
မြေယာ၊ ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေး
ကျော်ကြားလှတဲ့ ဒီကြွေးကြော်သံက ၁၉၁၇ ရုရှားဘော်ရှီဗစ် တော်လှန်ရေးအောင်ပွဲမှာ အရေးပါခဲ့ပါတယ်။ ပထမကမ္ဘာစစ်ထဲ နစ်မြုပ်နေတဲ့ ပဒေသရာဇ်ရုရှားမှာ မြို့ပေါ်က အလုပ်သမားတွေအတွက် အစားအစာ ရှားပါးသလို လူဦးရေအများစုဖြစ်တဲ့ ကျေးလက်တောင်သူတွေ အတွက်လည်း မြေယာက သေရေးရှင်ရေးကိစ္စ ဖြစ်နေခဲ့တာပါ။ ဒီအခြေအနေမှာပဲ မြေယာစီးပွား ပြုပြင်ပြောင်းလဲရေးကို ထပ်ဟပ်တဲ့ မြေယာ၊ အစားအသောက် လုံခြုံရေးကို ထပ်ဟပ်တဲ့ ပေါင်မုန့်နဲ့ စစ်ပွဲအဆုံးသတ်ရေးကို ရည်ညွှန်းတဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးသုံးလုံးက လူထုရဲ့ နေ့စဥ်ဘဝ ဝေဒနာနဲ့ တော်လှန်ရေးရဲ့ စနစ်ပြောင်းလဲရေး ရည်မှန်းချက်ကို တိုက်ရိုက် ချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ နွေဦးတော်လှန်ရေးကတော့ ဆယ်စုနှစ်တစာ ဒီမိုကရေစီအပြောင်းအလဲကို နောက်ပြန်လှန်လိုက်တဲ့ စစ်အာဏာသိမ်းမှုဆိုတဲ့ နိုင်ငံရေးရှော့ခ်ကနေ ရုတ်တရက် ပေါ်ပေါက်လာခဲ့တာပါ။ ဒါကြောင့် ဒီတော်လှန်ရေးမှာ လူထုရဲ့ နေ့စဥ်စားဝတ်နေရေးနဲ့ ထင်ဟပ်တဲ့ ကိစ္စတွေ သိပ်မပါခဲ့ဘဲ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးဆိုတဲ့ စနစ်တခုလုံးဆိုင်ရာ ဇာတ်ကြောင်းတွေကပဲ နိုင်ငံရေးစကားဝိုင်းကို လွှမ်းမိုးထားခဲ့ပါတယ်။
စစ်တပ်ရဲ့ မတရားမှုက သိသာလွန်းပြီး သွေးပူနေတဲ့အချိန်မှာတော့ ဒီလို စနစ်တခုလုံးနဲ့ဆိုင်တဲ့ ဇာတ်ကြောင်းက လူထုအများအပြားကို တော်လှန်ရေးထဲ ပါဝင်လာအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ငါးနှစ်ကျော်ကြာပြီး တော်လှန်ရေး သောင်မတင်ရေမကျ ဖြစ်လာချိန်မှာတော့ ဒီလို စနစ်ဆိုင်ရာ ဇာတ်ကြောင်းရဲ့ အားက ပျော့လာခဲ့ပါပြီ။ ဒါ့ကြောင့် လူထုရဲ့ နေ့စဥ်ဘဝနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ မြင်သာတဲ့ ကိစ္စတခုနဲ့ ဒီအားပျော့နေမှုကို ပြန်ဖြည့်ဖို့ လိုအပ်တာပါ။ ဒီလို အားဖြည့်ပေးနိုင်မဲ့ အရေးကိစ္စတွေထဲက တခုကတော့ မြေယာအရေးပဲ ဖြစ်ပါတယ်။
တော်လှန်ရေးမှာ မြေယာအရေးက ဘာလို့ အရေးကြီးတာလဲ
စစ်ယန္တရားကြောင့် လူထုရဲ့ ကိုယ်စိတ်နှစ်ပါးကို နေ့ညမပြတ် ဖိစီးနေတဲ့ တခြားသော အရေးကိစ္စတွေ အများကြီး ရှိပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲတာ၊ စီးပွားရေး အလုပ်အကိုင် မကောင်းဘဲ ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာတာနဲ့ နေ့စဉ်ရက်ဆက်ရှိနေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ဆင်းရဲသားပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေ တထွေကြီး ရှိနေတာပါ။ ဒါပေမဲ့ ဒီအရာတွေက တော်လှန်ရေး အင်အားစုတွေ လက်ငင်းကိုင်တွယ် ဖြေရှင်းဖို့ အကန့်အသတ်တွေ အများကြီးရှိတဲ့ နယ်ပယ်ထဲကို ရောက်နေတာ ဖြစ်ပါတယ်။ မြေယာကိစ္စကတော့ ဒီလိုမဟုတ်ဘဲ တော်လှန်ရေး အင်အားစုတွေရဲ့ လုပ်ပိုင်ခွင့် နယ်ပယ်ထဲမှာ ရှိနေတာပါ။ ဒီလိုပြောလို့ ဆောင်ရွက်ဖို့ လွယ်ကူတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ နယ်ပယ်ထဲ ရှိနေတယ် ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။
မြေယာက လူထုရဲ့ နေ့စဉ်ဘဝကို ကောင်းကောင်း ထင်ဟပ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးရရှိနိုင်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေအများအပြားဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး အလုပ်လုပ်ကိုင်သူတွေရဲ့ ၄၅ ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေးကဏ္ဍနဲ့ ဆက်နွှယ်နေတာပါ။ နောက်ပြီး မြေယာက ကျေးလက်လူထုအတွက် စားနပ်ရိက္ခာ ထုတ်လုပ်ရာ အခြေခံအရင်းအမြစ် တခုတင် မကပါဘူး။ ကျေးလက်ပြည်သူရဲ့ အဓိက ဝင်ငွေရင်းမြစ်နဲ့ ဆက်နွှယ်နေသလို အရေးပေါ်အချိန်မှာ ချေးငွေယူနိုင်တဲ့ အာမခံပစ္စည်း၊ သားစဉ်မြေးဆက် လွှဲပြောင်းပေးနိုင်တဲ့ အမွေဥစ္စာလည်း ဖြစ်ပါတယ်။
ဒါတင်မကဘဲ လူမှုဖူလုံရေး အကူအညီတွေ ကောင်းကောင်းမရှိတဲ့ ကျေးလက်ဒေသတွေမှာ တစုံတယောက် ရုတ်တရက် ဖျားနာသွားတာ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်း ပျက်စီးသွားတဲ့ အခါမျိုးတွေမှာ မြေယာက နောက်ဆုံးမှီခိုစရာပဲ ဖြစ်နေတတ်တာပါ။ မြေကို ရောင်းချ၊ ပေါင်နှံ၊ ဒါမှမဟုတ် ငှားရမ်းပြီး ရလာတဲ့ငွေနဲ့ပဲ ဘဝရဲ့ အဆိုးရွားဆုံး အချိန်တွေကို ကျော်ဖြတ်ကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြေယာဆုံးရှုံးလိုက်ရတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ဝင်ငွေ၊ အာမခံပစ္စည်း၊ မိသားစုအမွေနဲ့ အရေးပေါ် မှီခိုရာတွေကို တပြိုင်နက် ဆုံးရှုံးသွားနိုင်တာပါ။ ဒါကြောင့် ဒီကိစ္စကို ဦးစားပေး ဖြေရှင်းရမဲ့ အရေးကိစ္စအဖြစ် သတ်မှတ်တာက ကျေးလက်လူထု အများစုရဲ့ နေ့စဉ်ရှင်သန်ရပ်တည်ရေးကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေး လောကဓံတွေကို ရင်ဆိုင်နိုင်ဖို့ဆို မြေယာအရေးက မဟာဗျူဟာအရ အရေးကြီးတာပါ။ လက်ရှိ လက်နက်ကိုင်တော်လှန်ရေးဟာ အညာအပါအဝင် ကျေးလက်ဒေသ အများအပြားမှာ အခြေခံတာကြောင့် ရေရှည် ဆက်လက်ရပ်တည်နိုင်ဖို့ ကျေးလက်လူထုကြားမှာ အမြစ်တွယ်တဲ့ နိုင်ငံရေးအစီအစဥ်မျိုး လိုအပ်ပါတယ်။ ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစီအရေး ရေရှည်ပန်းတိုင်တွေက လူထုရဲ့ မျှော်လင့်ချက်နဲ့ ထောက်ခံမှုကို ရရှိစေနိုင်ပေမဲ့ ကျေးလက်ဆင်းရဲသားတွေရဲ့ နေ့စဉ်ဘဝကို ချက်ချင်း ပြောင်းလဲပေးနိုင်မှာတော့ မဟုတ်ပါဘူး။ မြေယာအရေးကတော့ လူတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ တိုက်ရိုက်ဆက်နွှယ်နေတာကြောင့် လက်ငင်းအကျိုးသက်ရောက်မှု ရှိနေတာပါ။
ဒါပေမဲ့ ကျေးလက် ဆင်းရဲသားလူထုအနေနဲ့ မြေပိုင်ဆိုင်ခွင့် လုံခြုံမှု အားနည်းတာနဲ့ အာဏာပိုင်တွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် မြေယာဆုံးရှုံးမှုကို ခေတ်အဆက်ဆက် ကြုံခဲ့ရတာပါ။ ဒါဟာ စီမံခန့်ခွဲမှု အမှားအယွင်း ကိစ္စမျိုးတင် မဟုတ်ပါဘူး။ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေကစလို့ ၁၉၉၂ ခုနှစ် သစ်တောဥပဒေ အပါအဝင် ဗဟိုချုပ်ကိုင်မှုများတဲ့ မြေယာဥပဒေမူဘောင်တွေက ဓလေ့ထုံးတမ်းအရ ရှိခဲ့တဲ့ မြေယာလုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို အားနည်းစေခဲ့တာပါ။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေရိုင်း၊ မြေလပ် စီမံခန့်ခွဲရေး ဥပဒေနဲ့ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်တွေကလည်း အဲဒီမလုံခြုံမှုကို ပိုမိုနက်ရှိုင်းစေပြီး မြေယာသိမ်းဆည်းနိုင်တဲ့ လမ်းကြောင်းတွေကိုပဲ ပိုကျယ်ပြန့်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သမိုင်းတလျှောက် ဗဟိုအာဏာပိုင်တွေက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားတွေကို အသုံးချပြီး ဌာနေတိုင်းရင်းသားတွေ အပါအဝင် ဒေသခံတွေရဲ့ မြေယာအခွင့်အရေးကို ကန့်သတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို မိမိရဲ့မြေကွက်တွေ ဆုံးရှုံးလိုက်ရတဲ့ လယ်သမားတွေဟာ ကိုယ်ပိုင်ဆိုင်ခဲ့တဲ့ လယ်ကွက်ပေါ်မှာပဲ အခစားလုပ်သားအဖြစ် ပြောင်းလဲသွားတတ်ကြတာပါ။ ဒီကနေပဲ နှစ်စဉ် လယ်ငှားရမ်းခနဲ့ အရင်းအတွက် အကြွေး ထပ်ယူရတာတွေကြောင့် ကျန်ရှိနေသေးတဲ့ မြေအနည်းငယ်ကိုပါ ဆုံးရှုံးသွားကြတာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေး အင်အားစုတခုက မြေယာကို ဘယ်လိုကိုင်တွယ်သလဲ ဆိုတာအပေါ် မူတည်ပြီး နိုင်ငံရေးတိုက်ပွဲကနေ ချက်ချင်း အကျိုးအမြတ်ခံစားရမလား၊ ဒါမှမဟုတ် နောက်ထပ် အနိုင်ကျင့်ခံရမလား ဆိုတာကို ကျေးလက်ပြည်သူတွေ ခွဲခြားသိမြင်နိုင်တာပါ။ စစ်တပ်ရဲ့ အတင်းအဓမ္မ မြေယာသိမ်းဆည်းမှုတွေကို တရားမျှတစွာ ဖြေရှင်းပေးနိုင်မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးအရ တရားဝင်မှုကို ပိုမြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုကို အခြေခံပြီးတော့ပဲ သတင်းအချက်အလက် ရယူတာ၊ ရိက္ခာထောက်ပံ့တာ၊ ခိုလှုံဖို့ နေရာဖန်တီးတာနဲ့ လူအင်အား စုဆောင်းတာလို လက်တွေ့ခိုင်မာတဲ့ စစ်ရေးအကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျေးလက်ကို တော်လှန်ရေးရဲ့ ရေရှည် အခြေခံအဖြစ် တည်ဆောက်ဖို့ဆိုရင် မြေယာကိစ္စကို လူထုရဲ့ လက်ငင်းအကျိုးစီးပွားနဲ့ နိုင်ငံရေးတရားဝင်မှု နှစ်မျိုးစလုံးနဲ့ ဆက်စပ်တဲ့ မဟာဗျူဟာမြောက် ဦးစားပေးကိစ္စတရပ်အဖြစ် သဘောထားဖို့ လိုအပ်တာပါ။
ဒါတင်မကဘဲ မြေယာကိစ္စကို တော်လှန်ရေးမှာ ရှေ့တန်းတင်တာဟာ ကျေးလက် ဆင်းရဲသားလူထုရဲ့ လက်ငင်းအကျိုးစီးပွားကို နိုင်ငံရေးလမ်းစဥ်ထဲမှာ ရှေ့တန်းတင်တာနဲ့ တူပါတယ်။ မြေယာပိုင်ဆိုင်ခွင့်နဲ့ လုံခြုံမှုကို တော်လှန်ရေးရဲ့ နိုင်ငံရေး ကတိကဝတ်တခုအဖြစ် အတိအလင်း သတ်မှတ်ပေးရင် တော်လှန်ရေး အောင်မြင်မှုက သူတို့အတွက် အဝေးမှာရှိတဲ့ နိုင်ငံရေးပန်းတိုင်တခု မဟုတ်တော့ဘဲ မိမိတို့ရဲ့ မြေ၊ မိသားစုတို့နဲ့ တိုက်ရိုက်ဆက်နွှယ်တဲ့ အရာတခု ဖြစ်လာမှာပါ။ ဒီလိုနည်းနဲ့ပဲ ကျေးလက်လူထုအနေနဲ့ တော်လှန်ရေး အောင်မြင်မှုကို မိမိတို့ကိုယ်တိုင် ပါဝင်ပိုင်ဆိုင်ရမဲ့ အနာဂတ်လို့ ခံစားလာနိုင်ပြီး ပိုင်ရှင်စိတ်ဓာတ် (sense of ownership) ပိုမိုခိုင်မာလာနိုင်ပါတယ်။ နောက်ပြီး အခုကတည်းက မြေယာအခွင့်အရေးကို ကာကွယ်ပေးနိုင်ရင် တရားမျှတတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ရဲ့ အခြေခံတွေကို တော်လှန်ရေးကာလအတွင်း ကတည်းက စတင်တည်ဆောက်နိုင်မယ့် သဘောလည်း ဖြစ်တာပါ။
နောက်ပြီး မြေယာပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရေးအရ တရားဝင်မှု တည်ဆောက်ဖို့သာမကဘဲ ဘဏ္ဍာရေးအရလည်း လက်တွေ့ အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။ မိမိအသုံးပြုနေတဲ့ မြေကို မတရားဆုံးရှုံးနိုင်တယ်ဆိုတဲ့ မသေချာမှုရှိနေတဲ့ လယ်သမားတဦးဟာ မြေထဲမှာ ရေရှည်ရင်းနှီးမြှုပ်နှံဖို့ တွန့်ဆုတ်နိုင်ပါတယ်။ မြေယာအသုံးပြုခွင့် ပိုမိုလုံခြုံလာတဲ့ အခါမှာတော့ လယ်သမားတွေအနေနဲ့ ရေရှည်အကျိုးရှိမဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလုပ်ဆောင်နိုင်မှာပါ။
မြေယာလုံခြုံမှုတခုတည်းနဲ့တော့ ကျေးလက်စီးပွားရေးက ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ သွင်းအားစု၊ အရင်းအနှီး၊ ချေးငွေ၊ စိုက်ပျိုးရေးနည်းပညာ၊ စျေးကွက်နဲ့ လမ်းပန်းဆက်သွယ်ရေးတွေလို အခြားသော အခြေအနေတွေလည်း လိုအပ်ပါတယ်။ ဒါပေမဲ့ မြေယာလုံခြုံမှုဟာ အဲဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုတွေအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တခု ဖြစ်လာမှာပါ။ ဒီကနေ လယ်သမားတွေရဲ့ ထုတ်လုပ်မှုနဲ့ ဝင်ငွေ တိုးတက်လာပြီး ဒေသန္တရစီးပွားရေး ပိုအားကောင်းလာနိုင်ပါတယ်။ ရေမြင့်ရင် ကြာတင့်သလိုပဲ ဒေသခံပြည်သူတွေရဲ့ စီးပွားရေးအခြေခံ ခိုင်မာလာတာနဲ့အမျှ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ အတွက်လည်း အခွန်နဲ့ တခြား ပြည်သူ့ဘဏ္ဍာရေး အရင်းအမြစ်တွေ တိုးချဲ့နိုင်မဲ့ အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်။
မြေယာအရေးနဲ့ တော်လှန်ရေး သပ်သပ်စီ စဥ်းစားလို့ မရဘူးလား။
လက်ရှိလို တော်လှန်နေဆဲကာလမှာ စစ်ရေးအောင်ပွဲနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ ရေးဆွဲရေးကိုသာ ဦးစားပေးသင့်တယ်၊ မြေယာကိစ္စကို အောင်ပွဲရပြီးမှ ဖြေရှင်းလို့ရတယ်ဆိုပြီး ပြန်ထောက်ပြစရာ ရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေအတွက် ဒီကိစ္စကို ကိုင်တွယ်ဖို့ အရင်းအမြစ် အားနည်းသလို ဒေသအလိုက် လက်နက်ကိုင်အဖွဲ့တွေကြား မြေပိုင်ဆိုင်မှုပဋိပက္ခတွေ ပိုဖြစ်စေနိုင်တာမျိုးလည်း ရှိနိုင်တာပါ။ ဒါပေမဲ့ ဒီအချက်တွေဟာ မြေယာကိစ္စကို နောက်ဆုတ်ထားဖို့ အကြောင်းပြချက် မဟုတ်ဘဲ ပိုမိုရှင်းလင်းတဲ့ မြေယာအုပ်ချုပ်မှု မူဘောင်တခု လိုအပ်ကြောင်း ပြသနေတာပဲ ဖြစ်ပါတယ်။ အနိမ့်ဆုံးအနေနဲ့ အခုကတည်းက လုပ်နိုင်တဲ့အရာက တော်လှန်ရေးအဖွဲ့တွေ အုပ်ချုပ်တဲ့ ဒေသတွေမှာ ဓလေ့ထုံးတမ်းအရ ရှိပြီးသား မြေယာစနစ်ကို အသိအမှတ်ပြုပြီး မြေယာအခွင့်အရေးနဲ့ လုံခြုံမှုအတွက် အခြေခံမူတွေကို သတ်မှတ်ထားတာမျိုး ဖြစ်သင့်တာပါ။
ဒါ့ကြောင့် မြေယာအရေးက ကျေးလက်ဆင်းရဲသား ပြည်သူအများစုနဲ့ တော်လှန်ရေးကို ချက်ကြိုးချည်သလို ချည်ပေးမဲ့ အရေးကိစ္စဖြစ်လို့ စစ်ရေးအောင်ပွဲနဲ့ သပ်သပ်စီ စဥ်းစားရမဲ့ ကိစ္စမဟုတ်ဘဲ အောင်ပွဲရဖို့ ထည့်သွင်းစဥ်းစားရမဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ အခုကတည်းက အခြေခံမူဘောင်ကို မချထားရင် အောင်ပွဲရပြီးတဲ့နောက်မှာ အရင်ကလို မတရားတဲ့ မြေယာစနစ်ဟောင်းကိုပဲ ထပ်သံသရာလည်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ တော်လှန်ရေးအများစုက ပြည်သူလူထုရဲ့ နေ့စဉ်ဘဝက ဝေဒနာတွေနဲ့ စနစ်ကြီးတခုလုံး ပြောင်းလဲဖို့ လိုအပ်ချက်ကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်ခဲ့ကြပါတယ်။ ၁၉၁၇ ရုရှားတော်လှန်ရေးမှာဆို မြေယာ၊ ပေါင်မုန့်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးသုံးလုံးက ဒီချိတ်ဆက်မှုကို လုပ်ဆောင်ပေးခဲ့တာပါ။ နွေဦးတော်လှန်ရေးအတွက်လည်း မြေယာအရေးက အလားတူ ချိတ်ဆက်ပေးနိုင်စွမ်း ရှိနေပါတယ်။ ဒီအတွက်ကြောင့်ပဲ အခုလို တော်လှန်ရေး ငါးနှစ်ကျော်လာပြီး သောင်မတင်ရေမကျ ဖြစ်နေချိန်၊ ဖက်ဒရယ်အရေး ဒီမိုကရေစီအရေးအတွက် အပြင်းအထန် ဆွေးနွေးကြတဲ့ အချိန်မျိုးမှာ မြေယာအရေးက အရေးပေးသင့်တဲ့ ကိစ္စတခုအနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။
ထွန်းနောင်











