DVB Logo
Home
Lead Story
သင်ခန်းစာတွေ၊ တွေးစရာတွေ၊ ရေးစရာတွေပါ ပေးသွားတဲ့ လေတပ်က CDM တပ်ကြပ်ကြီး နေဝင်းအောင်
DVB
·
October 2, 2026
သင်ခန်းစာတွေ၊ တွေးစရာတွေ၊ ရေးစရာတွေပါ ပေးသွားတဲ့ လေတပ်က CDM တပ်ကြပ်ကြီး နေဝင်းအောင်
Donate to DVB

၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ NUG အထူးတိုင်းစစ်ဌာန လက်အောက်ခံ စခန်းတခုကို စစ်အာဏာရှင်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ PDF တပ်ဖွဲ့ဝင် အနည်းဆုံး ၅ ဦး သေဆုံးခဲ့ရပြီး သေဆုံးသွားသူတွေထဲမှာ လေတပ် CDM  တပ်ကြပ်ကြီး နေဝင်းအောင်လည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ တပ်ကြပ်ကြီးနေဝင်းအောင် အကြောင်းကို ဒီသေဆုံးမှုနေရာကနေပဲ စပြီး ပြောလို့မရပါဘူး။ အဲဒီနေ့မှာတင် ပြီးဆုံးသွားတာမျိုးလည်း မဟုတ်လို့ပါပဲ။

PDF စစ်ရုံးချုပ် တာဝန်ရှိသူ ရဲဘော်စောဒိုရှင်းကလည်း “သတင်းမီဒီယာတွေအနေနဲ့က ဒီကိစ္စဟာ သူတို့ကြောင့်ဖြစ်တယ် ဆိုတာမျိုးတော့ ကျနော်တို့က တထစ်ချ စွပ်စွဲလို့မရပါဘူး။ ဒါပေမဲ့ တော်လှန်ရေးရဲဘော်တွေ အသက်နဲ့ သွေးနဲ့ရင်းပြီး တိုက်ပွဲဝင်နေရချိန်မှာ သတင်းထုတ်ပြန်တဲ့အခါ ‘Timing’ ကိုက်ညီဖို့နဲ့ လုံခြုံရေးအရ အချိန်ဆိုင်းသင့်တာတွေကို ချိန်ဆဖို့တော့ လိုအပ်ပါတယ်။ ဒါဟာ အပြစ်ပြောစရာမဟုတ်ဘဲ အပြန်အလှန် ထိန်းကျောင်းပြီး သင်ခန်းစာယူစရာ ကိစ္စရပ်တခု ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရဲဘော်စောဒိုရှင်းက ပြောထားတဲ့အချက်ကို အကျဉ်းချုပ်ရမယ်ဆိုရင် သတင်းမီဒီယာတွေကို တိုက်ခိုက်စွပ်စွဲတာ မဟုတ်ဘဲ တော်လှန်ရေးအတွက် Timing နဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ သတိထားသင့်တယ် ဆိုတဲ့ သင်ခန်းစာအနေနဲ့ ထုတ်ပြန်ထားတာပါ။

Timing နှင့် သတင်းထုတ်ပြန်မှု၏ အရေးပါမှု

တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေသူတွေဟာ အသက်နဲ့ သွေးကို အရင်းတည်ပြီး  တိုင်းပြည်အတွက် အလေးအနက်ထားကာ တာဝန်ထမ်းဆောင်နေကြတာပါ။ ဒီလိုအချိန်မှာ သတင်းမီဒီယာတွေက တိုက်ပွဲအခြေအနေ၊ လှုပ်ရှားမှုတွေကို ထုတ်ပြန်တဲ့အခါ Timing ကိုက်ညီဖို့၊ လုံခြုံရေးအတွက် အချိန်ဆိုင်းဖို့ အရေးကြီးလာတာ ဒုတ်ဒုတ်ထိ တွေ့မြင်လာကြရပါပြီ။

သတင်းထုတ်ပြန်မှုဟာ တိုက်ပွဲအတွင်း သတင်းအချက်အလက်ကို အချိန်မမှန်စွာ ထုတ်ပြန်သွားရင် တော်လှန်ရေးရဲဘော်တွေအတွက် အန္တရာယ်ဖြစ်နိုင်တာကို အထူးသတိထားချပ်ကြဖို့ပါ။ ဒါကြောင့် သတင်းမီဒီယာတွေဟာ တိုက်ပွဲအခြေအနေကို တိကျမှန်ကန်စွာ ဖော်ပြပေမဲ့ လုံခြုံရေးကို ဂရုပြုထားသင့်ပါတယ်။

အပြန်အလှန် ထိန်းကျောင်းမှု ဆိုတာက တော်လှန်ရေးအတွက် အဓိက သင်ခန်းစာတခု ဖြစ်ပါတယ်။ သတင်းမီဒီယာတွေက တိုက်ပွဲအခြေအနေကို မျှဝေရာမှာ တိုက်ပွဲဝင်သူတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းပေးနိုင်သလို တော်လှန်ရေးရဲဘော်တွေကလည်း သတင်းမီဒီယာတွေကို အပြစ်တင်မနေဘဲ အကျိုးရှိစွာ အသုံးချသင့်ပါတယ်။ တော်လှန်ရေးအတွက် သင်ခန်းစာယူစရာကတော့—

  • တိုက်ပွဲအခြေအနေကို သတင်းထုတ်ပြန်ရာမှာ Timing ကို စဉ်းစားဖို့ လုံခြုံရေးအတွက် အချိန်ဆိုင်းဖို့ လိုအပ်ပါတယ်။
  • အပြန်အလှန် ထိန်းကျောင်းမှုက တော်လှန်ရေးအတွက် အကျိုးရှိစေပါတယ်။
  • သတင်းမီဒီယာနဲ့ တော်လှန်ရေးရဲဘော်တွေအကြား ယုံကြည်မှု တည်ဆောက်ဖို့ အရေးကြီးပါတယ်။

သေဆုံးသွားသူတွေထဲက တပ်ကြပ်ကြီး (လေ) နေဝင်းအောင်

တချိန်က သူကိုယ်တိုင် အကျွမ်းတဝင် ရှိခဲ့ဖူးတဲ့ လေတပ်ရဲ့ လေယာဉ်တွေကပဲ နောက်ဆုံးမှာ သူ့ဘဝကို အဆုံးသတ်သွားစေခဲ့တာပါ။ ဒါကိုကြည့်ရင် သူ့ဘဝမှာ နာကျင်စရာကောင်းတဲ့ ဝိရောဓိကြီးတခုကို တွေ့ရပါလိမ့်မယ်။ သူဟာ လေတပ်ကို အတွင်းကနေ သိခဲ့သူ၊ အဲဒီလေတပ်ကို စွန့်လွှတ်ခဲ့သူ၊ နောက်ဆုံးမှာတော့ အဲဒီလေတပ်ရဲ့ ဗုံးသံကြားမှာ ကျဆုံးခဲ့ရသူပါပဲ။ ဒီအဖြစ်အပျက်က ကျနော်တို့ကို မေးခွန်းတခု မေးသွားခဲ့ပါတယ်။

‘’လူတယောက်က မိမိဘဝမှာ ရရှိပိုင်ဆိုင်ထားတဲ့ သက်သာမှုနယ်ပယ်လေး၊ အဆင်ပြေပြေ ဖြစ်နေမှုလေးတွေကို စွန့်ခွာကာ မတရားမှုကို တွန်းလှန်ပြီး အာဏာရှင်တွေကို ဆန့်ကျင်ကာ အဆင်းရဲ အငတ်အပြတ်ခံကာ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ စာရိတ္တသတ္တိ ဘယ်လောက်ထိ ရှိနိုင်သလဲ” ဆိုတဲ့ မေးခွန်းပါပဲ။

လူတယောက် သေဆုံးသွားတဲ့အခါတိုင်း သတင်းဆောင်းပါးတပုဒ်အဖြစ် မှတ်တမ်းတင်ဖို့ဆိုတာ စိတ်ဝင်စားခံရမှ ဒါမှမဟုတ် တခုခုတော့ ထူးခြားပြောင်မြောက်နေဖို့ လိုပါတယ်။ အခု သေဆုံးသွားသူ တပ်ကြပ်ကြီး(လေ) နေဝင်းအောင်ဟာ ဘယ်နေ့မှာ သေသွားတယ်၊ ဘယ်နေရာမှာ သေသွားတယ်၊ ဘာကြောင့် သေသွားတယ်ဆိုတာ အရေးကြီး သတင်းဆောင်းပါတပုဒ်အဖြစ် မှတ်တမ်းတင်ဖို့ဟာ အရေးကြီးတယ်လို့ ကျနော် ခံစားရပါတယ်။

ဒါပေမဲ့ တချို့လူတွေရဲ့ ဘဝမှာတော့ အဲဒီနောက်ဆုံးနေ့ ဆိုတာထက် အဲဒီနေ့ဆီကို ရောက်အောင် သူတို့ ဘယ်လိုလမ်းကို လျှောက်လှမ်းလာခဲ့ကြရသလဲ ဆိုတာထက် ခရီးစဉ်တခုလုံးက ပိုပြီး လေးနက်ကာ စိတ်ဝင်စားဖို့ ကောင်းနေတတ်ပြန်ပါတယ်။ CDM တပ်ကြပ်ကြီး(လေ) နေဝင်းအောင်ရဲ့ ဘဝဇာတ်ကြောင်းဟာလည်း အဲဒီလို စိတ်ဝင်စားစရာ ခရီးစဉ်မျိုးပါပဲ။

သူဟာ လေယာဉ်တွေ၊ လေတပ်စခန်းတွေ၊ စစ်တပ်ရဲ့ အမိန့်ပေးစနစ်တွေနဲ့ တပ်တွင်းဘဝ ဆိုတာတွေကို အပြင်ကနေ ကြားဖူးရုံ၊ စာအုပ်ထဲမှာ ဖတ်ဖူးရုံ မဟုတ်ဘဲ အဲဒီစနစ်ရဲ့ အတွင်းပိုင်းထဲမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှားခဲ့သူတယောက်ပါ။ အဲဒီလိုလူတယောက် ဖြစ်ခဲ့တာမို့လည်း နောက်ပိုင်းမှာ သူ ပြန်ပြောပြခဲ့တဲ့ လေတပ်အကြောင်းတွေဟာ သာမန် နိုင်ငံရေး ဝေဖန်ချက်တခုထက် ပိုပြီး ပွင့်လင်းကာ လေးနက်မှုရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာခဲ့တဲ့ လေတပ် CDM လှုပ်ရှားမှုဆိုတာဟာ စစ်အာဏာရှင်ရဲ့ အဓိကလက်နက်ဖြစ်တဲ့ လေကြောင်းစစ်ဆင်ရေး ယန္တရားကြီးကို အတွင်းပိုင်းကနေ အကြီးအကျယ် ထိခိုက်သွားစေခဲ့တဲ့ သမိုင်းဝင်ဖြစ်စဉ်တခုထက် ပိုပါတယ်။

အဲဒီထဲမှာမှ တပ်ကြပ်ကြီး နေဝင်းအောင်လို အခြေခံနည်းပညာနဲ့ အုပ်ချုပ်ရေးပိုင်း ကျွမ်းကျင်တဲ့ အဓိက တပ်ကြပ်ကြီးတွေ၊ အရာရှိတွေ တပ်ကို စွန့်ခွာလာတာဟာ စစ်အာဏာရှင်ရဲ့ လေကြောင်း ထိန်းသိမ်းရေးနဲ့ စစ်ဆင်နိုင်စွမ်းကို အတော်လေး ထိခိုက်စေခဲ့သလို နိုင်ငံခြားငွေနဲ့ တံတားခင်းပြီး စစ်ဆင်ရေးဆင်နွှဲရတဲ့ စစ်တပ်ရဲ့ အသက်သွေးကြော ယန္တရားတခုလည်း ဖြစ်နေတာ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတွေမှာ တပ်ကြပ်ကြီး နေဝင်းအောင်ဟာ လေတပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူတဦး အနေနဲ့ လေတပ်အတွင်း လုပ်ဆောင်ပုံတွေ၊ အကျင့်ပျက် ခြစားမှုတွေနဲ့ တပ်တွင်းအခြေအနေတွေကို ရဲရဲဝံ့ဝံ့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ဒီအချက်က သူ့ဘဝကို နားလည်ဖို့ အလွန်အရေးကြီးပါတယ်။ သူဟာ စစ်တပ်အကြောင်းကို အဝေးကနေ ဝေဖန်ခဲ့တာ မဟုတ်ဘဲ အမိန့်တွေ ဘယ်လို အလုပ်လုပ်သလဲ၊ အောက်ခြေတပ်သားတွေ ဘယ်လိုခံစားနေရသလဲ၊ လေတပ်စနစ်ဆိုတာ ဘာလဲ ဆိုတာကို ကိုယ်တွေ့ ကြုံခဲ့ရသူမို့လို့ပါပဲ။

ဒါကြောင့် ၂၀၂၁ နောက်ပိုင်း သူ CDM လုပ်ခဲ့တာဟာ သာမန် အလုပ်တခုကနေ ထွက်လိုက်တာမျိုး မဟုတ်ပါဘူး။ သူ အကျွမ်းတဝင်ရှိပြီးသား၊ အဆင်ပြေနေတဲ့ ဘဝတခုကို ပြတ်ပြတ်သားသား ကျောခိုင်းလိုက်တာ ဖြစ်ပါတယ်။ ရာထူးနဲ့ လစာကို စွန့်တာ စာရွက်ပေါ်မှာ လွယ်ပေမဲ့ အဲဒီအလုပ်နဲ့အတူ ပါလာတဲ့ လူမှုအဆင့်အတန်း၊ ဝင်ငွေ၊ အနာဂတ်လုံခြုံမှုတွေကိုပါ စွန့်လွှတ်ရတာမို့လို့ ဒီဆုံးဖြတ်ချက်ရဲ့ အလေးချိန်ဟာ အလွန်ကို လေးလံလှပါတယ်။ ဒါဟာ သူ့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ဟန်ချက်ညီအောင် ထိန်းထားနိုင်စွမ်းရဲ့ ပြယုဂ်တခုအဖြစ် ရှုမြင်လို့ ရမှာပါ။

ပိုပြီးသတိထားစရာကောင်းတာက ဒီဆုံးဖြတ်ချက်ဟာ သူတယောက်တည်းအတွက် ဆုံးဖြတ်ချက် မဟုတ်ပါဘူး၊ သူ့နောက်မှာ မိသားစုရှိပါတယ်။ ဒါကိုကြည့်ရင် CDM ဆိုတာ တပ်ထဲက လူတယောက်က “ဒီနေ့တော့ မလုပ်တော့ဘူး” လို့ ရုတ်တရက် ဆုံးဖြတ်လိုက်ရုံနဲ့ မပြီးဘဲ အိမ်ထဲက မိသားစုဝင်တွေပါ အဲဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲဒဏ်တွေကို အတူတူ ခံကြရတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် တပ်ကြပ်ကြီး နေဝင်းအောင်ရဲ့ ဘဝကို “စစ်သားတယောက် CDM လုပ်ပြီး တော်လှန်ရေးထဲ ဝင်လာတယ်” ဆိုတဲ့ စာတကြောင်းတည်းနဲ့ ပုံသေကားချပ် ရေးလိုက်ရင် သူ့ဘဝရဲ့ အရေးကြီးတဲ့ အဓိပ္ပာယ်တဝက်ကို ဖျက်ပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

တပ်ကြပ်ကြီး နေဝင်းအောင်ရဲ့ ဘဝထဲမှာ သူ ချစ်ရတဲ့ဇနီး ရှိတယ်၊ မိသားစုရှိတယ်၊ လုံခြုံတဲ့ဘဝ ရှိတယ်၊ အဲဒီအရာအားလုံးကို ထားခဲ့ပြီး ဖိနှိပ်ခံ ပြည်သူတွေရှိတဲ့လမ်း တနည်းအားဖြင့် တရားတဲ့ဘက်ကို ရွေးခဲ့တာပါ။ ဒါတင်မကသေးဘဲ သူဟာ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့သူလည်း မဟုတ်ပါဘူး။ လေတပ် CDM တယောက် ဖြစ်လာပြီးနောက် မီဒီယာတွေနဲ့ တွေ့ဆုံပြီး လေတပ်အတွင်းက အခြေအနေတွေ၊ စစ်တပ်ရဲ့ လေကြောင်းစွမ်းရည်အကြောင်းတွေကို သူ့အတွေ့အကြုံနဲ့ ရှင်းပြခဲ့ပါတယ်။

တချိန်က အမိန့်နာခံခဲ့ရသူကနေ နောက်ပိုင်းမှာ အဲဒီလေတပ်အကြောင်း ပြည်သူတွေကို ပြန်ရှင်းပြပေးနေတဲ့ သက်သေတယောက် ဖြစ်လာခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာလည်း စစ်အာဏာရှင်ဘက်မှာ ကျန်နေသေးတဲ့ စစ်သားနဲ့ ရဲတွေကို ပြည်သူ့ဘက် ကူးပြောင်းလာဖို့ တိုက်တွန်းခဲ့ပြီး အလင်းဝင်လာသူတွေအတွက် “ထွက်ပေါက်” တခု ရှိနေဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ပါသေးတယ်။ အခု သူမရှိတော့တဲ့အချိန်မှာ အဲဒီစကားတွေကို ပြန်နားထောင်ကြည့်ရင် ပိုပြီး လေးနက်လှပါတယ်။ သူက တခြားသူတွေကို လမ်းပြပေးခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူကိုယ်တိုင်လည်း အဲဒီလမ်းရဲ့ အန္တရာယ်ကနေ မလွတ်မြောက်သွားနိုင်ခဲ့ရှာပါဘူး။

တပ်ကြပ်ကြီးနေဝင်းအောင်ကို “စစ်သားတယောက် CDM လုပ်သွားပြီး တော်လှန်ရေးဘက် ပြောင်းသွားတယ်” ဆိုတဲ့ စာတကြောင်းတည်းနဲ့ ပုံသေကားချပ် ရေးလို့မရပါဘူး။ သူ့ရဲ့ ရွေးချယ်မှုနောက်မှာ ကြီးမားတဲ့ ပေးဆပ်မှုတွေ၊ မိသားစုရဲ့ စိုးရိမ်မှုတွေနဲ့ အသက်နဲ့ရင်းခဲ့ရတဲ့ သတ္တိတွေ ရှိနေပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ရဲ့ ဗုံးသံဟာ တပ်ကြပ်ကြီး နေဝင်းအောင်ရဲ့ ရုပ်ခန္ဓာကို ယူဆောင်သွားနိုင်ပေမဲ့ သူ ချန်ထားရစ်ခဲ့တဲ့ “မတရားမှုကို ဒူးမထောက်ခဲ့တဲ့ သတ္တိနဲ့ စာရိတ္တ” ကိုတော့ ယူဆောင်မသွားနိုင်ခဲ့ပါဘူး။ သူ ဘာတွေ စွန့်လွှတ်ခဲ့ရသလဲ၊ သူ့မိသားစု ဘာတွေ ရင်ဆိုင်ခဲ့ရသလဲ၊ သူ ဘာကြောင့် CDM လုပ်ခဲ့ပြီး နှစ်ပေါင်းများစွာ သင်ယူခဲ့တဲ့ အတွေ့အကြုံတွေကို ပြည်သူတွေဆီ ပြန်မျှဝေခဲ့သလဲဆိုတာကို ပြန်ကြည့်ဖို့ လိုသလို သူ့ရဲ့ စာရိတ္တ သတ္တိနဲ့ နှလုံးသားကို သင်ယူသင့်လှပါတယ်။

ချစ်မင်းနွဲ့ကြည် 

ကိုးကား- Kyi Myin Tine Media

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013