆံရေး တင်းမာနေချိန်မှာ ကောင်းမွန်တဲ့ သံတမန်နည်းလမ်းတွေကို အသုံးပြုပြီး အချင်းချင်းအကြား စေ့စပ်ဖျန်ဖြေရေးတို့ကို  အစဉ်တစ်စိုက် ကြိုးစားလုပ်ဆောင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီက “ကမ္ဘာလောကကြီးတစ်ခုလုံးက ဦးသန့်အပေါ် အကြွေးတင်နေပါပြီ” လို့ ကျူးဘားအကျပ်အတည်းအပြီး ပြောဆိုခဲ့တာပါ။ ကမ္ဘာ့  ဒုတိယ နှစ်ရှည်အကြာဆုံး ပြည်တွင်းစစ်ကြီးရဲ့ဒဏ်ကို ယခုထက်ထိတိုင်အောင် ခံစားနေတဲ့ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဦးသန့်ရဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် မရပ်မနား လုပ်ဆောင်တဲ့ စိတ်ဓါတ်နဲ့ စွမ်းရည်ကို စံနမူနာ အတုယူရမှာ ဖြစ်ပါတယ်။ (၈) လူမျိုးရေးဝါဒ နှင့် လူမျိုးရေး ခွဲခြားမှုကို ရွံမုန်းသူ ဦးသန့် “လူမျိုးရေးဝါဒနှင့် လူမျိုးရေးခွဲခြားမှုဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ထိုကဲ့သို့အရာတွေကို မြှောက်ပင့်အားပေးတဲ့ ရွံရှာဖွယ်ကောင်းတဲ့ အလေ့အကျင့်များကို အမြစ်ဖြတ် တိုက်ဖျက်ဖို့ ကျွန်တော်တို့တတွေအားလုံးမှာ ကြီးလေးတဲ့ တာဝန်ရှိပါတယ်” လို့ ဦးသန့်ဟာ သူ့မိန့်ခွန်းတစ်ခုမှာ  အတိအလင်း ပြောကြားခဲ့ဖူးပါတယ်။  လူမျိုးရေးဝါဒနဲ့ လူမျိုးရေးခွဲခြားမှုကို ရွံမုန်းသူ ဦးသန့်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တောင်အာဖရိကအစိုးရရဲ့ အသားအရောင်ခွဲခြားရေး မူဝါဒတွေကို ဆန့်ကျင်ခဲ့ပြီး အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အာဖရိကန်- အမေရိကန် သိက္ခာတော်ရ မာတင်လူသာကင်းရဲ့ အတွေးအခေါ် ဒဿနတွေနဲ့ သူဦးဆောင်တဲ့ လူထုတက်ကြွလှုပ်ရှားမှုတွေကို ထောက်ခံကြောင်းလည်းပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့အဆင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ ဒီလိုအတွေးအမြင် ခံယူချက်တွေကို ကမ္ဘာကတလေးတစားရှိကြသလို အနာဂတ်မျိုးဆက်သစ်လူငယ်တွေအနေနဲ့လည်း ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ လှပစွာ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အမိမြန်မာနိုင်ငံတော်ကြီးမှာ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတွေ လုံးဝမရှိရလေအောင် ကြိုးစားလုပ်ဆောင်ရမည်မှာ လူသားဆန်တဲ့ တာဝန်ကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။ အလွန်အင်မတန်မှ ဧည့်ဝတ်ကျေပွန်တဲ့ အစ်မရည်မွန်က ကျွန်တော့်ကို ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်မှာ တစ်ထပ်ပြီးတစ်ထပ်တက်ကာ လိုက်လံရှင်းပြပေးခဲ့သလို ကမ္ဘာ့အဆင့်ညီလာခံကြီးတွေ ကျင်းပတဲ့ ခန်းမကြီးတွေကိုလည်း တစ်ခုပြီးတစ်ခု လေ့လာခွင့်ရခဲ့ပါတယ်။ အစ်မရည်မွန်ရဲ့ ကျေးဇူးနဲ့ ကုလသမဂ္ဂရုံးချုပ်မှာရှိတဲ့ ဝန်ထမ်းတွေ နားနေဆောင်၊ စာကြည့်တိုက်၊ စားသောက်ဖွယ်ရာ ခန်းမဆောင် စတဲ့နေရာတွေကိုလည်း ရောက်ရှိလည်ပတ်ခွင့် ရခဲ့ပါတယ်။ ဝန်ထမ်းတစ်ဦးရဲ့ ဧည့်သည်အဖြစ် ဒီလို လှည့်ပတ်လေ့လာရင်း ရုံးတွင်း စားသောက်ခန်းနားမှာ ဦးသန့်ရုပ်ပုံကားချပ်ကြီးနောက်တစ်ခုကို ထပ်မံတွေ့ရှိခဲ့ရတဲ့အချိန်မှာတော့ ဦးသန့်ကို ကြည်ညိုခြင်း၊ လေးစားခြင်း၊ အားကျခြင်းစတဲ့ စကားလုံးနဲ့ ဖော်ပြလို့မရနိုင်တဲ့ ခံစားမှုတွေကို ကျွန်တော်ထပ်မံခံစားရလိုက်ပါတယ်။ တစ်နေကုန် လှည့်လည်လည်ပတ် လေ့လာပြီးချိန်မှာတော့ ကုလသမဂ္ဂရုံးချုပ်မှာ ကျွန်တော်မရောက်လိုက်တာဆိုလို့  ရုံးချုပ်ရဲ့ ၃၈ လွှာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးပဲ ကျန်တော့တယ်လို့ အစ်မရည်မွန်က ကျွန်တော့်ကို စနောက်ကာ ပြောပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြောမိနေတာကတော့ ၃၈ လွှာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ရုံးကို မရောက်လိုက်ရပေမယ့် ဦသန့်ရဲ့ အတုယူဖွယ်နည်းနာနဲ့ ဂုဏ်ယူဖွယ်ရာလုပ်ရပ်တွေကို လက်တွေ့လိုက်နာ လုပ်ဆောင်လိုက်တာဟာ သူနေခဲ့တဲ့ရုံးကို ရောက်တာထက် ပိုမြတ်ပါလိမ့်မယ်ဆိုတာပါပဲ။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ဦးသန့် ကွယ်လွန်သွားချိန်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံမှာ တစ်မိနစ် ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြပါတယ်။ ဒါဟာ ဦးသန့်ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးကပါ နှမြောတသ ဝမ်းနည်းခဲ့ကြရတဲ့ ပြယုဂ်တစ်ခုပါပဲ။ ဒီလိုနဲ့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ် အဆောက်အအုံ အတွင်းက ပြန်ထွက်လာတဲ့ လမ်းတစ်လျှောက် ကျွန်တော်တွေးမိဖြစ်ခဲ့တာကတော့ မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်ကျောင်းမှာ သင်ယူခဲ့ရသလို မြန်မာ့ဂုဏ်ဆောင်၊ ကမ္ဘာ့ရတနာ ဦးသန့် အကြောင်းကိုလည်း မြန်မာ့မျိုးဆက်သစ် အနာဂတ်ခေါင်းဆောင်တွေ ဂုဏ်ယူစွာနဲ့ လေ့လာသင်ယူခွင့်ရရင် ဘယ်လောက်ကောင်းလိုက်မလဲဆိုတာကိုပါပဲ။ ဆောင်းပါး- ဇော်တူးခေါင်   (စာရေးသူ ဇော်တူးခေါင်သည် အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီ အခြေစိုက် McCain Institute ၏ အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မြန်မာ့အနာဂတ်မျိုးဆက်သစ်ခေါင်းဆောင်များကို ကိုယ်ကျင့်တရားဖြင့်မောင်းနှင်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် သင်တန်းပေးနေသူတစ်ဦးဖြစ်သည်။)
5 months Ago
ကိုရီးယား-မြန်မာချစ်ကြည်ရေးရုပ်ရှင် “တန်ဖိုး”ကို ၆၇ နိုင်ငံ၌ ပြသမည်(ရုပ်ရှင်နမူနာ)
ကိုရီးယားနဲ့ မြန်မာအနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင်ကို အရှေ့တောင်အာရှနဲ့ အာဖရိက နိုင်ငံပေါင်း ၆၇ နိုင်ငံမှာ ပြသသွားမယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီကားရဲ့ ဒါရိုက်တာ ဂျွန်လရော်က “သတင်းကောင်းပါ မိတ်ဆွေတို့။ "တန်ဖိုး"ရုပ်ရှင်(အင်္ဂလိပ်လို ခေါင်းစဉ် MA MA) ကို အရှေ့တောင်အာရှ ၁၂ နိုင်ငံနှင့် အာဖရိကနိုင်ငံ ၅၅ နိုင်ငံမှာ မကြာမီအတွင်း ပြသ သွားဖို့ Celestial Tiger, thrill pay TV channel နှင့် သဘောတူလိုက်ပြီ ဖြစ်ကြောင်းပါ။ ပြသသွားမယ့် နိုင်ငံတွေကတော့...My Film (MA MA) will be shown in 67 countries across South East Asia and Africa via Tiger, thrill pay TV channel.”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးပါတယ်။ ပြသသွားမယ့် နိုင်ငံတွေထဲမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲက ဟောင်ကောင်၊ မကာအို၊ စင်ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်အပါအဝင် ၁၂ နိုင်ငံပါဝင်ပြီး အာဖရိကနိုင်ငံတွေထဲမှာတော့ အန်ဂိုလာ၊ ကင်မရွန်း၊ ကွန်ဂို၊ ကင်ညာ၊ အီသီယိုပီးယား၊ မာလာဝီ၊ ဆီနီဂေါ၊ ရဝမ်ဒါ၊ ဆူဒန်၊ ဇင်ဘာဘွေ အပါအဝင် ၅၅ နိုင်ငံ ပါဝင်တယ်လို့ သိရပါတယ်။ တန်ဖိုးရုပ်ရှင်ကိုတော့ Hkakabo Razi Pictures ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ် လုပ်လိုက်တာဖြစ်ပြီး ဒီကားထဲမှာ လူငယ်တွေရဲ့ဘဝ၊ လူငယ်တွေရဲ့ ခံစားချက်တွေနဲ့ လူ ငယ်တွေကြားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီနေ့ခေတ်မှာလူငယ်တွေဟာ မူးယစ်ဆေးဝါးရဲ့သားကောင်တွေ ဖြစ်လာကြတဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေကို လမ်းမှားမရောက်ဖို့နဲ့ လူငယ်တွေအနေနဲ့ ကိုယ့်တန်ဖိုးကို ကိုယ်နားလည်သိရှိဖို့ သတင်းစကားပါးတဲ့အနေနဲ့ ဇာတ်ကားကို ဖန်တီး ထားတာလို့ သိရပါတယ်။ ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော်နဲ့ တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။        မြန်မာနိုင်ငံမှာတော့ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ရုံတင်ပြသခဲ့ပါတယ်။
8 months Ago
သမိုင်းဆိုးနဲ့ ပလိပ်ရောဂါပိုး တရုတ်တွင်တွေ့ပြန်
Bubonic Plague လို့ ခေါ်တဲ့ ရှေးဟောင်းပလိပ်ရောဂါတစ်မျိုး တရုတ်ပြည်က အတွင်းမွန်ဂိုးလီးယားပြည်နယ် (Inner Mongolia) မှာ ဖြစ်ပွားနေတယ်လို့ ဒေသခံအာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အတွင်းမွန်ဂိုးလီးယားပြည်နယ် ဘယန်နာမြို့မှာ ဒီရောဂါပိုးကို စတင်တွေ့ရှိထားတာဖြစ်ပြီးတော့ ဒီမြို့ဟာ ဘေကျင်းမြို့ရဲ့ အနောက်မြောက်ဘက်မှာတည်ရှိပါတယ်။ ဒေသခံဆေးရုံတစ်ခုက ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာသည်တွေတွေ့ရှိထားကြောင်း အာဏာပိုင်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ ရောဂါကူးစက်ခံထားရသူဟာ ပထမလူနာဟာ နွားကျောင်းတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့အခြေအနေက တည်ငြိမ်ကောင်းမွန်နေပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဘယ်လို ကူးစက်ခံထားရတယ်ဆိုတာကို ရှင်းလင်းစွာ မသိရှိရပါဘူး။ ဒုတိယလူနာကတော့ အသက် ၁၅ နှစ် အရွယ် လူငယ်ဖြစ်ပြီး သူကလည်း အမဲလိုက်သူတစ်ဦးပါ။ ဒေသခံအာဏာပိုင်တွေက ရောဂါပိုးသယ်ဆောင်နိုင်ခြေရှိနေတဲ့ ကြွက်၊ ရှဉ့်၊ ဌက် နဲ့ တွင်းအောင်းကောင်တွေကို သတ်ဖြတ်စားသောက်ခြင်းမလုပ်ဖို့ အမိန့်ထုတ်ထားပြီး တစ်စုံတစ်ခုထူးခြားမှုရှိရင် ကျန်းမာရေးဌာနကို အသိပေးဖို့ ကြေညာထားပါတယ်။ အဆိုပါ Bubonic Plague ရောဂါနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အဆင့် ၃ သတိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးသတိပေးချက်စနစ်ဟာ အဆင့် ၄ ဆင့်ရှိတာမို့ ဒါဟာ ဒုတိယမြောက်အဆင့် အဆိုးရွားဆုံး အနေအထားအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သတိပေးချက်ကို နှစ်ကုန်အထိ အချိန်သတ်မှတ်ကာ ထုတ်ပြန်လိုက်တာပါ။ တရုတ်မှာ စတင်တွေ့ရှိခဲ့တဲ့ COVID-19 ရောဂါဟာ လက်ရှိတစ်ကမ္ဘာလုံးမှာ ဆိုးရွားလှတဲ့ ကပ်ဘေးတစ်ခုအဖြစ် ပျံ့နှံနေဆဲဖြစ်ပြီး G4 လို့ အမည်ပေးထားတဲ့ ဝက်တုပ်ကွေးရောဂါသစ် တစ်မျိုးကိုလည်း မကြာသေးခင်ကမှ တရုတ်မှာထပ်မံတွေ့ရှိထားပါတယ်။ ဒါကြောင့် Bubonic Plague ပိုးတွေ့ရှိမှုဟာ တစ်နှစ်တာကလအတွင်း နောက်ထပ် ကပ်ဘေးဖြစ်နိုင်တဲ့ ရောဂါတွ့ရှိမှုဖြစ်လာခဲ့ပါတယ်။
Bubonic Plague ရဲ့ အတိတ်သမိုင်း
Bubonic Plague ကို မဟူရာမရဏကပ်ဘေး (Black Death pandemic) လို့လည်းခေါ်ဆိုပြီး ကမ္ဘာပေါ်မှာ ကပ်ဘေးအဖြစ် ၃ ကြိမ်တိုင်တိုင် ဒုက္ခပေးခဲ့ဘူးတဲ့ ရောဂါ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ပလိပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ တိရစ္ဆာန်တွေရဲ့ သန်းတွေ၊ လှေးတွေကနေတဆင့်ကူးစက်နိုင်ပြီးတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးကျန်းမာရေးကပ်ဘေးတွေကို ဖြစ်စေခဲ့တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ပထမအကြိမ် ကပ်ဘေးဟာ ဆက်ဆေးနီးယန်းအင်ပါယာ (ယခု အီရန်) မှာ စတင်ဖြစ်ပွားခဲ့တာပါ။ အေဒီ ၆ ရာစုဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ ဒီကပ်ဘေးမှာ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှအလယ်ပိုင်းဒေသတွေက လူပေါင်း ၂၅ သန်းထက်မနည်းကို သေဆုံးခဲ့ပါတယ်။ ဒုတိယကပ်ဘေးကတော့ ၁၃၄၇ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ မွန်ဂိုလီးယားကနေစတင်ခဲ့တဲ့ ဒီကပ်ဘေးဟာ ပိုးလမ်းမကနေတဆင့် ဥရောပကိုရောက်လာခဲ့ပြီး ဥရောပတိုက်ရဲ့ လူဦးရေ ၃ ပုံ ၁ ပုံကို ပျက်စီးစေခဲ့တာပါ။ တတိယကပ်ဘေးကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၉ ရာစုအလယ်ပိုင်းမှာဖြစ်ခဲ့တာပါ။ အဆိုပါ Bubonic Plague ကြောင့် ကန်တုန်နဲ့ ဟောင်ကောင်အပါအဝင် တရုတ်ပြည် အရှေ့တောင်ပိုင်းမြို့ကြီးတွေက လူပေါင်းသောင်းနဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။ လူ့သမိုင်းတစ်လျှောက် အဖျက်စွမ်းအားအကြီးဆုံးရောဂါလို့ သတ်မှတ်ခံခဲ့ရတဲ့ Bubonic Plague ကို ဒီကနေ့ခေတ်မှာ ကာကွယ်ဆေးတွေ၊ တိုက်ဖျက်နိုင်တဲ့ဆေးတွေ ရှိနေပါပြီ။
ဘယ်လိုရောဂါမျိုးလဲ
Babonic Plague ဟာ ဘက်တီးရီးယားပိုးကူးစက်မှုကြောင့်ဖြစ်လာတဲ့ ကပ်ရောဂါကြီးဖြစ်ပြီး အာရှအလယ်ပိုင်းကနေ စတင်ခဲ့တဲ့ ရောဂါဖြစ်တယ်။ လူ့သမိုင်းတစ်လျှောက်လုံးမှာ လူသားပေါင်း သန်း ၂၀၀ ကျော်ကို သေဆုံးကြေပျက်စီးစေခဲ့ပါတယ်။ တိရစ္ဆာန်ကနေလူကို ကူးစက်တာဖြစ်ပေမယ့် ကြားခံသယ်ဆောင်သူကတော့ တိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်က လှေးတွေ၊ သန်းတွေဖြစ်ကြပါတယ်။ သေဆုံးစေနိုင်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကုသဆေးတွေရှိနေပါပြီ။ CDC က ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေအရဆိုရင် ဖျားတာ၊ ခေါင်းကိုက်တာ၊ အားနည်းတာ၊ နာကျင်ကိုက်ခဲတာ၊ အအေးမိတာ၊ ပျို့အန်တာ၊ (ပေါင်၊ ချိုင်းနဲ့ လည်ပင်းက) ပြန်ရည်ကြောတွေရောင်တာ၊ အကျိတ်တွေထွက်တာနဲ့ တစ်ကိုယ်လုံး အနီရောင် အဖုအပိမ့်တွေ ထွက်လာတာတွေဖြစ်တတ်ပါတယ်တဲ့။ ဒီရောဂါဟာ လက်ရှိအချိန်မှာလည်း ဖြစ်ပွားမှုရှိနေဆဲဖြစ်ပြီး Babonic Plague ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို လူဦးရေ ၁၀၀၀ နဲ့ ၂၀၀၀ အကြား အသက်ဆုံးရှုံးနေကြဆဲလို့ WHO က ဆိုထားပါတယ်။ ကုသမှု မခံယူဖြစ်တဲ့ အခြေအနေမှာ သေဆုံးနိုင်ခြေ ၉၀% ရှိပြီး ကုသမှုခံယူမယ်ဆိုရင်တော့ ၃၀% အထိ လျော့ကျသွားမှာဖြစ်ပါတယ်။ ကွန်ဂို၊ မာဒါဂါစကာ၊ အမေရိကန်နဲ့ ပီရူးလိုတိုင်းပြည်မျိုးတွေမှာ ဒီရောဂါကူးစက်မှုတွေ ရှိနေဆဲဖြစ်ပြီး သေဆုံးမှုတွေလည်း ပုံမှန်ရှိနေဆဲဖြစ်ပါတယ်။ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ  | ရေးသားသူ  ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
10 months Ago
မွန်ဂိုလီးယားပြည်နယ်တွင် ပလိပ်ရောဂါ သံသယရှိသူတဦးတွေ့၊ သတိပေးချက် ထုတ်ပြန်
တရုတ်နိုင်ငံ မွန်ဂိုလီးယားပြည်နယ်က ဘာယန်နူးရ်မြို့ထဲမှာ ဘူဘိုးနစ် ပလိပ်ရောဂါ ကူးစက်ခံ သံသယရှိသူကို တွေ့ရလို့ အဆင့်မြင့်တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီပလိပ်ရောဂါ ကူးစက်ခံ သေဆုံးရင် တကိုယ်လုံး မည်းနက်သွားတာမို့ Black death လို့လည်း ခေါ်ပြီး လူ့သမိုင်းမှာ လူအသေအပျောက် အများဆုံး ကူးစက်ကပ်ဘေး ဖြစ်ခဲ့ပြီးတဲ့နောက် ရာစုနှစ်ချီပြီး ဆက်ရှိနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ တရုတ်မြို့တော် ပေကျင်းရဲ့ အနောက်မြောက်ဘက်က ဘာယန်နူးရ်မြို့ ဆေးရုံက လူနာ အကြောင်းကို စည်ပင်အာဏာပိုင်တွေဆီ ဇူလိုင် ၄ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာတော့ ဒေသန္တရအာဏာပိုင်တွေက ပလိပ်ရောဂါကူးစက်မှု ဟန့်တားရေး အဆင့် ၃ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတိပေးချက်ကို ၂၀၂၀ နှစ်ကုန်ထိ ဆက်ထားမယ်လို့ တရုတ်အစိုးရမီဒီယာ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပလိပ်ရောဂါဟာ သန်းကိုက်မှုနဲ့ ကူးစက်ခံ တိရစ္ဆာန်တွေဆီကနေတဆင့် ပြန့်ပွားပါတယ်။ အလယ်ခေတ်က ပလိပ်ကူးစက်ကပ်ဘေးအတွင်း ဥရောပမှာ ခန့်မှန်းခြေ လူသန်း ၅၀ သေဆုံးခဲ့ဖူးပါတယ်။ ရောဂါလက္ခဏာတွေကတော့ နာကျင်တာ၊ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ၊ ဖျားတာ၊ ချမ်းတုန်တာနဲ့ ချောင်းဆိုးတာတွေ ဖြစ်လေ့ ရှိပါတယ်။ လူကနေ လူကို ကူးစက်နိုင်မယ့်ဘေးကို လျှော့ချဖို့ တောလိုက်ထွက်တာ၊ ကူးစက်မှုကို ဖြစ်စေတဲ့ တိရစ္ဆာန်တွေကို စားသောက်တာတွေ ရှောင်ကြဖို့ ဒေသန္တရကျန်းမာရေး အာဏာပိုင်တွေက လူထုကို တိုက်တွန်းထားပါတယ်။ တရုတ်နဲ့ အိမ်နီးချင်း မွန်ဂိုလီးယားနိုင်ငံတွေမှာ ပလိပ်ရောဂါ ကူးစေတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးတဲ့ မာမော့ပူးမျိုးစိတ် သေဆုံး၊ ဖျားနာနေတာကို တွေ့ခဲ့ရင် သတင်းပို့ဖို့ကိုလည်း အာဏာပိုင် တွေက သတိပေးထားပါတယ်။ ကမ္ဘာ့တိုက်ကြီးတိုင်းလိုလိုမှာ ပလိပ်ရောဂါ ရှိနေနိုင်ပြီး အထူးသဖြင့် အမေရိကအနောက်ပိုင်း ဘရာဇီး အရှေ့တောင်၊ အာဖရိက၊ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းတွေမှာ ပလိပ်ရောဂါ ကူးစက်မှု ရှိခဲ့ဖူးပါတယ်။ အမြဲလိုလို ရှိနေတယ်လို့ ပြောနိုင်လောက်အောင် ကူးစက်မှု အတွေ့များဆုံး ၃ နိုင်ငံကတော့ ကွန်ဂို၊ မဒါဂတ်စ်ကားနဲ့ ပီရူးနိုင်ငံတွေ ဖြစ်ပါတယ်။
10 months Ago
More News
Up