အီရန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုအား ဖောက်ဖျက်ရန်ကြိုးပမ်းသည့် ကုန်တင်သင်္ဘော ၁ စင်းကို အမေရိကန် ပစ်ခတ်

အီရန်ဆိပ်ကမ်းတွေအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပိတ်ဆို့မှုကို ဖောက်ဖျက်ဖို့ ကြိုးပမ်းခဲ့တဲ့ ကုန်တင် သင်္ဘောတစင်းကို အိုမန်ပင်လယ်ကွေ့ထဲမှာ သွားလို့မရအောင် လုပ်လိုက်တယ်လို့ အမေရိကန်အလယ်ပိုင်း စစ်တိုင်း ကွပ်ကဲရေးဌာနချုပ် (CENTCOM) က သောကြာနေ့မှာ ပြောပါတယ်။
ကြာသပတေးနေ့က အမေရိကန် စစ်လေယာဉ်တစင်းဟာ ပါလောင်းနိုင်ငံ အလံတင်ထားတဲ့ M/V Pacific Archer ဆိုတဲ့နာမည်နဲ့ သင်္ဘောရဲ့ နောက်ပိုင်းကို အတိအကျ ပစ်ခတ်နိုင်စွမ်းရှိတဲ့ လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သင်္ဘောရဲ့ တွန်းကန်အား စနစ် ပျက်စီးသွားခဲ့ပါတယ်။
သင်္ဘောပေါ်က အရပ်သား ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း CENTCOM က ပြောပါတယ်။
ဒီသင်္ဘောဟာ အီရန်နိုင်ငံ ဘန်ဒါအာဘတ်စ် ဆိပ်ကမ်းကနေ ထွက်လာတာလို့ CENTCOM က ဖော်ပြပါတယ်။
သင်္ဘော ဦးတည်တဲ့နေရာက စင်ကာပူနိုင်ငံဖြစ်တယ်လို့ သင်္ဘောသွားလာမှု ခြေရာခံဝက်ဘ်ဆိုက်တွေက ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဧပြီလကတည်းက အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားခဲ့တာပါ။ ဒါပေမဲ့ အီရန်အစိုးရနဲ့ ဆွေးနွေးနေချိန် နွေရာသီကာလအတွင်း ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပြီး ဇူလိုင်လမှာ ပိတ်ဆို့တာ ပြန်စခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အမေရိကန် စစ်တပ်က ကုန်တင်သင်္ဘော ၁၅၈ စင်းကို လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး၊ လိုက်နာဖို့ ငြင်းဆန်ခဲ့တဲ့ သင်္ဘော ၆ စင်းကိုတော့ သွားလာနိုင်စွမ်း မရှိတော့တဲ့ အထိ လုပ်ခဲ့တယ်လို့လဲ CENTCOM က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ရေတပ် စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အီရန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတယောက်က ပြောဆိုထားတဲ့ အချက်အလက် အများအပြားကိုလည်း CENTCOM က ပယ်ချခဲ့ပြီး၊ ဒါတွေက လုပ်ကြံဖန်တီးထားတဲ့ မုသား စကားတွေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံမှာ ရေတပ်ဆိုတာ မရှိတော့ဘူးလို့လည်း CENTCOM က ထည့်ပြောပါတယ်။ Operation Epic Fury စစ်ဆင်ရေး ပထမဆုံးနေ့မှာ အီရန် ရေတပ်က USS အေဘရာဟင်မ် လင်ကွန်း (CVN 72) လေယာဉ်တင်သင်္ဘောကြီးကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အပြောကိုလည်း CENTCOM က ငြင်းဆိုခဲ့ပါတယ်။
လေယာဉ်တင်သင်္ဘောကြီးက ဘယ်လိုတိုက်ခိုက်မှုမျိုးမှ မခံခဲ့ရဘဲ ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုဆီ ဘေးကင်းကင်း ပြန်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters











