DVB Logo
Home
ဆောင်းပါး
မဲဆောက် မုန်တိုင်း
DVB
·
July 3, 2025
မဲဆောက် မုန်တိုင်း
Donate to DVB

အဖမ်းခံရမှာ ကြောက်ပေမဲ့ ဗိုက်ဆာတာကိုလည်း ကြောက်ရတယ်လို့ သောကြာဈေးမှာ အတွေး တထိတ်ထိတ် ဖြစ်နေတဲ့ ဈေးသည်မလေးက ဆိုတယ်။

သောကြာဈေး ဆိုတာက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တပတ်မှာ တရက် သောကြာနေ့တိုင်း ဖွင့်တဲ့ဈေး။ ဈေးသည်စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော်က မြန်မာတွေ ဖြစ်သလို မဲဆောက်ဈေးထက်တောင် ဈေးသက်သာတာကြောင့် ဈေးဝယ်သူအားလုံးလိုလိုကလည်း မြန်မာတွေချည်း။

ဇွန် ၁၈ ရက်ကစလို့ မဲဆောက်တခွင် ဈေးရောင်းနေတဲ့ မြန်မာတွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေတာကြောင့် ဈေးသည်ရော ဈေးဝယ်တွေပါ မြန်မာမှန်ရင် တထိတ်ထိတ်ဖြစ်ရ။ အဖမ်းအဆီး ကြမ်းနေတဲ့ ဇွန် ၂၀ ရက်၊ သောကြာနေ့မှာ မိုးပြင်းတဲ့နေ့ကလွဲလို့ စည်ကားလှတဲ့ သောကြာဈေးဟာ ဈေးသည်ရော ဈေးဝယ်ပါ အနည်းငယ်။

“ဒီနေ့ကတော့ မိုးလည်းရွာနေတာနဲ့ လာမဖမ်းလောက်ဘူးလို့ တွက်ပြီး စွန့်စားရတာပဲ” လို့ အဖမ်းကြမ်းနေသေးတဲ့ ဒုတိယတပတ် သောကြာ၊ ဇွန် ၂၇ ရက်မှာ ဈေးသည်မလေးက ပြောတယ်။

သောကြာဈေးမှာ ဈေးသည်တွေ ဈေးရောင်းကောင်းကြပေမဲ့ တပတ်မှာ ဒီတရက်သာ ရောင်းနိုင်တာကြောင့် တလတာ ဝင်ငွေရရှိမှုက ၄ ရက်တာ။ ဒါ့ကြောင့် ဈေးရောင်းခွင့်ရ သောကြာတရက် ပျက်ခဲ့ရင် ဝင်ငွေက သိသိသာသာ လျော့သွားနိုင်တာမို့ ညောင်သီးလည်းစား လေးသံလည်း နားထောင်ကာ ဖွင့်ရ။ အဖမ်းခံရရင်လည်း ငွေနဲ့ရှင်းနိုင်ရင်ရှင်း၊ မရှင်းနိုင်ရင် ထောင်ထဲဝင်။

ထိုင်းအာဏာပိုင်တွေ အဓိက ပစ်မှတ်ထား ဖမ်းနေတဲ့ မဲဆောက်ဈေးမှာလည်း ဇွန် ၁၉ ရက်ကစလို့ ရုပ်ပျက်ဆင်းပျက် ဆိုင်ခန်းတွေ တော်တော်တောင် ပိတ်လို့။ ထိုင်းစစ်တပ်၊ လဝက၊ ရဲ စတဲ့ အဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေက လူအုပ်ကြီးထဲ ကျားတကောင် ရုတ်တရက် ခုန်ချလာသလိုမျိုးမို့ ဇွန် ၁၈ ရက်ကတည်းက ပြေးကြ လွှားကြ၊ ဆိုင်တွေ အမြန်ပိတ်ကြနဲ့ ရုတ်ရုတ်သဲသဲ။

ပထမ ဇွန် ၆ ရက်ကစလို့ E-bike တွေကို ဖမ်း၊ အဲဒီနောက် မြန်မာတွေက စန်ပလောလို့ခေါ်တဲ့ ဘေးတွဲနဲ့ နောက်တွဲ သုံးဘီးဆိုင်ကယ်တွေကို လူရော ဆိုင်ကယ်ပါ ဖမ်း။ ပြီးတော့ တဆက်တည်းဆိုသလို မဲဆောက်ဈေးထဲက ဆိုင်တွေထဲ စစ်ဆေးဖမ်းဆီးမှုတွေရော မြန်မာတွေနေတဲ့ တန်းလျားတချို့ထဲ ဝင်စစ်တာတွေပါ လုပ်ဆောင်တာကြောင့် ဒီတခေါက် စစ်ဆင်ရေးက မဲဆောက်ရာဇဝင်မှာ အဆိုးဆုံးပဲလို့ မဲဆောက်ဘိုးအေတွေတောင် ပါးစပ်အဟောင်းသားနဲ့ မှတ်ချက်ပြုရတဲ့အထိ။

မဲဆောက်ဈေးထဲမှာက ဈေးရောင်းတဲ့ မြန်မာ သိပ်များတယ်။ အများအားဖြင့် ဆိုင်ဝန်ထမ်း။ ဆိုင်တချို့ကလည်း ထိုင်းနိုင်ငံသားတဦးဦး နာမည်ခံကာ မြန်မာတွေပိုင်တဲ့ပုံ။ ၂၀၂၁ ခုနှစ်၊ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ပြီး မကြာ၊ တရကြမ်းဝင်လာတဲ့ မြန်မာတွေက ဒီနေ့ထိတိုင် မရပ်မနား။ The Diplomat သတင်းဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်က မဲဆောက်မှာ မြန်မာတွေ ၂ သိန်းခွဲဝန်းကျင် ရှိတယ်လို့ ဆိုတယ်။

မြန်မာတွေ များလာတာနဲ့အမျှ သဘာဝကျစွာပင် ၂၀၂၁ ခုနှစ် ဟိုဘက်နဲ့ ဘာမှမဆိုင်၊ ဈေးဆိုင်တွေလည်း များလာကြောင်း အနေကြာ မဲဆောက်ကျွမ်းကျင်သူတွေက ဆိုကြတယ်။ မဲဆောက်ဈေးထဲ ဈေးဝယ်မြန်မာတွေ နင်းကန်များလာတာနဲ့အမျှ ဆက်သွယ်ပြောဆိုမှု အဆင်ပြေရေးအတွက် မြန်မာအရောင်းဝန်ထမ်းတွေကို အဓိက ခန့်ကြတယ်။ မဲဆောက်ဝန်းကျင် စက်ရုံကြီးတွေနဲ့ ဈေးဝယ်စင်တာကြီးတွေမှာ တရားဝင် မြန်မာလုပ်သားတဦးကို လတ်တလော ပေးချေရတဲ့ငွေက တရက် ၃၇၄ ဘတ်။ မဲဆောက်ဈေးထဲ မြန်မာအရောင်းဝန်ထမ်းတွေရဲ့ တရက်လုပ်ခက ကိုယ့်ထမင်းကိုယ်စား ဘတ် ၂၀၀ ထက်မပို။ မြန်မာတွေနေရာမှာ ထိုင်းနိုင်ငံသားတွေ ခန့်မယ်ဆို တရက်လုပ်ခ ဘတ် ၅၀၀ ကျော်၊ ၆၀၀ လောက် ပေးရမှာ သေချာ။

ဒါ့ကြောင့် မဲဆောက်ဈေးထဲက ထိုင်းဆိုင်တွေရော မြန်မာဆိုင်တွေ မြန်မာတွေကိုသာ ခန့်ကြတယ်။ ခန့်ထားတဲ့ မြန်မာ ခပ်များများကလည်း တရားဝင် အရောင်းဝန်ထမ်းလုပ်ခွင့် အထောက်အထား အပြည့်အစုံ မရှိတာကြောင့် ထိုင်းအာဏာပိုင်တွေ မုန်တိုင်းထန်ရင် တိမ်းရရှောင်ရ၊ တည့်တည့်တိုးတော့ အဖမ်းခံကြရ။ မဲဆောက်ဈေးထဲ မုန်တိုင်းထန်နေတဲ့ကာလ ဆိုင်မလာကြနဲ့ဦး ဆိုတော့ လုပ်ခမရ၊ သက်ပြင်းတွေ ခွေခွေလေးချလို့။

မဲဆောက်ဈေးထဲမှာ ခေါင်းရွက်ဗျပ်ထိုး မြန်မာမုန့်သည်တွေလည်း သိပ်များတယ်။ တွန်းလှည်းလေး နဲ့ မုန့်ဟင်းခါးသည်၊ အသုတ်သည်။ ညနေဘက်ဆိုရင်လည်း တထုပ်မှ ၁၀ ဘတ်တည်း ပဲကုလားဟင်းသည်၊ မြေပဲ၊ လက်ဖက်၊ ငနီတူခြောက် ရောသမမွှေ တဘူး ဘတ် ၂၀၊ စတဲ့ မြန်မာတို့အကြိုက် အသည်ပေါင်းစုံကလည်း နိုင်ငံခြားသား ဈေးမရောင်းရ ဥပဒေအရ တရားမဝင်တာကြောင့် ပြေးကြ လွှားကြ။ ဈေးမထွက်ခြင်းနည်းနဲ့ ကိုယ့်ဘဝကိုယ် ခဏ ခုခံကာကွယ်ကြရ။

အဖမ်းအဆီးကာလ လေး ငါးရက်လည်း ကြာရော မိသားစုအစာအိမ်ရဲ့ တောင်းဆိုမှုအရ ကြောက်ကြောက်နဲ့ ဈေးထွက်ရတော့တယ်။ သူတို့မှမဟုတ်၊ မဲဆောက်ဈေးထဲက ဈေးဆိုင်အသီးသီးတို့သည်လည်း မနက်စောစောထ ရောင်းလို့ရသလောက် ရောင်းပြီး ဆိုင်ပြန်ပိတ်လိုက်ကြ။ အတင့်ရဲသူတချို့ကျတော့ ထိုင်းအာဏာပိုင်တွေ လာပြီဆိုတဲ့ အသံကြားတာနဲ့ ဆိုင်ချက်ချင်းပိတ်လိုက်နိုင်အောင် ကြိုတင်ပြင်ဆင်ထားကြ။

“တချို့ဆိုင်တွေဆို တောမောင်း(ထိုင်းလဝက) အသံကြားတာနဲ့ ဆိုင်အမြန်ပိတ်နိုင်ဖို့ ဘယ်သူက ဘာလုပ်ဆိုပြီး ကြိုဇာတ်တိုက်ထားကြတယ်” လို့ မဲဆောက်ဈေးမှာ အလုပ်လုပ်နေသူတဦးက ဆိုတယ်။

မဲဆောက်ဈေးတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ မဲဆောက်မြို့တွင်းတင်မက အစွန်အဖျား ဆင်ခြေဖုံးရပ်ကွက်ထဲက တရားဝင်ဖွင့်ခွင့်မရှိတဲ့ ဆိုင်တွေအကုန်လုံးလည်း အဲဒီလိုပဲ။ အဓိကပစ်မှတ်က မဲဆောက်ဈေး ဆိုပေမဲ့ ရပ်ကွက်တွေထဲလည်း ထိုင်းအာဏာပိုင်တွေ အလစ်အငိုက်မှာ ရောက်ချလာတာကြောင့် အကုန်သွေးပျက်ကြရ။

မြန်မာတန်းလျားတွေထဲ စန်ပလောနဲ့ ရေသန့် လှည့်ရောင်းနေသူတွေလည်း အလုပ်နားထားတာကြောင့် တန်းလျားထဲက မြန်မာတွေ ရေငတ်ကြ၊ တိုင်ပတ်ကြ။

မနက်စောစော မြန်မာတန်းလျားတွေဆီ လှည့်လည်မုန့်ရောင်းနေတဲ့ CDM ဆရာမကိုတော့ စက်ဘီးနဲ့ လှည့်ရောင်းနေတာ တွေ့လိုက်ရတယ်။ အရင်က E-bike နဲ့ ခရီးတွင်တဲ့ မုန့်သည်၊ E-bike တွေ အပိတ်ခံရပြီးနောက် ဆိုင်ကယ်လည်း မဝယ်နိုင်သေးတာကြောင့် စက်ဘီးတစီးနဲ့ မနက်စောစောစီးစီး ချွေးဒီးဒီး။ သူသည်လည်း သုံးလေးရက်သာ နားလိုက်ပြီး ဝမ်းရေးအတွက် ကြောက်ကြောက်နဲ့ ပြန်ထွက်ရတာပဲ။

ကိုယ်လည်းပဲ တန်းလျားနားမှာ ဈေးဝယ်တာထက် ၁၀ ဘတ်လောက် သက်သာနိုင်တဲ့ သောကြာဈေးဆီ တပတ်နွမ်းစက်ဘီးလေးစီးကာ ကြောက်ကြောက်နဲ့ လာမိတာပဲ မဟုတ်လား။

မဲဆောက်မှာ မြန်မာတွေ ကြောက်နေရတယ်။ မဲဆောက်ဟာ အုတ်တံတိုင်းပတ်လည် မခတ်ထားတာကလွဲ ထောင်နဲ့တူလာတယ်။ ဒီပုံအတိုင်းဆို သိပ်မကြာခင် မဲဆောက်မြို့ရဲ့ လမ်းမတွေပေါ် စက်ဘီးမစီးရ ကန့်သတ်ချက်လည်း ထွက်လာနိုင်တာပဲ မဟုတ်လား။

နာဇီတွေအုပ်စိုးခဲ့စဉ်က တဆင့်နိမ့်လူသား ဂျူးတွေရဲ့အကြောင်း ပြန်ပြောင်း သတိရမိတယ်။ တရားမဝင် မြန်မာတွေရဲ့ဘဝ လည်စင်းခံကြရ။

ထွန်းလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013