DVB Logo
Home
နိုင်ငံတကာ

အမေရိကန်လေတပ်၏ Cloud One ကွန်ပျူတာစနစ် ဟက်ကာ ဖောက်ထွင်းခံရ

DVB
·
November 29, 2026
Photo:  REUTERS/Joshua Roberts/File Photo
Photo: REUTERS/Joshua Roberts/File Photo
Donate to DVB

 

အမေရိကန်လေတပ်ရဲ့ အဓိက cloud computing ပလက်ဖောင်းဖြစ်တဲ့ Cloud One ကို ဟက်ကာတွေ ထိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူ ၃ ယောက်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ 

ဒီဖြစ်ရပ်ကြောင့် အလွန်အရေးကြီးတဲ့ စစ်ရေး၊ ဝန်ထမ်းရေးရာနဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အချက်အလက်အမြောက်အမြား အန္တရာယ်ကျရောက်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

စနစ်အဆင့်မြှင့်တင်ရေး လုပ်နေတုန်း လွန်ခဲ့တဲ့ တလလောက်က Cloud One မှာ ကျူးကျော် ဝင်ရောက်ခံရမှုကို တွေ့ရှိခဲ့ရတယ်လို့ သတင်းရင်းမြစ် ၂ ယောက်က ဆိုပါတယ်။

ဒီလိုတွေ့ရှိမှုကြောင့် ပလက်ဖောင်းတခုလုံးမှာ အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ဟက်ကာတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ၊ ဘယ်လောက်အထိ ထိုးဖောက်ခံခဲ့ရတယ်ဆိုတာနဲ့ အချက်အလက်တွေ ခိုးယူခံရခြင်း ရှိ၊ မရှိကိုတော့ ရိုက်တာ အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ရိုက်တာကို ပေးပို့ခဲ့တဲ့ ထုတ်ပြန်ချက်တခုမှာ အမေရိကန်လေတပ်က "တိကျတဲ့ ကွန်ရက်နဲ့ စနစ်တွေရဲ့ လုံခြုံရေးအခြေအနေ၊ အားနည်းချက် ဒါမှမဟုတ် လုပ်ငန်းလည်ပတ်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးမှာ မဟုတ်ပါဘူး။ လေတပ်ဌာနရဲ့ အချက်အလက်တွေ၊ စနစ်တွေနဲ့ မစ်ရှင်လုပ်ဆောင်နိုင်စွမ်းတွေကို ကာကွယ်ဖို့ သင့်လျော်တဲ့ ကြိုတင်ကာကွယ်မှုတွေကို အမြဲတမ်း လုပ်ဆောင်နေပါတယ်" လို့ ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်မှာ စတင်ခဲ့တဲ့ Cloud One ဟာ လေတပ်ရဲ့ အိုင်တီလိုအပ်ချက်တွေအားလုံးကို တနေရာတည်းနဲ့ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားတာဖြစ်ပြီး Microsoft၊ Amazon၊ Oracle နဲ့ Alphabet စတဲ့ နည်းပညာ ကုမ္ပဏီကြီး ၄ ခုရဲ့ အရင်းအမြစ်တွေကို ပေါင်းစပ်ထားပြီး ဝန်ထမ်းအချက်အလက်၊ လစာပေးချေမှု၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အပလီကေးရှင်း အများအပြားကို မောင်းနှင်ပေးနေပါတယ်။

အဲဒီအထဲမှာ မြောက်အမေရိကတဝန်းက လေကြောင်းရန်ကာကွယ်ရေး ရေဒါအချက်အလက်နဲ့ တခြားအချက်အလက်တွေကို စုစည်းပေးတဲ့ လေတပ်ရဲ့ Cloud အခြေပြု ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးစနစ်၊ ကမ္ဘာတစ်ဝန်းက အမေရိကန်လေတပ်စခန်း ၂၀၀ ကျော်မှာ ရှိတဲ့ ဗုံးတွေနဲ့ ဒုံးကျည်တွေကို ခြေရာခံ စောင့်ကြည့်တဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်း ထိန်းချုပ်ရေးစနစ်တို့လည်း ပါဝင်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013