
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အိမ်တွေမီးလောင်ပြီး ဒေသခံတွေထွက်ပြေးနေရတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတို့ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လေးမျက်နှာမြို့နယ်ထဲက လှော်ကထားကျေးရွာအုပ်စု၊ စောပြားကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၃ ရက်နဲ့ ၄ ရက် မနက် ၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲမရှိဘဲ လေကြောင်းနဲ့တိုက်ခိုက်နေတာ။ PDF တပ်တွေ ခြေကုပ်ယူထားတယ်ဆိုပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့တိုက်ခိုက်တာနေမှာ။ အိမ်တွေမနည်း မီးလောင်ကုန်တာ။ ဒေသခံတွေတော့ လောလောဆယ် ထိခိုက်တာ၊ သေတာမကြားမိသေး။ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ စောပြားကျေးရွာနဲ့ နောက်တရွာက ခန့်မှန်းအိမ်ခြေ ၈ လုံးထက်မနည်း ပျက်စီးသွားတယ်လို့သိရပြီး ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် ထိခိုက်သေဆုံးတာ နည်းနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ဒေသခံဝန်ထမ်းတယောက်က “လေးမျက်နှာဘက်မှာ လောလောဆယ် တိုက်ပွဲရှိတယ်လို့ မကြားသေးဘူး။ PDF တွေ၊ AA တွေတော့ ရွာတချို့မှာ ရှိနေတယ်လို့ သိရတယ်ပေါ့နော်။ လေးမျက်နှာဘက်ကို တပ်က စစ်ကားတွေနဲ့ အင်အားဖြည့်နေတယ်။ ငါးသိုင်းချောင်းဘက်မှာတော့ တိုက်ပွဲတွေရှိတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရေကြည်မြို့နယ်ထဲက ငသိုင်းချောင်း-ရေကြည်-ရေနံ့သာကားလမ်းနားမှာ လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ရေနံ့သာစစ်ဆေးရေးဂိတ်မှာလည်း လက်နက်ကြီးတွေတပ်ဆင် နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၁၅ ရက်ကနေ ဇွန် ၃၀ ရက်အထိ ၄၅ ရက်အတွင်း ဧရာဝတီတိုင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ၁၀ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AYA PDF အမှတ် ၂၉ ဗျူဟာရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။