Search Results For: စောင့်ကြည့်လူနာ

ခေတ်သစ်ဖောင်ဒေးရှင်းက ကိုဗစ်စောင့်ကြည့်လူနာများထားရှိရန် သိန်း ၂၀၀ လှူဒါန်း

သရုပ်ဆောင်မင်းသမီး ချစ်သုဝေတို့ ဇနီးမောင်နှံ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းက ရန်ကုန်ဆေးရုံကြီး ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေ ထားရှိဖို့ Tent တလုံးစာ သိန်း ၂၀၀ ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကနဦးအလှူအနေနဲ့ လှူဒါန်းခဲ့ပါတယ်။ ဒါဟာ ဖောင်ဒေးရှင်းအနေနဲ့ တကျော့ပြန်ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ အစိုးရဆေးရုံတွေရဲ့ ဝန်ကို တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးနိုင်မှု တစိတ်တပိုင်းအနေနဲ့ လှူ ဒါန်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။ “COVID ဒုတိယလှိုင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းအနေနဲ့ အထိရောက်ဆုံးလှူနိုင်ဖို့ ​ ဆေးတက္ကသိုလ်(၁) ပါမောက္ခ ​​ ဒေါက်တာ ဇော်ဝေစိုး၊ ပါမောက္ခဒေါက်တာမြင့်မြင့်ငြိမ်း တို့နဲ့ တိုင်ပင်အကြံဉာဏ်ရယူခဲ့ပါတယ်။ များပြားလာတဲ့ Case တွေအတွက် အစိုးရဆေး ရုံတွေရဲ့ ဝန်ကို တဖက်တစ်လမ်းမှ ကူညီနိုင်ဖို့ ယာယီ Tent (4) လုံး (ရေ၊ မီး၊ aircon နဲ့တကွ light partition နဲ့ တလုံးလျှင် လူနာ 30 ဆံတဲ့ tent တွေပါ) လှူဒါန်းဖို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အနံပျောက် COVID-19 သံသယရှိစောင့်ကြည့် လူနာတွေ (PUI) ကို swab ယူရပါတယ်။ ဒီအချိန်တွင်းမှာ စောင့်ကြည့်လူနာတွေကို ထား ရမယ့် နေရာပါ” လတ်တလောမှာတော့ ကိုဗစ်-၁၉ စောင့်ကြည့် လူနာတွေ ထားနိုင်တဲ့ ရန်ကုန်မြို့၊ ဆေးရုံ ၄ ရုံအတွက် Tent ၄ လုံး ငှားရမ်းခမှာ နှစ်လတာအတွက် ကျပ်သိန်း ၈၀၀ ကျသင့် မှာဖြစ်ပြီး အဲဒီကျသင့်ငွေကို ခေတ်သစ်ဖောင်ဒေးရှင်းက စေတနာရှင်တွေနဲ့ ပူးပေါင်း လှူ ဒါန်းမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ထပ်မံပြီး လိုအပ်နေတဲ့ Tent တွေကို ဆက်လက်ဆောက်လုပ် လှူဒါန်းသွားမှာ ဖြစ်တဲ့အတွက် လှူဒါန်းလိုသူတွေအနေနဲ့ ဖောင်ဒေးရှင်းသို့ နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားခဲ့တာ ဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ အမြွှာရင်သွေး ၂ ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ရဲ့ နှစ်နှစ်ပြည့် မွေးနေ့အမှတ်တရအ နေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး မိသားစုမတည် အလှူငွေကျပ်သိန်း ၂၀၀ နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းက အလှူငွေတွေနဲ့ အသက် ၅ နှစ်အောက် အမှန်တကယ် ခွဲစိတ်စရိတ် လိုအပ်နေတဲ့ မွေးရာပါနှလုံးအပေါက်ပါ ရောဂါရှင်ကလေးငယ်တွေအတွက် ရည်ရွယ်လှူဒါန်းမှုတွေ ပြုလုပ်နေတာဖြစ်ကာ နောက်ပိုင်းမှာတော့ တခြားလိုအပ်တဲ့ ကျန်းမာ ရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာ ထောက်ပံ့လှူဒါန်းမှုတွေကိုလည်း လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအတွက် တဖက်တလမ်းကနေ ထောက်ပံ့လှူဒါန်းမှုတွေကို အခါအားလျော်စွာ ပြုလုပ်လာနေခဲ့တာပါ။ Photo : ခေတ်သစ်ဖောင်ဒေးရှင်း
8 months Ago

တောင်ကြီးမြို့ Quarantine စင်တာရှိ စောင့်ကြည့်လူနာ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က ၅ Quarantine စင်တာမှာ ထိုင်းနိုင်ငံက  ပြန်လာတဲ့ စောင့်ကြည့်လူနာ ၁ ဦး  ဒီနေ့ မနက်ပိုင်းက သေဆုံးသွားပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက “မနေ့က သူနည်းနည်းမောလာတယ်။ အဲ့ဒါနဲ့ စဝ်စံထွန်းဆေးရုံကို ပို့လိုက်တယ်။ ဆရာဝန်ကြီးတွေက လိုအပ်တာတွေကုသပေးတယ်၊ ဓာတ်ခွဲနမူနာ တခါထဲယူလိုက်တယ်။ ဒီနေ့ မနက် ၇ နာရီခွဲမှာ ဆုံးသွားတယ်။ ဓာတ်ခွဲနမူနာတော့ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့လိုက်ပြီ”လို့ ပြောပါတယ်။ စဝ်စံထွန်းဆေးရုံမှ သမားတော်ဆရာဝန်ကြီးများ စစ်ဆေးတွေ့ရှိချက်အရ လူနာဟာ အဆုတ်ရောင်တာတွေ၊ မွေးရာပါနှလုံးရောဂါ အခံရှိတာတွေ၊ နှလုံးကြွက်သားကြီးတာတွေ၊ အဆုတ်ပိုး ဝင်တာနဲ့ အသည်းရောင်တာတွေ စတဲ့ ရောဂါရှိတယ်လို့သိရပါတယ်။ သေဆုံးသူဟာ အမျိုးသားဖြစ်ပြီး ထိုင်းကနေ မြဝတီကို နယ်စပ်ဝင်ပေါက်မှပြန်လာပြီး စက်တင်ဘာလ ၄ ရက်နေ့က တောင်ကြီးကိုရောက်ရှိတာ ဖြစ်ပါတယ်။ ရောက်ရောက်ချင်းမှာလည်း အဖျားရှိနေလို့ စဝ်စံထွန်းဆေးရုံကိုပြပေးပြီးမှ Quarantine Center ကို ဝင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က သေဆုံးသွားတဲ့ တောင်ကြီးတက္ကသိုလ် Quarantine စင်တာမှာမှာ Quarantine ဝင်နေသူအမျိုးသမီးရဲ့ ဓာတ်ခွဲအဖြေဟာ ကိုဗစ်-၁၉ ရောဂါပိုးမရှိဘူးလို့ သိရပါတယ်။ သတင်း- ခွန်ရာဇာ
8 months Ago

စစ်တွေမြို့က စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ 

ပြည်ပကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိတဲ့ စစ်တွေမြို့က အမျိုးသမီး တစ်ဦးမှာ  ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၆ ရက်ည၈ နာရီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါလူနာသစ်ဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကိုဗစ်-၁၉ လူနာတွေနဲ့ ထိတွေ့ခဲ့ခြင်းမရှိသလို  ပြည်ပနိုင်ငံတွေကို ခရီးသွားခဲ့ခြင်းလည်းမရှိဘဲ စစ်တွေဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ထားရှိသူဖြစ်တယ်လို့ ဆိုပါတယ်။  ပြည်ပကိုခရီးသွားခဲ့တာမရှိဘဲ မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ့ရှိခဲ့တာ  ဇူလိုင် ၁၇ ရက်နေ့က နောက်ဆုံးဖြစ်ပြီး အခု တစ်လနီးပါးအကြာမှာ နောက်ထပ် လူနာသစ် တစ်ဦး  ထပ်တွေ့ရတာလည်းဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ ၃၇၄ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၅ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၄၅ ခု စုစုပေါင်း ၆၃၄ ခုကို ဒီကနေ့ ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး တွေ့ရှိရတာပါ။ ဩဂုတ် ၁၆ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၃၇၅ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာပြန်ကောင်းလာသူ ၃၂၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၂၁ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၉ ဦးရှိပါတယ်။
9 months Ago

ဓာတ်ခွဲနမူနာ ၁၃၃၅ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိ

သြဂုတ် ၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁၃၃၅ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်မတွေ့ရှိဘဲ စောင့်ကြည့်လူနာသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၂၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၆၆ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၃၁ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၃၃၅ ခုအား နှစ်သုတ်ခွဲ စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်အတည်ပြုလူနာ ၃၅၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၀၉ ဦးထဲက ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးသူ ၂၉၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၄ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၉ သန်းကျော်၊ သေဆုံးသူ ၇၂၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂ သန်းကျော်ရှိတယ်လို့ သိရပါတယ်။
9 months Ago

ဓာတ်ခွဲနမူနာ ၈၄၇ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၂၀ ရှိ

ဓာတ်ခွဲနမူနာ ၈၄၇ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘဲ စောင့်ကြည့်လူနာသစ် ၂၀ ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၃၅၇ ခု၊   ဆေးသုတေသနဦးစီးဌာနက ၁၂၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၉၂ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၂၇၃ ခု၊ စုစုပေါင်း (၈၄၇) ခုအား စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၅၃ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၉၅ ဦးထဲက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၂၈၀ နဲ့ စောင့်ကြည့်လူနာအသစ် အယောက် ၂၀ ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၆၇၆၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀ ဒသမ ၉ သန်းကျော်ရှိပြီလို့ သိရပါတယ်။
9 months Ago

ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၃၀ ရှိ

ဇွန် ၂၆ ရက်အတွက် ဓာတ်ခွဲနမူနာ ၁,၇၂၂ ခုအား နှစ်သုတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသစ်မတွေ့ရဘဲ စောင့်ကြည့်လူနာသစ် ၃၀ ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲ နမူနာ ၁,၁၄၁ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၂၆၃ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၆၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲနမူနာ ၁၆၃ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) က ဓာတ်ခွဲနမူနာ  ၉၁ ခု၊ စုစုပေါင်း ၁,၇၂၂ ခုအား စစ်ဆေးခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဇွန် ၂၇ ရက် မနက် ၈ နာရီအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၉၃ ဦး၊ သေဆုံးသူ ၆ ဦး၊ စောင့်ကြည့်လူနာသစ် ၃၀၊  ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁၆၁, ၂၂၆, ၂၃၄ နဲ့ ၂၄၆ တို့မှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတာကြောင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၁၅ ဦးရှိပါသည်။  အဲဒီထဲက အယောက် ၂၀၀ အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုနေပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၄၉၆၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၅ ဒသမ ၃ သန်း ကျော်ရှိတယ်လို့ သိရပါတယ်။
11 months Ago

ကယားပြည်နယ်တွင် သံသယနှင့် စောင့်ကြည့်လူနာ ၈၀ ဦးအနက် ၅ ဦးသေဆုံး

ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တစ်ဦးမှ မတွေ့ရှိသေးပေမဲ့   ဖေဖော်ဝါရီ ၁ ရက်မှ  ဇွန် ၂၀ ရက်အထိ သံသယနဲ့ စောင့်ကြည့်လူနာ ၈၀ ရှိခဲ့ပြီး အဲဒီထဲက ၅ ဦး သေဆုံးသွားခဲ့တယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ဆရာတို့ဆီမှာ ၁ ရက် ၂လကနေစပြီးတော့ ၂၀ ရက် ၆ လအထိ အဲဒီ ၅ လအတွင်းမှာ ဆေးရုံတက်ပြီးတော့ ကိုဗစ်ဖြစ်နိုင်ချေရှိတဲ့ ကိုဗစ် သံသယစောင့်ကြပ်ကြည့်ရှုတဲ့လူနာပေါ့ PUI လို ဆရာတို့ခေါ်ပါတယ်။ အဲဒီလူနာအားလုံး ၈၀ ရှိပါတယ်။ အခုချိန်ဆိုရင် လွိုင်ကော်ဆေးရုံကြီးနဲ့ ကျန်တဲ့ဆေးရုံတွေမှာ သံသယလူနာ ဒီစောင့်ကြပ်ကြည့်ရှုတဲ့လူနာ မရှိတော့တာ ၁၀ ရက်ကျော်ရှိသွားပြီ လုံးလုံးမရှိဘူး။ ဒီ ၈၀ မှာတော့ အကုန်လုံးလည်း စစ်နိုင်တယ်။ အကုန်လုံးလည်း ဆေးရုံဆင်းသွားပြီ။ ဒီထဲကနေပြီးတော့ ဆရာတို့ ပိုးမတွေ့ဘူး။ ဒါပေမဲ့ ဆေရုံတက်ပြီးတော့ ဆုံးသွားတာလည်း ၅ ယောက်ရှိပါတယ်။ ပထမတော့ ဖျားတယ်၊‌ ချောင်းဆိုးတယ်ပေါ့၊ ဒါပေမဲ့ သူတို့ရဲ့ နဂိုရောဂါအခံ ရှိတာနဲ့ ကိုဗစ်ပိုးလည်းမတွေ့ပါဘူး။ ဒါပေမဲ့ ဆုံးသွားတာ ၅ ယောက်ရှိတယ်။ ကျန်တဲ့ လူတွေကတော့ ဆေးရုံကနေ ဆင်းသွားပြီ။” ဒါ့အပြင်ပြည်ပကနေ ပြန်လည်ဝင်ရောက်လာသူ ၁၃၀ ကျော်ကိုလည်း Facility Quarantine စင်တာတွေမှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထား ကြောင်းလည်း ပြောပါတယ်။ “ဆရာတို့ဒီမှာတော့ ထိုင်းက ပြန်လာတဲ့လူဆိုရင် မြဝတီကနေ ဝင်လာတဲ့လူတွေရှိတယ်။ တခြား မယ်စဲ၊ ရှားတောကနေ ဝင်လာကြတဲ့လူတွေရှိတယ်။ ဆရာတို့ လွိုင်ကော်ကို ဝင်လာတဲ့ ထိုင်းပြန်တွေအားလုံး ပညာရေးကောလိပ်မှာထားတယ်ပေါ့။ အထူးသဖြင့်တော့  ၂ မြို့နယ်ပေါ့။ ဒီးမော့ဆိုမှာဆိုရင် စိုက်ပျိုးရေးသိပ္ပံမှာထားတယ်ပေါ့။ ဘာလို့လဲဆိုတော့ လူက အဲဒီမှာ တစ်ယောက် တစ်ခန်းသို့မဟုတ် နှစ်ယောက် တစ်ခန်း နေနိုင်တယ်။ အိမ်သာရေချိုးခန်းတွေလည်း အများကြီးရှိတဲ့ အတွက် နိုင်နိုင်နင်းနင်းရှိတဲ့နေရာမှာ ထားတယ်။ အခုလက်ရှိ လွိုင်ကော်ပညာရေးကောလိပ်မှာ ၈၀ ကျော်ရှိတယ်။ ဒီးမော့ဆို စိုက်ပျိုးရေးသိပ္ပံမှာ ၅၀ ကျော်ရှိတယ်ပေါ့။ ” ကယားပြည်နယ်အတွင်းမှာ ပြည်တွင်းပြည်ပကနေ ပြန်လာတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ  လူဦးရေ ၆၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိထားသူ မရှိဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာစုစုပေါင်း  ၂၉၃ ဦးရှိပြီဖြစ်ပြီး ၆ ဦးသေဆုံးသွားပါတယ်။ အဲဒီထဲမှာ ကယားပြည်နယ်ဟာ ရောဂါပိုးတွေ့ရှိမှုမရှိသေးပါဘူး။ ကယားပြည်နယ်အတွင်း ရောဂါပိုး မတွေ့ရသေးတာဟာ အသွားအလာနည်းနေတာပါဝင်သလို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ခဲ့ပြီး ကံကောင်းနေသေးလို့ ဖြစ်တယ်လို့‌ ဒေါက်တာဌေးလွင်က ပြောပါတယ်။ “ဆရာတို့ ပထမတုန်းကတော့ တရုတ်ပြည်က ပြန်လာတဲ့လူတွေကို တခြားတိုင်းနဲ့ ပြည်နယ် အသီးသီးနဲ့ ချိတ်ဆက်ပြီးတော့ ဝင်ဝင်လာချင်းသိအောင် ဆရာတို့က ဆောင်ရွက်တယ်။ အဲလို ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျန်တဲ့‌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစိုးရအဖွဲ့ဦးဆောင်မှုနဲ့အတူ တခြားပြည်နယ်တိုင်းက ကျန်းမာရေးဌာနတွေရဲ့ သတင်းပေးပိုချက်တွေနဲ့ ဒီလူတွေကို  Quarantine ထဲဝင်အောင် ဆရာတို့က ထည့်တယ်။ အဲဒါအခုချိန်ထိပဲ ဆရာတို့က ဆောင်ရွက်တယ်။ ဆရာတို့မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးစတွေ့တဲ့အချိန်မှာ ပြည်တွင်းပြန်တွေကိုပါ တခြားရောဂါဖြစ်တဲ့ နေရာက ပြန်လာတဲ့သူပါ ဆရာတို့က Quarantine လုပ်တယ်။ တကယ့်တကယ် ရောဂါ မတွေ့ဘူးဆိုတာကလည်း ဆရာတို့ပြည်နယ်လေးလည်း သေးသေးလေးဖြစ်တယ်။ လူဦးရေကလည်း နည်းတယ်။ ခရီးသွားလာမှုပြောရင်တော့ တခြားမြို့ကြီးတွေနဲ့ယှဉ်ရင် နည်းတာပေါ့။ နောက်တချက်ကတော့ ကံကောင်းနေသေးတယ်လို့ပဲ ပြောရမှာပေါ့။” ကယားပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ဇွန်လ ၂၅ ရက်နေ့အထိ သံသယရှိလူနာအဖြစ် ဆေးရုံမှာ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ မရှိတော့ဘူးလို့လည်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားပါတယ်။ 
11 months Ago

မွန်၊ ကရင်နှင့် တနင်္သာရီဒေသက စောင့်ကြည့်လူနာများကို  မော်လမြိုင်ဓာတ်ခွဲခန်းတွင် ကိုဗစ်-၁၉  စစ်ဆေးပေးမည်

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးရှိ စောင့်ကြည့်လူနာတွေကို မော်လမြိုင် ဓာတ်ခွဲခန်းမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးတော့မယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။  မော်လမြိုင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲမှုဌာနမှာ ဇွန်လ ၄ ရက်နေ့ကတည်းက စတင် စစ်ဆေးနေရာမှာ မွန်ပြည်နယ်အတွင်းက စောင့်ကြည့်လူနာတွေကိုပဲ ဓာတ်ခွဲ စစ်ဆေးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ ဓာတ်ခွဲစစ်ဆေးတဲ့ အရေအတွက် များလာပြီး အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဆိုင်ရာဌာန ရန်ကုန် NHL က မနိုင်တော့အတွက်ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကိုဗစ်-၁၉ စောင့်ကြည့်လူနာတွေကို မော်လမြိုင်မှာပဲ စစ်ဆေးသွားဖို့ ရှိနေတာလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။ အရင်က တစ်ပတ်ကို သုံးကြိမ်သာ စစ်ဆေးပေးခဲ့ရာက အခုအခါမှာတော့ နေ့စဉ် စစ်ဆေးပေးသွားမယ်လို့လည်း သိရပါတယ်။  မော်လမြိုင် ဓာတ်ခွဲခန်းဟာ တစ်နေ့ကို လူပေါင်း ၃၀၀ နီးပါးကို ဓာတ်ခွဲစစ်ဆေးပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်းမှာ ဝန်ထမ်းဖွဲ့စည်းပုံ မပြည့်တဲ့အပြင် အဏုဇီဝဗေဒ ကျွမ်းကျင် ပညာရှင် တစ်ဦး အပါအဝင် ဝန်ထမ်း ၂၀ ကျော်နဲ့ ဓာတ်ခွဲ စစ်ဆေးနေရတဲ့အတွက်ကြောင့် အခက်အခဲ ရှိနေတယ်လို့ မော်လမြိုင်  ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တာဝန်ခံ  ဒေါက်တာနီနီဟန်က ပြောပါတယ်။ မော်လမြိုင် ဓာတ်ခွဲခန်းမှာ  ဇွန်လ ၂၃ ရက်နေ့အထိ  ကိုဗစ်-၁၉ စောင့်ကြည့်လူနာ ၂၈၀၀ ကျော်ကို ဓာတ်ခွဲ စစ်ဆေးပေးထားတာ ဖြစ်ပြီး အဲဒီထဲမှာ လူနာနံပါတ် ၂၈၇ တစ်ဦးကို ရောဂါပိုး တွေ့ရှိခဲ့တာပါ။ ဓာတ်ခွဲခန်းအတွက် မော်လမြိုင်မြို့ရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲက ဇီဝလုံခြုံရေးအဆင့် ၃ ရှိတဲ့ ဓာတ်ခွဲခန်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။ သတင်း-ဇော်လွင်ထွဋ်
11 months Ago

ထီးချိုင့်မြို့နယ်က သေဆုံးသွားသည့် စောင့်ကြည့်လူနာနှင့် ဆက်စပ်သူများတွင် ရောဂါပိုးမတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က သေဆုံးသွားတဲ့ စောင့်ကြည့်လူနာနဲ့ ဆက်စပ်သူတွေကို ဓာတ်ခွဲနမူနာစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ သိရပါတယ်။ ထီးချိုင့်မြို့ ခုတင် ၅၀ ဆေးရုံမှာ ကိုဗစ်ရောဂါလက္ခဏာတွေကြောင့် ဆေးကုသမှုခံယူနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဇွန် ၁၉ ရက်နေ့ မနက်ပိုင်းက သေဆုံးခဲ့ပါတယ်။  သေဆုံးသူက ခရီးသွားရာဇဝင်မရှိသလို ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတာလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။  ဒါပေမဲ့ သေဆုံးသူအပါအဝင် ဆက်စပ်သူ ၆ ဦးကို နှာခေါင်း၊ အာခေါင်တို့ဖတ်တွေ ရယူပြီး စစ်ဆေးရာမှာတော့ ဇွန်လ ၂၁ ရက်နေ့မှာ ရရှိတဲ့အဖြေတွေအရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “ဒီနေ့ပဲ အဖြေရပါတယ်။ သေဆုံးသူတင်မက သူနဲ့ဆက်စပ်သူအားလုံးမှာလည်း ပိုးမတွေ့ရပါဘူး” လို့ ပြောပါတယ်။ သေဆုံးသူက ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ကျီးကန်းဒေါင့်ရွာက အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး မသေဆုံးခင်က အပူချိန် ၁၀၃ ဒီဂရီထိ ရှိခဲ့ပြီး အသက်ရှူကြပ်ကာ  ချောင်းဆိုးလက္ခဏာတွေလည်း အနည်းငယ် ရှိတဲ့အတွက် ဇွန်လ ၁၆ ရက်နေ့က ညောင်ပင်သာ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာပါ။  အဲဒီကနေ မသက်သာတဲ့အတွက် ထီးချိုင့်မြို့ ဆေးရုံ၊ အဲဒီကနေ ခုတင် ၅၀ ဆံ့ ဆေးရုံသစ်မှာ သီးသန့်စောင့်ကြပ်ကြည့်ရှုပြီး မန္တလေး ဓာတ်ခွဲခန်းကို ဓာတ်ခွဲနမူနာ ပို့ဆောင်ထားဆဲမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ်မှာ Quarantine ဌာန ၁၀ ခုကျော်ရှိနေပါသေးတယ်။ အဓိကကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြန်လာသူတွေကို သီးသန့် ၂၁ ရက်ထားရှိနေတာပါ။ Quarantine ဝင်နေသူ ၅၀ ကျော်ရဲ့ ဓာတ်ခွဲအဖြေတွေမှာလည်း ရောဂါပိုးမတွေ့ရဘူးလို့ သိရပါတယ်။  ပြည်သူတွေအနေနဲ့ မပေါ့ဆကြဖို့အတွက်တော့ ထပ်မံအသိပေးတာတွေပြုလုပ်နေပြီး ကောလာဟလသတင်းတွေ မယုံကြည်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင် ဆောင်ရွက်ကြဖို့ လှုံ့ဆော်နေပါတယ်။
11 months Ago

ထီးချိုင့်မြို့တွင် စောင့်ကြည့်လူနာ  လူငယ် ၁ ဦးသေဆုံး 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့ ကုတင် ၅၀ ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေကြောင့် ဆေးကုသမှုခံယူနေတဲ့ လူငယ်တစ်ဦး ဇွန်လ ၁၉ ရက် မနက်ပိုင်းက သေဆုံးသွားပါတယ်။ သေဆုံးသူဟာ ခရီးသွားရာဇဝင်မရှိသလို ရောဂါပိုးတွေ့ရှိသူတွေနဲ့ ထိတွေ့ဆက်ဆံဖူးတာလည်း မရှိဘူးလို့ သိရပါတယ်။ ထီးချိုင့်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးသိန်းဟန်က “သေဆုံးသူရဲ့ ရွာမှာတော့ ပြည်ပက ပြန်လာသူ သိပ်မရှိဘူး။ ကိုဗစ်လက္ခဏာတွေပြလို့ ညောင်ပင်သာတိုက်နယ်ဆေးရုံ၊ အဲဒီကနေ ထီးချိုင့်ဆေးရုံ၊ အဲဒီကနေ ကုတင် ၅၀ ဆေးရုံသစ်ကို ပြောင်းပြီး စောင့်ကြည့်ကုသနေတာပေါ့။ ဒါကနေ့ ဒီမနက် သေဆုံးသွားတာပေါ့။ သူ့ရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီးတော့ ဓာတ်ခွဲစစ်ဆေးဖို့ ပို့ထားတယ်။ အဖြေတော့ မရသေးဘူး။ လောလောဆယ်တော့ အလောင်းကိုတော့ မီးသင်္ဂြိုလ်စက်နဲ့ သင်္ဂြိုလ်ပြီးသွားပြီ။ အဖြေမသိရသေးတော့ မြို့နယ်တွင်း သွားလာတဲ့ နေရာမှာ Mask တပ်ဖို့၊ လက်ဆေးဖို့ ကိစ္စတွေကိုတော့ မြို့နယ်ကိုဗစ်ကော်မတီကနေ အရင်ကထက် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။”လို့ ပြောပါတယ်။ သေဆုံးသူက ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ကျီးကန်းဒေါင့်ရွာက အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးဖြစ်ပါတယ်။ မသေဆုံးခင်က အပူချိန် ၁၀၃ ဒီဂရီထိ ရှိခဲ့ပြီး အသက်ရှုကြပ်ကာ အနည်းငယ်ချောင်းဆိုးလက္ခဏာတွေလည်းရှိတဲ့အတွက် ဇွန်လ ၁၆ ရက်က ညောင်ပင်သာ တိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တာပါ။  အဲဒီကနေ မသက်သာတဲ့အတွက် ထီးချိုင့်မြို့ ဆေးရုံ၊ အဲဒီကနေ ကုတင် ၅၀ ဆံ့ဆေးရုံသစ်မှာ သီးသန့်စောင့်ကြပ်ကြည့်ရှုပြီး မန္တလေးဓာတ်ခွဲခန်းကို ဓာတ်ခွဲနမူနာ ပို့ဆောင်ထားဆဲမှာ သေဆုံးသွားတာဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ်မှာ Quarantine ဌာန ၁၀ ခု ကျော်ရှိနေပါသေးတယ်။ အဓိကကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြန်လာသူတွေကို သီးသန့် ၂၁ ရက်ထားရှိနေတာပါ။ ထီးချိုင့်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကို မပေါ့ဆကြဖို့ ထပ်မံအသိပေးနေပြီး ကောလာဟလသတင်းတွေ မယုံကြည်ကြဖို့နဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင် ဆောင်ရွက်ကြဖို့ လှုံ့ဆော်နေပါတယ်။
11 months Ago

ဓာတ်ခွဲနမူနာ ၁၈၀၀ ကျော် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့၊ စောင့်ကြည့်လူနာသစ် ၅၂ ဦးရှိ

ဓာတ်ခွဲနမူနာ ၁၈၀၀ ကျော်အား စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ ဇွန် ၅ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၅၀၅ ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) က ဓာတ်ခွဲနမူနာ ၁၃၅ ခုနဲ့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၃၂ ခု၊ စုစုပေါင်း ၁,၈၇၂ ခုအား နှစ်သုတ်ခွဲ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၃၆ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၁၅၁ ဦး ရှိပါတယ်။ ရောဂါကင်းစင်လာသူတွေထဲက ၁၃၅ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာတွေ အသွားအလာ ဆက်လက်ကန့်သတ် စောင့်ကြပ်ကြည့်ရှုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဇွန် ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာအသစ် ၅၂ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက် ၈ နာရီအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆.၈ သန်းကျော်နဲ့ သေဆုံးသူ ၃ သိန်း ၉ သောင်းကျော်ရှိပြီလို့ သိရပါတယ်။
11 months Ago

ကျောက်ဖြူမြို့နယ်ရှိ  သံသယလူနာနှင့် စောင့်ကြည့်လူနာ၂၁ ဦးတွင်  COVID-19  ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မလေးရှားနိုင်ငံက ပြန်လာတဲ့ သံသယလူနာ တစ်ဦး အပါအဝင် ကန့်သတ် စောင့်ကြည့်ခံထားသူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို မေလ ၁၆ ရက်နေ့က ပို့ဆောင်စစ်ဆေးရာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီ ကို ပြောပါတယ်။ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦး က “သံသယလူနာ  တစ်ယောက်နဲ့ သွားလာကန့်သတ် စောင့်ကြည့်သူတွေအပါအဝင် ၂၁ ယောက်ကို စစ်ဆေးခဲ့တာပါ။ အဲဒါ အကုန်လုံးက Negative ထွက်ပါတယ်။ မလေးရှားက ပြန်လာတဲ့ Case 182 နဲ့contact ရှိသူတွေအထဲက ဟိုတနေ့ကပို့တဲ့အထဲမှာတော့ Case မထွက်မီ ကိုယ့်ဟာကိုယ်နမူနာယူပြီး ပို့လိုက်တာ တစ်ယောက်ရှိတယ်၊ သူကတော့  Negative ပါ” လို့ ပြောပါတယ်။ မလေးရှားနိုင်ငံမှပြန်လာတဲ့ ပိုးတွေ့လူနာ ၁၈၂ နဲ့ လေယာဉ်အတူစီးလာသူ ကျောက်ဖြူ မြို့နယ်မှ ၄ ဦးလောက်ရှိပြီး  နောက်ထပ် ၃ ဦးနဲ့ သွားလာကန့်သတ်စောင့်ကြည့်သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း မနက်ဖြန်ပို့ဆောင်စစ်ဆေးမယ်လို့ သိရပါတယ်။ “Case 182 နဲ့ လေယာဉ်အတူ စီးလာသူ အကုန်လုံး ၄ ယောက်ရှိပါတယ်။ အဲဒါတယောက်ကို စစ်ဆေးပြီးပြီဆိုတော့ နောက်ထပ် ၃ ယောက်ရဲ့ နမူနာတွေကို မနက်ဖြန်ယူမှာပါ။ ကျန်တဲ့ Case တွေရော ထပ်ပေါင်းပြီးတော့ ၁၂ ယောက်ရဲ့ နမူနာတွေကို မနက်ဖြန်ထပ်ပို့ ပြီးတော့ စစ်ဆေးပေးသွားမှာပါ” လို့  ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတဦး ကပြောပါတယ်။ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ COVID-19 နဲ့ပတ်သက်ပြီး နိုင်ငံခြားပြန်တွေ၊ ပိုးတွေ့နေရာဒေသမှ ပြန်လာတဲ့သူတွေနဲ့ သွားလာကန့်သတ်စောင့်ကြည်သူတွေထဲမှ စုစုပေါင်းလူ ၅၈ ဦးရဲ့ နမူနာတွေကို ပို့ဆောင် စစ်ဆေးခဲ့ရာမှာတော့ အကုန်လုံး (Negative)ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်  သံတွဲမြို့နယ်မှာ မလေးရှားကပြန်လာသူ  ၁ ဦးနဲ့ တောင်ကုတ်မြို့နယ်မှာ မလေးရှားကပြန်လာသူ  ၁ ဦး လတ်တလော COVID-19 ရောဂါကူးစက်ခံထားရပါတယ်။  သတင်း- နောင်နောင် 
12 months Ago

မွန်ပြည်နယ်တွင် စောင့်ကြည့်လူနာ သေဆုံးသူ ၃၈ ဦးအထိ ရှိလာ

မွန်ပြည်နယ်မှာ မေလ ၁၈ ရက်အထိ COVID-19 ရောဂါ စောင့်ကြည့်လူနာ သေဆုံးသူ ၃၈ ဦးအထိ ရှိလာပြီးလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။ စောင့်ကြည့်လူနာ သေဆုံးမှုမှာ PUI လို့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ ၃၂ ဦး၊ Hospital စောင့်ကြည့်လူနာ ၅ ဦး၊ Quarantine စောင့်ကြည့်လူနာ ၁ ဦး ၊ စုစုပေါင်း ၃၈ ဦးအထိ ရှိလာခဲ့တာပါ။ အဆိုပါသေဆုံးသူတွေဟာ ပင်ကိုအရောဂါခံတွေဖြစ်တဲ့ အဆုတ်တီဘီရောဂါ၊ နှလုံးရောဂါ အပါအဝင် ဆီးချိုရောဂါ အခံရှိသူတွေ အများဆုံး ပါဝင်နေတာပါ။ လက်ရှိမှာတော့ စောင့်ကြည့်လူနာအနေနဲ့ PUI လို့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ ၁၁ ဦး၊ Hospital စောင့်ကြည့်လူနာ ၅ ဦး ၊ စုစုပေါင်း ၁၆ ဦး ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ စောင့်ကြည့်သံသယလူနာ ၄၉၄ ဦးကို ဓာတ်ခွဲစစ်ဆေးကြည့်ရာမှာတော့ ရောဂါပျောက်ကင်းသွားတဲ့ လူနာ နံပါတ် ၂၇ တစ်ဦးသာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန် ၄၉၃ ဦးမှာတော့ ရောဂါပိုးမတွေ့ထားပါဘူး။ ဇော်လွင်ထွဋ် 
12 months Ago

ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၆ ဦးတွင် COVID-19 ရောဂါပိုးမတွေ့

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးရှိ COVID-19 စောင့်ကြည့်လူနာ ၆ ဦးရဲ့ဓာတ်ခွဲနမူနာကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနထံ ပေးပို့စစ်ဆေးရာမှာ ပြန်လည် ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရဘူးလို့  ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။ အဆိုပါစောင့်ကြည့်လူနာ ၆ ဦးရဲ့ ဓာတ်ခွဲအဖြေအရ ကျန်းမာရေးကောင်းမွန်သူတွေကို ဆေးရုံကဆင်းခွင့်ပြုပြီး ဆေးကုသဖို့ လိုအပ်သူတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးထား တယ်လို့ ​ဆိုပါတယ်။ ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်က ကရင်ပြည်နယ်အတွင်းက လူနာ​တွေပဲ။ အဖြေက ညကထွက်တယ်။ အားလုံး Negative ပဲ။ ဆေးရုံက ဆင်းခွင့်ပေးမယ်။ ရောဂါအလိုက် ကျန်တဲ့သူ ဆေးကုသမှုတွေ ဆက်လုပ်မယ်”လို့ ပြောပါတယ်။ ဧပြီ ၂၉ ရက်အထိ ဘားအံဆေးရုံကြီးကို COVID-19 ရောဂါစောင့်ကြည့်လူနာ ၂ ဦးထပ်မံရောက်ရှိလာတဲ့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ထပ်မံ ပေးပို့ထားပြီး အဖြေစောင့်ဆိုင်းနေပါတယ်။ ဒီကနေ့ထိ မြန်မာနိုင်ငံအတွင်းမှာ COVID-19 အတည်ပြုလူနာ  ၁၅၀ ဦး၊ ​သေဆုံးသူ ၆ ဦး ရှိပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦးသေဆုံး

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှာ ဧပြီ ၂၈ ရက်က စောင့်ကြည့်လူနာ အမျိုးသမီး ၁ ဦး  သေဆုံးသွားတယ်လို့  စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က ပြောပါတယ်။ အဲဒီလူနာဟာ ရပ်စောက်မြို့နယ် အင်တောဘက်ကနေ ရင်ဘတ်အောင့် ချောင်းဆိုး၊ စတဲ့ရောဂါနဲ့ရောက်လာတာဖြစ်ပြီး  ဆေးရုံမှာ စောင့်ကြည့် လူနာအဖြစ်ထားရှိ ကုသမှုပေးနေရာက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ စဝ်စံထွန်းဆေးရုံမှ ဒေါက်တာဝေဝေမွန်က“ဆေးရုံကိုရောက်တာက ၂၃ ရက်နေ့ ည ၁၁ နာရီခွဲပေါ့၊ သူရောက်လာတုန်းကတော့ ရင်ဘတ်အောင့်တယ်ပေါ့နော်။ နောက်အန်တယ်။  နောက်ပြီးတော့ သူနဲ့သက်ဆိုင်တဲ့ဆ ရာဝန်ကြီးတွေကြည့်ပြီးတဲ့အခါကျမှ ဒါကတော့ကုသပိုင်းတော့ ပေးထားတာပေါ့နော်။ သွေးစစ်ထားတာရှိတယ်၊ COVID-19ကိုစစ်ထားတယ်။ ဒါပေမဲ့ အဖြေက အစ်မတို့မရသေးဘူး”လို့ ပြောပါတယ်။ အဲဒီစောင့်ကြည့်လူနာအမျိုးသမီးဟာ ပြည်ပသို့ခရီးသွားထားတဲ့ ရာဇဝင်မရှိပေမဲ့ မတ်လ ၅ ရက်က ထိုင်းနိုင်ငံကပြန်လာတဲ့ သားဖြစ်သူနဲ့ ထိတွေ့မှုတွေရှိခဲ့လို့ COVID-19 စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ ဆေးကုသမှုခံယူနေတာပါ။ သေဆုံးသွားတဲ့ စောင့်ကြည့်လူနာအမျိုးသမီးရဲ့ ရုပ်အလောင်းကို ဧပြီ ၂၈ ရက်မှာပဲ ဆေးရုံက ဝန်ထမ်းတွေက မီးသင်္ဂြိုဟ်လိုက်ပါတယ်။ စဝ်စံထွန်းဆေးရုံမှာ COVID-19 အတည်ပြုလူနာ ၂ ဦးရှိပြီး လူနာ အမှတ် ၂၉ တစ်ဦးကတော့ သုံးကြိမ်စစ်ဆေးရာမှာ ရောဂါပိုးမတွေ့တဲ့အတွက် ဧပြီ ၂၇ ရက်က ဆေးရုံကနေ ဆင်းခွင့်ပေးပြီး Hotel Quarantine ထားရှိလိုက်ပါတယ်။ လက်ရှိ စဝ်စံထွန်း ဆေးရုံမှာ အတည်ပြုလူနာ ၁၂၁ ဦးနဲ့ စောင့်ကြည့် လူနာ ၅ ဦး၊ သံသယလူနာ ၂ ဦးတို့ ဆေးကုသမှုခံယူနေပါတယ်။ သတင်း- ခွန်ရာဇာ
1 year Ago

ဘားအံဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၂ ဦး ရောဂါပိုးမတွေ့

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၂ ဦးမှာ COVID-19 ရောဂါပိုးမရှိဘူလို့  ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းအထိ COVID-19 စောင့်ကြည့်လူနာ ၁၂ ဦးရဲ့ ဓာတ်ခွဲတွေ့ရှိချက်ကို ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ဘူးလို့ ဆိုပါတယ်။ စောင့်ကြည့်လူနာ ၁၂ ဦးရဲ့ ဓာတ်ခွဲအဖြေအရ ကျန်းမာရေးကောင်းမွန်သူတွေကို ဆင်းခွင့်ပြုပြီး ရောဂါအလိုက် ဆေးကုသဖို့ လိုအပ်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆက်လက် ဆောင်ရွက်ပေးထားတယ်လို ​ဆိုပါတယ်။ ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ဘားအံမြို့နယ်တွင်းက လူတွေပဲ။ အဖြေက ညကထွက်တယ်။ အားလုံး Negative ပဲ။ ဆေးရုံက ဆင်းခွင့်ပေးမယ်။ တခြားရောဂါရှိတဲ့သူတွေကိုတော့ ရောဂါလက္ခဏာအလိုက် ဆေးကုသမှုတွေ ဆက်ပေးသွားမယ် လို့ ပြောပါတယ်။ ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းအထိ ဘားအံပြည်သူ့ဆေးရုံကြီးကို COVID-19 ရောဂါစောင့်ကြည့်လူနာ အားလုံး ၅ ဦး ထပ်မံရောက်ရှိလာတဲ့အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။ ၂၂ ရက် ညက ပြည်နယ်အတွင်းက ဆေးရုံတွေမှာတက်ရောက်နေတဲ့ COVID-19 ကူးစက်ရောဂါစောင့်ကြည့်လူနာနဲ့ စောင့်ကြပ်ကြည့်ရှုစခန်းတွေကလူနာ ၄၃ ဦးလုံးရဲ့ ဓာတ်ခွဲအ‌ဖြေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်အတွင်း COVID-19 ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ မြို့နယ်အလိုက် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်တွေနဲ့ ဒေသန္တရထုတ်ပြန်ချက်တွေကို လိုက်နာဖို့ နေ့စဉ်လှည့်လည် အသိပေးနေတာ​တွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ဧပြီ ၂၄ ရက် ည ၁၁ နာရီအထိ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၄၄ ဦး၊ သေဆုံးသူ  ၅ ဦးနဲ့ ပြန်ကောင်းလာသူ ၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ ရဲမင်းခေါင်
1 year Ago

ဘားအံဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၉ ဦး ထပ်မံရောက်ရှိ

ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ ဧပြီ ၂၃ ရက် နေ့လည်ပိုင်းအထိ COVID-19 စောင့်ကြည့်လူနာ ၉ ဦးရောက်ရှိနေပြီး လူနာတွေရဲ့ဓာတ်ခွဲနမူနာတွေကို ရန်ကုန်ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က ပြောပါတယ်။ စောင့်ကြည့်လူနာ ၉ ဦးရဲ့ ဓာတ်ခွဲစမ်းသပ်ချက်အဖြေတွေ မရရှိသေးတဲ့အတွက် စောင့်ကြည့်လူနာအနေနဲ့သီးသန့်ထားရှိပြီး လိုအပ်တဲ့စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားသလို လက်ရှိမှာ ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က “ဘားအံမြို့နယ်တွင်းက လူတွေပဲ။ အဖြေကို မနေ့က ညကပို့ထားတယ်။ ဒီနေ့ည အဖြေထွက်မယ်။ ရောဂါလက္ခဏာက နှာစေး၊ ချောင်းဆိုး၊ ဖျားပြီး ဆေးရုံကိုရောက်လာတာ”လို့ ပြောပါတယ်။ ဧပြီ ၂၁ ရက်အထိ ဘားအံဆေးရုံရှိ  COVID-19 ရောဂါစောင့်ကြည့်လူနာအားလုံးမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ပြန်လည်ပေးပို့တဲ့ အဖြေတွေအရ COVID-19 ရောဂါ မတွေ့ရှိတဲ့အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago

ဟုမ္မလင်းဆေးရုံတွင် သေဆုံးခဲ့သည့် စောင့်ကြည့်လူနာ COVID-19 ရောဂါပိုး မတွေ့

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းပြည်သူ့ဆေးရုံမှာ ဧပြီ ၁၉ ရက်နေ့မနက်ပိုင်းက သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာ အမျိုးသားမှာ COVID-19 ရောဂါပိုး မတွေ့ရဘူးလို့ ဆေးရုံအုပ်ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ် နတ်နန်းကျေးရွာနေ အသက် ၃၃ နှစ်အရွယ် သေဆုံးသွားတဲ့ အမျိုးသားဟာ ဧပြီ ၁၆ ရက်နေ့ နေ့လယ် ၂ နာရီက ဟုမ္မလင်းဆေးရုံကို ရောက်လာတာလို့ ဆိုပါတယ်။ “သူ ရောက်တဲ့အချိန်က ကိုယ်ခံအားကျနေတယ် မောတယ်လို့ ပြောတယ်။ ဒါနဲ့ ကျနော်က တိုင်းကို သတင်းပို့တယ်၊ ကြပ်မတ်ကုသလုပ်ခိုင်းတယ်။ COVID-19 ရောဂါပိုးစစ်ဆေးဖို့ ရန်ကုန်ကို ဧပြီ ၁၇ ရက်နေ့မနက် ၄ နာရီချိန် ကားနဲ့ပို့ဆောင်ပေးခဲ့တယ်။ ကျနော့်ဆီ ဓာတ်ခွဲအဖြေက ဧပြီလ ၁၉ ရက်နေ့မနက် ၇ နာရီက COVID-19 ပိုးမတွေ့ကြောင်း အကြောင်းကြားခဲ့တယ်။”  အဲဒီစောင့်ကြည်လူနာ အမှတ် ၂ ဟာ ခုခံအားကျဆင်းရောဂါနဲ့ ကျောက်ကပ်ဝေဒနာခံစားပြီး သေဆုံးသွားတာလို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ ဟုမ္မလင်းပြည်သူ့ဆေးရုံက စောင့်ကြည့်လူနာအမှတ် ၁ မှာလည်း COVID-19 ရောဂါပိုး မတွေ့ရဘူးလို့ ဆိုပါတယ်။ အောင်ဆန်းမြင့်
1 year Ago

ဂန့်ဂေါမြို့ဆေးရုံတွင် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ပြည်သူ့ဆေးရုံကို ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက စောင့်ကြည့်လူနာ ၁ ဦး ဆေးကုသမှုလာရောက်ခံယူရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။  သေဆုံးသူက ကျောဒေသ၊ စကားကျေးရွာကနေ ဆေးကုသမှု လာရောက်ခံယူတဲ့ အသက် ၇၇ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ဂန့်ဂေါမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ “အိမ်ထဲက အိမ်ပြင်မထွက်တဲ့သူပါ။ သူ့ရွာကလည်း နိုင်ငံခြားက ပြန်လာသူမရှိဘူး။ အမောဖောက်တတ်တယ်လို့ သိရတယ်။ သေချာအောင်တော့ ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ရဦးမှာပေါ့။ အလောင်းကိုတော့ တခါတည်း သင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ ကျန်တဲ့ သံသယလူနာလည်း မရှိပါဘူး” လို့ ပြောပါတယ်။ COVID-19 ရောဂါကာကွယ်ရေးအတွက် ဒေသန္တရအမိန့်တွေကို ထုတ်ပြန်ထားပြီး ဈေးကိုလည်း လေယာဉ်ကွင်းမှာ စနစ်တကျ ထားရှိပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ကိုဗစ်လူနာ နှစ်ဦးထိ တွေ့ရှိထားတဲ့ ကလေးမြို့နဲ့လည်း နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် နယ်စပ်ဖြစ်တဲ့ ဟံသာဝတီကျေးရွာမှာလည်း အဝင်အထွက်တွေကို နေ့ည စစ်ဆေးနေသလို ရွာတိုင်းမှာလည်း Quarantine Center တွေ ထားရှိပြီး ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။  နံပါတ်တစ် လူနာနဲ့ လေယာဉ်အတူစီးခဲ့တယ်ဆိုတဲ့ ခရိုင်အုပ်ချုပ်ရေးမှုးရဲ့ ဇနီးမှာလည်း ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိရဘူးလို့ ကိုယ်စားလှယ်က ဆိုပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း လွန်ခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ စိုးရိမ် ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။  ဧပြီလ ၆ ရက်နေ့ကလည်း ပြည်ပက ပြန်လာသူ နှစ်ဦးကို Home Quarantine ထားရှိရာမှာ အမိန့်ညွှန်ကြားချက် မလိုက်နာတဲ့အတွက် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် ၃ လစီ ချမှတ်ခဲ့ပါသေးတယ်။  လက်ရှိအချိန်ထိတော့ COVID-19 နဲ့ပတ်သက်ပြီး စိုးရိမ်စရာ မရှိသေးသလို ဆေးရုံကြီးကလည်း အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁၉ ရက် မနက် ၇ နာရီအထိ COVID-19  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago

ဘားအံဆေးရုံကြီးရှိ စောင့်ကြည့်လူနာ ၈ ဦး ရောဂါပိုးမတွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၁၃ ရက်ညက နောက်ဆုံးရောက်ရှိလာတဲ့ စောင့်ကြည့်လူနာ ၈ ဦးမှာ ဓာတ်ခွဲတွေ့ရှိချက်အဖြေအရ COVID-19 ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။ စောင့်ကြည့်လူနာ ၈ ဦးဟာ ဘားအံမြို့နယ်အတွင်းက ဖြစ်​ပြီး သီးသန့်ထား ရှိပြီး စစ်ဆေးကုသမှုတွေ ပေးထားသလို စောင့်ကြည့်လူနာတွေဟာ ထိုင်းနိုင်ငံက ပြန်လာသူတွေ မဟုတ်ဘူးလို့ သိရပါတယ်။ ဘားအံပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “​ဆေးရုံရောက်လာတဲ့ လူနာမှန်သမျှ စစ်တယ်။ နိုင်ငံခြားထွက်တဲ့သူတွေတော့ မဟုတ်ဘူး။ ဒီကနေ့ ညက အဖြေထွက်တယ်။ Ngative ပဲ"လို့ ပြောပါတယ်။ စောင့်ကြည့်လူနာအားလုံးမှာ ရောဂါပိုးမတွေ့ရလို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ အလားတူ မြဝတီဆေးရုံကြီးက စောင့်ကြည့်လူနာ ၂ ဦး၊ လှိုင်းဘွဲဆေးရုံကြီးက ၆ ဦး၊ ကော့ကရိတ်ခရိုင် ကော့ဘိန်းတိုက်နယ်ဆေးရုံက ၁ ဦးတို့ဟာလည်း ရန်ကုန်အမျိုးသား ကျန်းမာရေးဓာတ်ခွဲ ဌာနက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဧပြီ ၁၄ ရက်က ကရင်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။  သတင်း- ရဲမင်းခေါင်
1 year Ago

ဘားအံဆေးရုံကြီးက စောင့်ကြည့်လူနာ ၁၃ ဦး ရောဂါပိုးမတွေ့ရှိ

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာ ၁၃ ဦးလုံးရဲ့ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ ဧပြီ ၁၂ ရက် မနက်ပိုင်းက ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က ပြောပါတယ်။ ဘားအံပြည်သူဆေးရုံကြီးမှာ မတ် ၁၀ ရက်က နောက်ဆုံးရောက်ရှိလာတဲ့ COVID-19 စောင့်ကြည့်လူနာ ၁၃ ဦးရဲ့ ဓာတ်ခွဲအဖြေကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်ပေးပို့ခဲ့တာပါ။ ဘားအံပြည်သူ့ဆေးရုံကြီးမှာ COVID-19 ရောဂါနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံကနေ ​​ပြန်‌လည်ဝင်ရောက်လာသူတွေကို စောင့်ကြပ်ကြည့်ရှု (Quarantine Center) တဲ့ စခန်းတွေက လူနာ ၈ ဦးနဲ့ ဘားအံမြို့ပေါ်က လူနာ ၅ ဦးကို သီးသန့်ထားရှိပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားပါတယ်။ ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က “နောက်ဆုံးစစ်ဆေးချက်အရ ၁၀ ရက်နေ့က ပေးပို့ထားတာ ၁၁ ရက်နေ့ညက အဖြေထွက်ပြီ။ နောက်ဆုံးပို့ထားတဲ့ ၁၃ ယောက်စလုံး Negative ပဲ”လို့ ပြောပါတယ်။ ဘားအံဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်လူနာအားလုံး အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။ ဘားအံဆေးရုံကြီးကို မတ် ၇ ရက်နေ့ကစတင်ပြီး ဒီကနေ့ထိ COVID-19 စောင့်ကြည့်လူနာ ၄၀ ဦးရောက်ရှိခဲ့ရာမှာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနရဲ့ ​ပြန်ကြားချက်​တွေအရ ရောဂါပိုး မတွေ့ရှိတဲ့အတွက် ဆေးရုံကြီးကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။ ဧပြီ ၁၀ ရက်နေ့ထိ ကရင်​ပြည်နယ်အတွင်း ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်နယ်တိုင်းဒေသကြီးအသီးသီးက ပြည်တော်ပြန်တွေကို စခန်း ၁၄ ခုဖွင့်လှစ်ပြီး ၂၁ ရက် စောင့်ကြပ်ကြည့်ရှုမှုတွေ ပြုလုပ်ပေးရာမှာ ကျား ၁၃၀၀ နီးပါး၊ မ ၄၀၀ ကျော်ကို ကျန်းမာရေးနဲ့ စားသောက်ရေးတွေ စီစဥ်ဆောင်ရွက်ပေးထားပါတယ်။ ရဲမင်းခေါင်
1 year Ago

မွန်ပြည်နယ်တွင် စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးထိ ရှိလာ

မွန်ပြည်နယ်မှာ မတ် ၂၀ ရက်နေ့ကနေ ဧပြီ ၁၀ ရက်အထိ စောင့်ကြည့်လူနာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက အတည်ပြုပါတယ်။ သေဆုံးခဲ့တဲ့ စောင့်ကြည့်လူနာတွေထဲမှာ PUI လို့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ ၇ ဦးနဲ့ Hospital Quarantine စောင့်ကြည့်လူနာ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ နှလုံးရောဂါနဲ့ အဆုတ်တီဘီရောဂါ အခံရှိနေသူတွေ အများဆုံး ပါဝင်နေတယ်လို့ ဒေါက်တာ ဝတ်မှုံက ပြောပါတယ်။ သေဆုံးသူ ၈ ဦးကတော့ Covid 19 ရောဂါပိုး မတွေ့ထားသူတွေ ဖြစ်ပြီး ကျန် ၂ ဦးရဲ့ အဖြေကိုတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနကို ပို့ဆောင် စစ်ဆေးထားပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါ စောင့်ကြည့်လူနာ PUI ၂၃ ဦးနဲ့ Hospital Quarantine စောင့်ကြည့်လူနာ ၇၇ ဦး ရှိနေပြီး ၆၁ ဦးကတော့ ကျန်းမာရေး ကောင်းသွားလို့ ဆေးရုံက ဆင်းခွင့်ပြုထားပါတယ်။ ကျန်စောင့်ကြည့်လူနာ ၂၈ ဦးကိုတော့ ဆေးရုံမှာ ဆက်လက်စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ နိုင်ငံတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၂၈ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ပြန်လည်သက်သာလာသူ ၂ ဦး ရှိနေပါတယ်။
1 year Ago

ဘားအံဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၅ ဦး ထပ်မံရောက်ရှိ

ကရင်ပြည်နယ်၊ ဘားအံပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၆ ရက် ​နေ့လယ်ပိုင်း အထိ COVID-19 စောင့်ကြည့်လူနာ ၅ ဦးရောက်ရှိနေပြီး လူနာတွေရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်အ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပို့ဆောင်ထားတယ်လို့  ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။ စောင့်ကြည့်လူနာ ၅ ဦးအား ထိုင်းနိုင်ငံကနေ ပြန်‌လည် ဝင်ရောက်လာသူတွေဖြစ်ကြပြီး သူတို့ကိုသီးသန့်ထားရှိကာ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။  Quarantine Center မှာထားရှိတဲ့ ကိုယ်ဝန်ဆောင် လူနာတဦးကို အရေးပေါ်မီးဖွားနိုင်ဖို့ စောင့်ကြည့်ကုသမှုတွေ ဆောင်ရွက်ထားတယ်လို့လည်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က ပြောပါတယ်။  “ဘားအံဆေးရုံမှာ COVID-19 အတည်ပြုလူနာ မနေ့က ဧပြီ ၅ ရက်နေ့ထိမရှိဘူး။ ပိုးတွေ့ရှိတဲ့ အဖြေထွက်ရှိတာမရှိဘူး။ မနေ့ကထိ ထိုင်းက ပြန်လာတယ်။ ဖျားခြင်း နာခြင်းမရှိတဲ့ ကိုယ်ဝန်ဆောင် မီးဖွားဖို့တော့ရှိတယ်။ အဲဒီအတွ​က်တော့ စစ်ဆေးထားတယ်” ဘားအံဆေးရုံကြီးကို မတ် ၇ ရက်က စတင်ပြီး ဒီကနေ့ထိ COVID-19 စောင့်ကြည့်လူနာ ၁၉ ဦးရောက်ရှိခဲ့ရာမှာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနရဲ့ ​ပြန်ကြားချက်​တွေအရ ရောဂါပိုးမတွေ့ရှိတဲ့အတွက် ဆေးရုံကြီးကနေဆင်းခွင့်ပြုခဲ့တယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဘားအံခရိုင်အတွင်း ထိုင်းနိုင်ငံကနေ မြဝတီမြို့နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုတဲ့ (Quarantine Center)နေရာ ၁၁ ခုမှာ ထားရှိစောင့်ကြည့်နေပါတယ်။ ကရင်​ပြည်နယ်အတွင်းက နေရပ်ပြန်လာသူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ ရပ်မိရပ်ဖတွေ ရပ်ရွာအသင်းအဖွဲ့တွေကနေပြီး မိမိတို့ကျေးရွာမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောင်အဦတွေမှာ ၁၄ ရက် စောင့်ကြည့်ထားပြီး  ပူးပေါင်း ကူညီ ဆောင်ရွက်နေပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago

စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိဟု ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဧပြီ ၄ ရက်ကနေ ၅ ရက်နေ့ ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၃၈ ဦးရှိပြီး ဆေးရုံတွေက စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားတဲ့ ၅၅ ဦးမှာ  COVID-19 ရောဂါပိုး မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအယောက် ၂၀ ထဲက တီးတိန် ပြည်သူ့ဆေးရုံက လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ ၁၁ ဦး၊ ကန်တော်နဒီဆေးရုံက လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးက လူနာ ၁ ဦး၊ လားရှိုးမြို့ပြည်သူ့ဆေးရုံက လူနာ ၁ ဦး၊ ပဲခူးတိုင်းက လူနာ ၄ ဦး၊ စုစုပေါင်း ၁၉ ဦးတို့ရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၁ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၅ ရက်နေ့ညအထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၁ ဦး ထိ ရှိပြီဖြစ်ပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်တွေကို တိကျစွာ လိုက်နာပြီး ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
1 year Ago

ကော့သောင်းဆေးရုံ၌ သေဆုံးခဲ့သည့် အမျိုးသားနှင့် စောင့်ကြည့်လူနာဇနီးတွင် ရောဂါပိုးမတွေ့

ကော့သောင်းမြို့ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဧပြီ ၃ ရက်နေ့က သေဆုံးသွားတဲ့ အမျိုးသားနဲ့ သီးသန့်ဆောင်မှာ စောင့်ကြည့်ခံနေရတဲ့ ဇနီးဖြစ်သူတို့မှာ COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာခင်ဇော်က ပြောပါတယ်။ လူနာအဖြေကတော့ ရောဂါပိုးမတွေ့ရှိပါဘူးလို့ ရောက်ရှိလာပါပြီ။ သူ့ကို ဆေးရုံ ရောက်ကတည်းကလည်း ကျနော်တို့ သံသယပေါ့။ သူ့အမျိုးသမီးကလည်း ဘန်ကောက်က ပြန်လာပြီး ဖျားနေတယ်။ Home Quarantine အလုပ်ခံထားရတယ်။ သူကလည်း ဒီလိုလက္ခဏာတွေနဲ့ ရောက်လာတယ်ဆိုတော့ ကျနော်တို့က သူတို့နှစ်ဦးလုံးကို COVID-19 ရောဂါရှိ၊ မရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ပြီးစစ်စေတာပါ။ အခုတော့ နှစ်ဦးလုံး negative ထွက်ပါတယ်။ အဆိုပါ ဇနီးမောင်နှံ ၂ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းက ကော့သောင်းပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာကြတာဖြစ်ပြီး အမျိုးသားကတော့ ဆေးကုသမှု ခံယူနေချိန်မှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ထိုင်းက ပြန်လာတာကြောင့် Home Quarantine လုပ်ခံထားရသူဖြစ်ပြီး ဧပြီ ၃ ရက်နေ့ကမှ ဆေးရုံသီးသန့်ဆောင်မှာ ထားရှိပြီး ကုသပေးနေတာလည်း ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ အမျိုးသားဟာ အသည်းရောဂါအခံရှိပြီး အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်ကာ ရန်ကုန် အထူးကုဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ လူနာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာစာရင်းထဲ မပါရှိဘူးလို့ သိရပါတယ်။ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ COVID-19​ ရောဂါ စောင့်ကြည့်ခံရသူ ၁၁၅ ဦးတယ်လို့ သိရပါတယ်။ လတ်ကိုကိုဦး
1 year Ago

ဘားအံဆေးရုံကြီးတွင် စောင့်ကြည့်လူနာ ၄ ဦး ထပ်မံရောက်ရှိ

ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ ဧပြီ ၄ ရက် မနက်ပိုင်းက COVID-19 စောင့်ကြည့်လူနာ ၄ ဦးထပ်မံ ရောက်ရှိလာပြီး ဓာတ်ခွဲအဖြေကို ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။ အဆိုပါ COVID-19 စောင့်ကြည့်လူနာ ၄ ဦးဟာ ထိုင်းနိုင်ငံကနေ ပြန်‌လည်ဝင်ရောက်လာတာဖြစ်ပြီး စောင့်ကြည့်လူနာအနေနဲ့ သီးသန့်ထားရှိကာ စစ်ဆေးကုသပေးနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က “ထပ်ပို့ထားတဲ့လူနာ ၄ ယောက်ရှိတယ်။ ဒါပေမဲ့ သံသယလူနာတော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့သူတွေ။ ဘားအံမြို့နယ်ထဲကပဲ” လို့ ပြောပါတယ်။ ဧပြီ ၃ ရက်နေ့ထိ ဘားအံဆေးရုံကြီးမှာ COVID-19 စောင့်ကြည့်​နေတဲ့ လူနာအားလုံး အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းက ပြန်လည်ပေးပို့တဲ့အဖြေအရ ရောဂါပိုးမတွေ့ရှိတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပြီလို့ ဆေးရုံအုပ်ကြီးက ဆိုပါတယ်။ ဘားအံခရိုင်အတွင်း ထိုင်းနိုင်ငံကနေ မြဝတီမြို့နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို COVID-19 စောင့်ကြပ်ကြည့်ရှုရေး (Quarantine Center) နေရာ ၁၁ ခုမှာ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းအထိ ကျန်းမာရေးစောင့်ကြည့်ခဲ့ရာ သံသယလူနာ ၂ ဉီးနဲ့ စောင့်ကြည့်လူနာ ၇ ဦးတွေ့ရှိထားပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ့အပြင် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အစီအစဉ်နဲ့ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း၊ သာသနိကအဆောင်အဦတွေမှာ ၁၄ ရက် စောင့်ကြည့်မှုတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ရဲမင်းခေါင်
1 year Ago

COVID-19 လူနာ ၁၇ ဦး ကျန်းမာရေးအခြေအနေ တည်ငြိမ်၊ စောင့်ကြည့်လူနာသစ် ၄၆ ဦးရှိ

COVID-19 အတည်ပြုလူနာ ၁၇ ဦးရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေပြီး ဧပြီ ၂ ရက်ကနေ မတ် ၃ ရက် ညနေ ၆ နာရီအထိ စောင့်ကြည့်လူနာအသစ် ၄၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စောင့်ကြည့်လူနာနဲ့ ဆေးရုံ (သို့မဟုတ်) အိမ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ ၅၅ ဦးကို ဓာတ်ခွဲနစစ်ဆေးချက်အရ COVID-19 ရောဂါပိုး မရှိဘူးလို့ ဆိုပါတယ်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉ ဦးအနက်  တီးတိန်ပြည်သူ့ ဆေးရုံက လူနာ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးက လူနာ ၉ ဦး နဲ့ ကန်တော်နဒီဆေးရုံ လူနာ ၁ ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ လူနာ ၁ ဦး၊ လားရှိုးမြို့မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ ၁ ဦး၊ ပဲခူး ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ဆေးရုံနဲ့ ပေါက်ခေါင်းမြို့ဆေးရုံတို့မှာ ပြောင်းရွှေ့လူနာ ၄ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ ၂ ဦးကိုတော့ အထူးကြပ်မတ်ခန်းမှာ သီးခြားထားရှိ ဆေးကုသမှု ပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧပြီ ၃ ရက်ညနေအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ အယောက် ၂၀ ဦး တွေ့ရှိလာပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးအချက်အလက်တွေကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။
1 year Ago

ဘားအံဆေးရုံကြီး စောင့်ကြည့်လူနာ ၅ ဦး၌ COVID-19 ရောဂါပိုးမတွေ့ရှိ

ဘားအံပြည်သူ့ဆေးရုံကြီးမှာ မတ် ၃၁ ရက်နေ့အထိ ရောက်ရှိလာတဲ့ COVID-19 စောင့်ကြည့်လူနာ ၅ ဦးလုံးမှာ ဓာတ်ခွဲခန်းအဖြေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ ဧပြီ ၂ ရက် နေ့လယ်ပိုင်းမှာ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က ပြောပါတယ်။ ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ မတ် ၃၁ ရက်နေ့အထိ COVID-19 စောင့်ကြည့်လူနာတွေထဲက ကလေး ၁ ဦး အပါအဝင် လူနာ ၅ ဦးရဲ့ ဓာတ်ခွဲအဖြေကို ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနက ပြန်လည်​ပေးပိုခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ အကြောင်းပြန်ကြားခဲ့တာပါ။ ဘားအံပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဘရမ်အောင်က “ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေ။ ဘားအံမြို့နယ်ထဲကပဲ။​ ၃၁ ရက်နေ့မှာ ပေးပို့ထားတဲ့ စောင့်ကြည့်လူနာ ၅ ယောက်က နဂ္ဂတစ်ပါ။ မနေ့ညက အဖြေထွက်တယ်”လို့ ပြောပါတယ်။ အဆိုပါ စောင့်ကြည့်လူနာ ၅ ဦးလုံးကို သီးသန့်ထားရှိပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားသလို ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုပါတယ်။ မတ် ၂၉ ရက် ညက COVID-19 ကူးစက်ရောဂါပိုးတွေ့ရှိတဲ့ ပုလဲမြို့သစ်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ လူနာ ၁ ဦးနဲ့အတူ မြဝတီနယ်စပ်ကနေ မော်တော်ယာဉ်စီးနင်းလာတဲ့ ကရင်ပြည်နယ်အတွင်းက နေရပ်ပြန် ၉ ဦးကို ကျန်းမာ​ရေးစောင့်ကြည့် စစ်ဆေးကြပ်မတ်မှုတွေ ဆောင်ရွက်ဖို့ ကရင်​ပြည်နယ်အစိုးရက သက်ဆိုင်ရာဌာနတွေကို အကြောင်းကြားထားပါတယ်။ မြန်မာနိုင်ငံအတွင်းCOVID-19 ကူးစက်ရောဂါပိုး ၁၆ ဦးထိ တွေ့ရှိထားပြီး ကျန် ၅၅ ဦးမှာ ရောဂါပိုး မတွေ့ရှိရဘူးလို့ ဧပြီ ၁ ရက်နေ့ ညက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က သတင်းထုတ်ပြန်ထားပါတယ်။ ဧပြီ ၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ  COVID-19 ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာပေါင်း ၂၀ ဦးရှိသွားပြီဖြစ်ပြီး ကင်ဆာရောဂါအခံရှိတဲ့ လူနာ အမျိုးသားတဦးကတော့ သေဆုံးသွားပါတယ်။ ရဲမင်းခေါင်
1 year Ago

နေပြည်တော်တွင် ကိုဗစ်စောင့်ကြည့်လူနာ ၁၅၀၀၀ အတွက် တပ်မတော်ပြင်ဆင်ထား

COVID-19    စောင့်ကြည့်လူနာ ၁၅၀၀၀ အတွက် တပ်မတော်က နေပြည်တော်ရှိ အမှတ်(၃) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ပြင်ဆင်ထားတယ်လို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် အမှတ်(၁)စစ်ဗျုဟာမှူးလည်းဖြစ် စောင့်ကြည့်ရေးစခန်း တာဝန်ခံလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး အောင်မြတ်စိုးက ပြောပါတယ်။ “လူနာလက်ခံဖို့ကတော့ နေပြည်တော်ကောင်စီနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီကနေ ဒါတွေ သူတို့ဆီက ပြည့်သွားပြီ မနိုင်တော့ဘူးဆို ကျနော်တို့ လက်ခံသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ စာရင်းပေးလာတာ မရှိသေးပါဘူး။ ကျနော်တို့ အကြမ်းဖျင်းချိတ်ဆက်ထားတာတော့ ဟိုဘက်မှာလည်း နေရာလေးတွေ ရှိသေးတဲ့အတွက်ကိုတော့ အဲကနေ မဆံ့တော့မှ ဒီဘက်ကို ဆက်သွယ်ဆောင်ရွက်မယ်ဆိုပြီး အကြမ်းဖျင်းပြောထားတာရှိပါတယ်။”  ဒီလိုလက်ခံတဲ့နေရာမှာ ၁၅၀၀၀ ဦးလို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ဦးရေကျော်သွားလို့ လက်မခံတာမျိုး၊ လက်ခံမယ့် အချိန်ကန့်သတ်တာမျိုး၊ တခြားတိုင်းဒေသကြီးက လာမယ့်သူတွေ ကန့်သတ်တာမျိုးတွေလည်း မလုပ်ထားဘူးလို့ ဆိုပါတယ်။ “ကန့်သတ်ထားတာမရှိပါဘူးဗျ၊ ကာလလည်း ကန့်သတ်ထားတာမရှိပါဘူး။ ဒီအင်အားတောင် ၁၅၀၀၀ နဲ့တောင် လျာထားတာဖြစ်တဲ့အတွက် အချိန်ကာလဆိုလည်း တောက်လျှောက် စီစဉ်ပေးလို့ရပါတယ်။ ကန့်သတ်ချက်မရှိပါဘူး။ အကူအညီတောင်းရင်တော့ တတိုင်းပြည်လုံး အကုန်လက်ခံပေးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် နေပြည်တော်ကောင်စီအနေနဲ့ မဟုတ်ဘဲနဲ့လည်း ကျနော်တို့ဆီ တိုက်ရိုက်ဆက်သွယ်လာရင်လည်း ဒီမှာလက်ခံပေးလို့ရပါတယ်ဗျ။ ကန့်သတ်ထားတာမရှိပါဘူး။ အများအတွက်လုပ်တာဆိုတော့ အကုန်လုံး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။”  စောင့်ကြည့်လူနာတွေကို တနေ့ သုံးကြိမ် ကျွေးမွေးသွားမှာဖြစ်ပြီး တခါသုံးပစ္စည်းတွေကိုပဲ အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ အသုံးပြုပြီး ပစ္စည်းတွေကိုလည်း စွန့်ပစ်ဖို့အတွက် စွန့်ပစ်မယ့်နေရာတွေကို စနစ်တကျစီစဉ်ထားတယ်လို့ ဆိုပါတယ်။ တပ်မတော်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာလည်း ဒီနေ့နက်ပိုင်းအထိ စောင့်ကြည့်လူနာ စုစုပေါင်း ၁၂၃ ဦးကို လက်ခံထားပြီးဖြစ်ပါတယ်။
1 year Ago

ဘားအံဆေးရုံကြီးတွင် COVID-19 စောင့်ကြည့်လူနာ ၂ ဦးထပ်မံရောက်ရှိ

ကရင်ပြည်နယ်၊ ဘားအံပြည်သူဆေးရုံကြီးမှာ မတ် ၃၀ ရက် နေ့လည်ပိုင်းက COVID-19 စောင့်ကြည့်လူနာ ၂ ဦးရောက်ရှိနေပြီး လူနာတွေရဲ့ဓာတ်ခွဲနမူနာရယူကာ ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ထားတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က ပြောပါတယ်။ စောင့်ကြည့်လူနာ ၂ ဦးဟာ ထိုင်းနိုင်ငံကနေ ပြန်‌လည်ဝင်ရောက်လာသူ တွေဖြစ်ပြီး သူတို့ကို သီးသန့်ထားရှိပါတယ်။ လက်ရှိ သူတို့ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး ဆေးရုံက လိုအပ်တဲ့စစ်ဆေးကုသမှုတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။ ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရမ်အောင်က “ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေ မနေ့က တက်တယ်။ ဘားအံမြို့နယ်ထဲကပဲ။ အဖြေကို မနေ့က ညကပို့ထားတယ်။ ဒီနေ့ အဖြေထွက်မယ်။ ရောဂါလက္ခဏာက နိုင်ငံခြားကပြန်လာတယ်။ ဖျားတယ်။”လို့ ပြောပါတယ်။ COVID-19 သတင်းအမှားတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက လွှင့်တဲ့ တရားဝင်သတင်းတွေကို စောင့်ကြည့်ပြီး ဆိုရှယ်မီဒီယာတွေက သတင်းတွေကို မယုံကြည်ဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့လိုတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ မတ် ၂၇ ရက်က ဘားအံပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ COVID-19 ရောဂါစောင့်ကြည့်လူနာ ၃ ဦးလုံးကတော့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ပြန်လည်ပေးပို့တဲ့ အဖြေတွေအရ COVID-19 ရောဂါ မတွေ့ရှိတဲ့အတွက် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ တာဝန်ရှိသူကပြောပါတယ်။ မြန်မာနိုင်ငံအတွင်းCOVID-19 ရောဂါ ကူးစက်ခံထားသူ ၁၀ ဦး တွေ့ရှိထားရာမှာ ၁ ဦးက ထိုင်းနိုင်ငံကနေ မြဝတီနယ်စပ်ကတဆင့် ပြည်တွင်းကို ပြန်ဝင်လာသူဖြစ်တယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်း- ရဲမင်းခေါင်
1 year Ago
More News
Up