DVB Logo
Home
ဆောင်းပါး
ဒီသင်္ကြန် ဆက်တော်လှန်
DVB
·
April 6, 2026
ဒီသင်္ကြန် ဆက်တော်လှန်
Donate to DVB

ဒီနွေဦးမှာ တူးပို့သီချင်းသံတွေ ဝဲလွင့်လာတော့လည်း လောင်မြိုက်နေတဲ့ အပူရောင်နေ့တွေကို မေ့ကာ အိမ်အပြန်လမ်းဆီ နင့်နေအောင် ငေးမိပြန်တယ်။

တချိန်တုန်းက ဒီအချိန်ဆိုတာ ရွှေ့ပြောင်း ရန်ကုန်ကနေ ဇာတိမြေဆီ အရောက်ပြန်ဖို့ တဒိတ်ဒိတ် ခုန်နေတဲ့ သွေးခုန်နှုန်းတွေနဲ့ ခတ်ကွင်းပြင်မြဲ။ နိုင်ငံရပ်ခြားတွေ ဘာတွေ ခေတ္တရောက်နေတဲ့ အချိန်ကလွဲ နှစ်ပေါင်း ၃၀ ကျော်ကြာ သင်္ကြန်ဆို ကိုယ့်မြေကိုယ့်ရေ မွန်တို့ဌာနေဆီ မပြန်ရမနေနိုင် ပြန်ဖြစ်မြဲဆိုပေမဲ့ ဘယ်အချိန်ပြန်ပြန် ရင်ခုန်သံတို့သည် တဆတ်ဆတ်ခါ မြန်မြဲ။

ကိုယ်က ငေးငေးနဲ့ အေးဆေး ရောက်တတ်ရာရာ တွေးနိုင်တဲ့ ရထားရဲ့ အရသာကို သိပ်ကြိုက်တာကြောင့် ဟိုး…ငယ်ဘဝ ၁၉၈၈ ဒီဘက်ကတည်းက ရထားထိုင်ခုံလက်မှတ် ရရှိရေးအတွက် ရန်ကုန်ဘူတာကြီးက ရထားလက်မှတ်ရုံမှာ ညကတည်းက သွားတန်းစီ။ ငိုက်လိုက် ထလိုက် လမ်းလျှောက်လိုက်နဲ့ တညတာ ငရဲမှာ ကြိတ်မှိတ်။ မနက်ခင်း ထိုင်ခုံလက်မှတ်တနေရာ ရခဲ့တယ်ဆိုရင်ပဲ ပျော်လိုက်တာမှ အလွန်။

အခုတော့ မော်လမြိုင်တဖက်ကမ်းက ဇာတိမြေ ဘီလူးကျွန်းဆီ မပြန်နိုင်ခဲ့တာ ကိုဗစ်တွေ ဘာတွေ ကမ္ဘာပတ်မွှေခဲ့တဲ့ ၂၀၂၀ မတိုင်ခင်ကတည်းကစလို့။ ၂၀၂၁ ခုနှစ်ရောက်တော့ အာဏာရူး အကြမ်းဖက်စစ်ဘီလူးတို့ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲကြောင့် တတိုင်းပြည်လုံး ဗြောင်းဆန် ကြေမွ။ ကိုယ်သည်လည်း ပြည်ပြေးဘဝနဲ့ သင်္ကြန်ဆို ဆတ်ဆတ်ခါ အိမ်လွမ်းဝေဒနာ။

အယားပြေ အဆာပြေ ကိုယ့်သူငယ်ချင်းတွေ အိမ်ပြန်ဖြစ်ခဲ့ရင် မုဒိတာပွားရအောင်ဆိုပြီး ရန်ကုန်မှာ အထိုင်ကျနေတဲ့ သူငယ်ချင်းတယောက်ဆီ လှမ်းဆက်မေးကြည့်တော့ ဘယ်ပြန်နိုင်မလဲ သူငယ်ချင်းရယ်လို့ လေသံဖျော့ဖျော့နဲ့ ဆိုတယ်။

အာဏာသိမ်းပြီးကတည်းက မိသားစုဘဝ လဲကျမသွားအောင် မနည်းကျားကန်ထားရတဲ့ သူငယ်ချင်း အများနည်းတူ သူသည်လည်း သက်ပြင်းတွေ လေးလေးတွဲ့တွဲ့။ အသက် ၅၀ ကျော်အရွယ် ခေါင်းမွေးတွေလည်း ဖြူနေပြီမို့ လမ်းခရီးမှာ ပေါ်တာအဆွဲမခံရလောက်ဘူးလို့ ထင်ပေမဲ့ စက်သုံးဆီပြဿနာ ခေါင်ခိုက် ရှားပါးနေတာကြောင့် အဝေးပြေးယာဉ်စီးခက ၂ ဆမက ၃ ဆ။ ခရီးသွားမဲ့သူတွေ ရထားမှာပဲ ပြုံတိုးကြမှာမို့ ရထားထိုင်ခုံလက်မှတ်ရဖို့ ဆိုတာလည်း မလွယ်။

“ပြန်ရင်ကောင်းမလားလို့ တွေးကြည့်ပြီး ဒီနေ့(ဧပြီ ၄ ရက်) ပဲ မော်လမြိုင်ကားလက်မှတ် မေးကြည့်တာ အခုထိ ကြိုတင်လက်မှတ်မရှိဘူး။ ဈေးနှုန်းမေးတော့လည်း မပြောဘူး။ ၉ ရက်၊ ၁၀ ရက်လောက်မှ လာခဲ့ပဲ ပြောတယ်” လို့ သူငယ်ချင်းက ဆိုတယ်။

အဓိကပြဿနာက စက်သုံးဆီ။ တောက်လျှောက်ဆိုသလို အတက်ချည်း၊ ပြီးတော့ လိုသလောက် ဝယ်မရ။ ဒါ့ကြောင့်လည်း ဒီနေ့နဲ့ မနက်ဖြန်တောင် ကားလက်မှတ်ခဈေး မတူနိုင်၊ မိုးထိ ထောင်တက်မယ် ဆိုတာချည်း။

မော်လမြိုင်သား သင်္ဘောသားလူငယ် ၃၇ နှစ်အရွယ်ကတော့ ဇာတိပြန်ဖို့ရာ ငွေတတ်နိုင်ပေမဲ့ ပေါ်တာနဲ့ တည့်တည့်တိုးရင် ဘဝပျက်သွားနိုင်တာကြောင့် မပြန်ရဲဘူးလို့ ဆိုတယ်။

“ကားရှိတယ်။ ဆီမရှိဘူး။ သင်္ဘောကနေ ဆင်းလာပြီးကတည်းက ဆီတန်းစီနေရတာနဲ့ အချိန်ကုန်နေတယ်။ လိုင်းကားနဲ့ သွားဖို့ကျတော့ ဘာမဆို ဖြစ်သွားနိုင်တယ်။ ပေါ်တာဆွဲရင် သိန်း ၁၀၀ လောက်ပေးမှ ပြန်လွတ်မယ်။ ကိုယ့်ဇာတိ ကိုယ်ပြန်ချင်တယ်။ မပြန်ရဲဘူး” လို့ သူကဆိုတယ်။

သူက နိုင်ငံခြားသင်္ဘောသားမို့ တရားဝင် နိုင်ငံခြားသင်္ဘောပေါ်တက်ကာ အလုပ်လုပ်ခွင့်ရှိပြီး ဝင်ငွေလည်း အထိုက်အလျောက်ကောင်းပေမဲ့ ပေါ်တာဆိုတာကို ရန်ကုန်မြို့ပေါ် သွားရင်းလာရင်းနဲ့တောင် သတိကြီးကြီးထားရ။ သင်္ကြန် အိမ်ပြန်တဲ့သူတွေကို ပေါ်တာမဆွဲပါဘူးလို့ မင်းအောင်လှိုင် ကိုယ်တိုင် ကတိပြုခဲ့ရင်တောင် မင်းအောင်လှိုင် ပါးစပ်မို့ မယုံကြည်နိုင်ဘူးလို့ သူက ပြောတယ်။

“ပေါ်တာဆွဲရင် ကျနော် ၃၇ နှစ်ပါဆိုပြီး မှတ်ပုံတင်ထုတ်ပြလို့ ရတာမဟုတ်ဘူး” လို့ သူက ဆက်ပြောတယ်။

သူလို လူလတ်ပိုင်းအရွယ် မပြောနဲ့။ ၂၀၂၅ ခုနှစ်တုန်းက သူ့ဦးလေး ၅၀ ကျော်အရွယ် လူပျိုကြီးပင် ဆိုင်ကယ်ကြီးတကားကားနဲ့ ကျိုက်ထီးရိုးဘုရားကအပြန် စစ်တောင်းတံတားဂိတ်မှာ အချိန်အနည်းငယ်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာဆိုတော့…။ အဲဒီကတည်းက ဆိုင်ကယ်တစီးနဲ့ လွင့်ရတာ ဝါသနာပါတဲ့ သူ့ဦးလေးလည်း ၅၀ ကျော်ပေမဲ့ ဘာမဆိုဖြစ်သွားနိုင်ကြောင်း လက်တွေ့ကျကျ သဘောပေါက်သွားတာမို့ ခြေငြိမ်။

“သင်္ကြန်ဆို ဇာတိပြန်တဲ့ ဦးလေးတောင် အခု ငြိမ်နေတယ်” လို့ သူက ပြောတယ်။

အသက် ၅၀ ကျော်လည်း ငြိမ်၊ လူလတ်ပိုင်းတွေလည်း ဘဝနဲ့ခန္ဓာ အိုးစားမကွဲချင်တာကြောင့် ငြိမ်သက်။ လူငယ်လေးတွေဆို တချို့က တောတောင်လျှိုမြောင်တွေထဲ ယုံကြည်ချက်သေနတ်ကို တင်းတင်းဆုပ်ကိုင်ကာ PDF၊ တချို့က ထောင်သွင်းအကျဉ်းချခံထားရ၊ တချို့ကျပြန်တော့ အဓမ္မ စစ်မှုထမ်း ဥပဒေဆိုးက အိမ်တံခါးကို ခပ်ပြင်းပြင်း လာပုတ်နေတာမို့ ရေခြားမြေခြား နိုင်ငံရပ်ခြားတခုခုမှာ အိမ်ပြန်စရာလမ်းမဲ့။

ငွေတပြားမှမကုန်တဲ့ ဘုရားပွဲသင်္ကြန်အဖြစ် ထင်ရှားပြီး ကျနော်တို့ အဝေးရောက်ဇာတိသားတွေ အရူးအမူး ပြန်ရောက်လာတတ်တဲ့ ဘီလူးကျွန်းသင်္ကြန်ဆိုရင်လည်း လူငယ်တွေမရှိတော့တဲ့ သင်္ကြန်အဖြစ် ၂၀၂၅ ကစတင်ကာ ခြောက်ကပ်လို့။

အဓမ္မစစ်မှုထမ်းဥပဒေ စတင်တဲ့ ၂၀၂၄ ဧပြီကစလို့ ရရာ ပွင့်ရာ လမ်းကြောင်းအသွယ်သွယ်ကနေ နိုင်ငံခြားတိုင်းပြည်တွေဆီ ဖြစ်ချင်ရာဖြစ် ထွက်ခွာသွားကြတာ မြို့တွေ ရွာတွေမှာ လူငယ်တွေ ကုန်သလောက်နီး။ များသောအားဖြင့် ထိုင်းနိုင်ငံထဲကို အောက်လမ်းကနေ ခိုးဝင်ခဲ့ကြတယ်။ ထိုင်းနိုင်ငံထဲ ရောက်ရှိပြီးမှ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကတ် လုပ်လိုက်ကြတာမို့ သင်္ကြန်ကာလ အိမ်ပြန်မယ်ဆို ထိုင်းကနေ တရားဝင် ပြန်လို့ရကြပေမဲ့ စစ်ဓားပြတွေ တန်းစီစောင့်နေတဲ့လမ်းမှာ ဘယ်သူက ကံကိုပုံကာ ပြန်ဝံ့ပါ့မလဲ။

ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ သထုံမြို့သား လူငယ်လေးတဦးက “မြဝတီကနေ သထုံပြန်တဲ့လမ်းမှာ အဖမ်းမခံရရင်တောင် ငွေညှစ်ခံရမှာ သေချာတယ်။ ရွာပြန်ရောက်ရင်လည်း စစ်မှုထမ်းအကြောင်းပြပြီး ငွေလာညှစ်နိုင်သေးတယ်။ ပြီးတော့ သင်္ကြန်ပြီးလို့ ထိုင်းကိုပြန်ရင်ရော ထိုင်းပြန်ရောက်မယ်လို့ ဘယ်သူမှ အာမ မခံနိုင်ဘူး” လို့ ဆိုတယ်။

ပြီးတော့ ထိုင်းကနေ ပြန်လာတဲ့သူမှန်း သိရင် စစ်မှုထမ်းသက် ဟိုဘက်ရောက်နေလည်း လမ်းခရီးမှာ အကြီးအကျယ် ငွေညှစ်။ ပြီးခဲ့တဲ့မတ်လထဲမှာပဲ ရှင်ပြုနားသမင်္ဂလာအတွက် ထိုင်းကနေ ခေတ္တပြန်လာတဲ့ အသက် ၄၀ ကျော်တယောက် မြဝတီကနေ ဘီလူးကျွန်းရောက်ဖို့ လမ်းဂိတ်တွေမှာ ကျပ် ၆ သိန်းကျော် ပေးခဲ့ရတယ်လို့ ဘီလူးကျွန်းသား ညီငယ်တဦးက ပြောပြတယ်။

ထိုင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ထောင်ကျတဲ့သူတွေကို ကော့သောင်းဘက်ကမ်း ပြန်ပို့တော့ အရွယ်ကောင်းတဲ့ အမျိုးသားတွေမှန်သမျှ ကိုယ့်ဘဝကိုယ် ငွေနဲ့ပြန်မရွေးနိုင်ရင် စစ်မှုထမ်းထဲ တန်းခနဲ။

“ကျနော်တို့ မိဘတွေကိုယ်တိုင်က ပြန်မလာခိုင်းဘူး။ ကျနော်တို့လည်း မပြန်ရဲတော့ ကြိတ်မှိတ် နေနေရတာပဲ” လို့ စစ်မှုထမ်းရှောင်လာတဲ့ ဘီလူးကျွန်းသား လူငယ်လေးက ပြောတယ်။

ကျနော်တို့ ဘီလူးကျွန်းသားတွေ ထိုင်းမှာ အလုပ်သွားလုပ်ကြတာ ၁၉၉၅ ခုနှစ်ဝန်းကျင်ကတည်းက အများအပြား။ NLD အစိုးရလက်ထက် ထိုင်းသို့ထွက်ခွာ အတန်အသင့် လျော့ကျသွားပေမဲ့ ၂၀၂၁ မှာ ဝရုန်းသုန်းကား ပြန်လည်မြင့်တက်။ သင်္ကြန်နားနီး ဧပြီရောက်ပြီဆို မပြန်ရ မနေနိုင်တဲ့ ကျွန်းသားတွေ အလုံးအရင်းနဲ့ အိမ်ပြန်လာကြတာ တမြို့လုံး ကျွတ်ကျွတ်ဆူ အုံးအုံးထ။

ဘီလူးကျွန်းကနေ ဘယ်မှမခွာတဲ့ ညီငယ်တယောက်က “မနှစ်ကလည်း ပြန်မလာကြတာမှ တကျွန်းလုံး ခြောက်ကပ်နေရော။ ဒီနှစ် ပြန်လာလည်း သက်ကြီးပိုင်း နည်းနည်းပဲ။ လူငယ်တွေတော့ ဘဝပျက်ခံပြီး ပြန်လာစရာမရှိဘူး” လို့ ဆိုတယ်။

သိပ်မကြာသေးတဲ့ တချိန်က နိုင်ငံခြားထွက် အလုပ်လုပ်တယ်ဆိုတာ ငွေထွက်ရှာကြတာလို့ ယေဘုယျ ဖွင့်ဆိုနိုင်ပေမဲ့ အခုလူငယ်တွေ နိုင်ငံခြားထွက်တာကျတော့ နွေဦးတော်လှန်ရေး မပြီးမချင်း အိမ်ပြန်စရာမရှိတဲ့ခရီး။

မြန်မာ့အစဉ်အလာ သင်္ကြန်ဆိုတာ အဝေးရောက်သားတွေ ဇာတိပြန်ကာ မိသားစုနဲ့ ဆွေမျိုးတွေ ဆုံစည်းပျော်ရွှင်ကြတဲ့ ပွဲတော်ရက် ဆိုပေမဲ့ စစ်ရူးဘီလူးတွေကြောင့် ပုလဲသီ တကွဲစီ ကျိုးပျက်။ တိုင်းပြည်နဲ့ချီ ပျက်နေသေးတာ သင်္ကြန်ပျက်တော့လည်း ဘာအရေးလဲလို့ ကြံဖန် ဖြေသိမ့်ရတာပဲ။

ဒီစစ်အာဏာရှင်တွေကို မြေမလှန်နိုင်မချင်း အရာအားလုံးဟာ တစစီ ပျက်ယွင်းနေဦးမှာပဲ။ ကျနော်တို့ ဘယ်လိုအကြောင်းနဲ့မှ လက်သီးဆုပ် မဖြည်မိကြဖို့ လိုတယ်။ သေနတ်ကိုင်နိုင်သူက သေနတ်ကိုင်၊ ငွေရှာနိုင်သူက တော်လှန်ရန်ပုံငွေဖြည့်၊ ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ မမေ့ကြေး။

အိမ်ပြန်နိုင်တဲ့ သင်္ကြန်ကို ရောက်ဖို့ ကျနော်တို့ ရွေးချယ်စရာ တခြားမရှိ။ အာဏာရှင်တွေကို မြေလှန်ပစ်နိုင်ရမယ်။ ကျနော်တို့  ဆက်တော်လှန်ကြစို့ရဲ့။

ထွန်းလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013