
“နွေဦးတော်လှန်ရေး ‘ကျဆင်းနေပြီ’ ဟူသော ဇာတ်ကြောင်းများနှင့် စစ်ကောင်စီ၏ ‘ပုံမှန်အခြေအနေ ပြန်ရောက်လာပြီ’ ဟူသော ပုံဖော်မှုများက မပြီးဆုံးသေးသော တိုက်ပွဲနှင့် အနိုင်ရနိုင်စွမ်း ဆက်လက်ရှိနေသည့် တော်လှန်ရေးကို မည်သို့ ဖုံးကွယ်နေသနည်း။”
( အပိုင်း ၁ )
ရှည်ကြာသည့်စစ်ပွဲ၊ သို့သော် ရှုံးနိမ့်သွားသည့် တော်လှန်ရေး မဟုတ်
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် မြန်မာ့နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ၏ အတိုင်းအတာတခုအထိ ပြန်လည်အားကောင်းလာမှုနှင့် ပြင်ပဝင်ရောက်စွက်ဖက်မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ကြာရှည်မည့် တိုက်ပွဲကာလတခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လက်ရှိတွင် ဤတော်လှန်ရေးသည် ကြာရှည်ဆွဲဆန့်မည့် စစ်ပွဲပုံစံမျိုး ဖြစ်နေပြီဖြစ်သည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီကို မကြာမီကာလအတွင်း အလျှင်အမြန် ဖြုတ်ချနိုင်ဦးမည် မဟုတ်ပါ။ စစ်ကောင်စီသည်လည်း လက်ရှိအချိန်တွင် နိုင်ငံ၏ဗဟိုချက်၌ ၎င်းတို့၏အာဏာကို ပြန်လည်ခိုင်မာအောင် တည်ဆောက်ထားပြီး နိုင်ငံကို ထိန်းချုပ်ထားသူအဖြစ် ပြန်လည်ရပ်တည်နိုင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ၎င်းမှာ အတိုင်းအတာတခုအထိသာ ဖြစ်ပါသည်။
ခုခံတော်လှန်ရေးအင်အားစုများသည် လက်ရှိအချိန်တွင် နယ်စပ်ဒေသများတွင် အဓိက အခြေပြုလှုပ်ရှားနေ ကြဆဲဖြစ်ပြီး (ထိုဒေသများမှာ အလွန်ကျယ်ပြန့်သည်) ပြင်ပကမ္ဘာက ၎င်းတို့ကို နိုင်ငံတော်အဖွဲ့အစည်းမဟုတ်သော အဖွဲ့အစည်းများစွာအဖြစ်သာ မြင်တွေ့နေဆဲ ဖြစ်သည်။ စစ်ကောင်စီသည် မြို့တော်၊ အဓိကမြို့ကြီးများ၊ တရားဝင်အစိုးရယန္တရား၊ ဗဟိုဘဏ်၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးလုပ်ငန်း၊ မြေပြန့်ဒေသအများစု၊ အဓိကလမ်းမကြီးများ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များကို ထိန်းချုပ်ထားသည်။ ခုခံတော်လှန်ရေးအင်အားစုများ၏ အင်အားအကောင်းဆုံးနေရာများမှာ ကျေးလက်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသော လွတ်မြောက်နယ်မြေများ ဖြစ်ကြသည်။
ဤတော်လှန်ရေးသည် လက်ရှိအချိန်တွင်ဖြစ်စေ၊ မကြာမီကာလအတွင်း (အထူးသဖြင့် လာမည့် ၁၂ လအတွင်း) ဖြစ်စေ အောင်မြင်နိုင်ဦးမည် မဟုတ်ပါ။ သို့သော်လည်း ၎င်းသည် မကြာမီကာလအတွင်း ရှုံးနိမ့်သွားမည်လည်း မဟုတ်ပါ။
စစ်ကောင်စီ၏ အတိုင်းအတာတခုအထိ ပြန်လည်အားကောင်းလာမှုသည် အင်အား ချိန်ခွင်လျှာတွင် အခြေခံကျသော ပြောင်းလဲမှုကို မဖြစ်ပေါ်စေခဲ့ပါ။ ၎င်းသည် အမြင်သဘောထားများနှင့် နိုင်ငံရေးအရ ရပ်တည်ချက်များတွင်သာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုကွာခြားချက်မှာ အရေးကြီးပါသည်။
အဖြစ်မှန်ထက် မမှန်ကန်သော ဇာတ်ကြောင်းများက အသာစီးရနေသည်၊ အမှန်တရားထက် မှားယွင်းသော ဇာတ်လမ်းဆင်မှုများက လွှမ်းမိုးနေခြင်း
၂၀၂၆ ခုနှစ် မိုးရာသီကုန်ခါနီးအချိန်တွင် မြန်မာနိုင်ငံ၏ အဓိကကျသော ဖြစ်ပျက်ပြောင်းလဲမှု အခြေအနေများ မည်သို့ရှိနေသည်ကို ကြည့်မည်ဆိုပါက မြေပြင်အခြေအနေနှင့် ကင်းကွာနေသော ဇာတ်ကြောင်းဆင်မှုများ၏ လွှမ်းမိုးမှုကြောင့်လမ်းမှားမရောက်စေရန် အထူးသတိထားဖို့ လိုအပ်မည်ဖြစ်ပါသည်။
လွန်ခဲ့သော ၈ လမှ ၁၀ လခန့်အတွင်း စစ်အုပ်စုက စီစဉ်ကျင်းပသည့် "ရွေးကောက်ပွဲများ"၊ "စစ်တပ်က ကျောထောက်နောက်ခံပြုထားသော အရပ်သားအစိုးရသစ်" ဖွဲ့စည်းခြင်းများ၊ "တရုတ်နိုင်ငံက ဖိအားပေး လုပ်ဆောင်စေသည့် အပစ်အခတ်ရပ်စဲရေးများ"၊ စစ်အုပ်စု၏ စစ်ရေးထိုးစစ်ဆင်မှုများနှင့် "ငြိမ်းချမ်းရေး" အတွက် လိုအပ်ချက်နှင့် အခွင့်အလမ်းများ အကြောင်းကို မြန်မာနိုင်ငံပြင်ပတွင် မီဒီယာများနှင့် သံတမန်ရေးရာ ဆွေးနွေးမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြောဆိုနေကြပါသည်။ ထိုသို့ ပြောဆိုနေကြစဉ်မှာပင် ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲ၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ဖျက်ဆီးမှုများ တိုးပွားလာနေသည့် ရက်စက်ခါးသီးသော လက်တွေ့အခြေအနေကိုမူ လျစ်လျူရှုထားကြပါသည်။
နေပြည်တော်တွင် အဓိပ္ပာယ်ပြည့်ဝသော ပြောင်းလဲမှု တစုံတရာ မရှိခဲ့ပါ။ နေပြည်တော်စစ်အုပ်စုသည် မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာရှင်အစိုးရပင် ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လုပ်ရပ်များမှာလည်း ပြောင်းလဲခြင်းမရှိပါ။ ၎င်းတို့သည် စစ်ပွဲကို ဆက်လက်ဖော်ဆောင်နေသလို စစ်ပွဲကို ပိုမိုတိုးချဲ့ရန်လည်း စီစဉ်လျက်ရှိပါသည်။
မီဒီယာများ၊ သံတမန်ရေးရာ ဆွေးနွေးမှုများ၊ အတွေးအခေါ်များနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများအထိ စိမ့်ဝင်ပျံ့နှံ့သွားခဲ့သည့် စစ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ လှည့်ဖြားပြောဆိုထားသော မှားယွင်းသည့် ဇာတ်လမ်းဆင်မှုအချို့ကို ဥပမာပေးလိုပါသည်။
စစ်အုပ်စုက "ကျွန်ုပ်တို့သည် ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရဖြစ်သည်" ဟု ပြောဆိုပါသည်။ လက်တွေ့တွင်မူ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံတွင် အာဏာဗဟို ပြုထားသည့် စစ်အာဏာရှင်အဖွဲ့အစည်းကသာ နေပြည်တော်တွင်အာဏာရယူထားဆဲ ဖြစ်ပါသည်။ ၎င်းတို့က "ကျွန်ုပ်တို့သည် တည်ငြိမ်မှုကို ဖန်တီးပေးနိုင်သည်" ဟု ပြောဆိုပါသည်။ လက်တွေ့တွင်မူ မင်းအောင်လှိုင်၏ စစ်အာဏာရှင်အစိုးရသည် ပဋိပက္ခနှင့် ဖျက်ဆီးမှုများ၏ အဓိကရင်းမြစ်အဖြစ် ရှိနေဆဲဖြစ်ပါသည်။ ၎င်းတို့က ငြိမ်းချမ်းရေးကို ရှာဖွေနေသည်ဟု ပြောဆိုနေသော်လည်း စစ်ပွဲကို ပိုမိုတိုးချဲ့ဖော်ဆောင်နေပြီး အရပ်သားပြည်သူများအပေါ် ကြောက်ရွံ့ထိတ်လန့်စေမှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခြင်းအားဖြင့် စစ်ပွဲကို အဓိကထား ဆင်နွှဲလျက်ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာဆက်ဆံထားသည်ဟု ၎င်းတို့ကပြောဆိုသော်လည်း သူနှင့်အတူ သောင်းနှင့်ချီသည့်ပြည်သူများမှာ ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် လျစ်လျူရှုခံရမှုများ ရင်ဆိုင်နေရသော ခိုင်လုံသောသက်သေများရှိနေပြီး၊ စိုးရိမ်ပူပန်ဖွယ်ရာအခြေအနေများကြားတွင် ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပါသည်။
၎င်းတို့က နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်နေသည်ဟု ဆိုထားသော်လည်း လိမ်လည် လှည့်ဖြားမှု လုပ်ဆောင်သည့်စင်တာများနှင့် ရာဇဝတ်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် အာဏာပိုင် အဖွဲ့အစည်းများက နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေသည့်စနစ်တခုအတွင်း ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သည်ဟုဆိုထားသော်လည်း၊ တဖက်တွင်မူ အကူအညီများကို စနစ်တကျ ပိတ်ပင်တားဆီးခြင်းနှင့် လက်နက်သဖွယ်အသုံးချ ခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး အစားအစာ၊ လောင်စာဆီ၊ ဆက်သွယ်ရေး၊ ကုန်သွယ်မှု၊ ဆေးဝါးနှင့် အခြားအကူအညီများ ရရှိခွင့်မရအောင် ပိတ်ပင်ထားခြင်းကို စစ်ရေးလက်နက်တခုအဖြစ် အသုံးပြု နေပါသည်။
လက်ရှိအချိန် အပြောင်းအလဲတွင် ပါဝင်လှုပ်ရှားသင့်ကြောင်း အမြော်အမြင်ရှိသူများသည် စီးပွားရေးအရ အကျိုးအမြတ်များကိုရယူနေကြပြီဟူသော သတင်းစကားကိုလည်း စစ်အုပ်စုက ဖြန့်ဝေလျက်ရှိသည်။ သို့သော် ၎င်းတို့ လက်မှတ်ရေးထိုးထားသော စီးပွားရေး စီမံကိန်းများနှင့် သဘောတူညီချက်အများအပြားကိုမူ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ အဓိကအားဖြင့် ၎င်းစစ်အုပ်စုသည် မြန်မာနိုင်ငံကို တည်ငြိမ်အောင်ပြု လုပ် ထိန်းချုပ်နိုင်နေပြီ ဖြစ်ကြောင်း၊အနာဂတ်တွင် စစ်အုပ်စုက ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်းနှင့် အနာဂတ်ကို ၎င်းတို့စစ်အုပ်စုကသာ ချုပ်ကိုင်ထားကြောင်း အခြားသူများအား ယုံကြည်လာစေလိုကြသည်။ သို့သော် ဤကဲ့သို့သော ဝါဒဖြန့်ချိမှု များ၏နောက်ကွယ်တွင်မူ စစ်အုပ်စုသည် အလွန်အမင်း အားနည်းချက်များ ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ပြောင်းလဲမှုမရှိဘဲ ဆက်လက်ခေါင်းမာနေပြီး၊ အလျှော့မပေးဘဲ ဆက်လက်ရက်စက်ကြမ်းကြုတ်နေကြသော်လည်း အားနည်းချက်များ ရှိနေသည့် အနေအထားတွင် ရှိနေသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မရှိပါ။ စစ်အုပ်စုသည် အကြွင်းမဲ့အောင်ပွဲရရှိရေးအတွက် တိုက်ပွဲဝင်နေခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံသည် စစ်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပိုမိုပြင်းထန်လာနေသည့်အခြေအနေတွင် ရှိနေပါသည်။ ဤအချက်ကို ရှင်းလင်းစွာပြောဆိုရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပြင်ပကမ္ဘာ၏အမြင်များမှာ လွဲမှားနေသောကြောင့်ဖြစ်သည်။ ပြင်ပကမ္ဘာက စစ်အုပ်စုသည် ၎င်း၏ ထိန်းချုပ်မှုကို ပြန်လည်ခိုင်မာစေပြီး တနည်းနည်းဖြင့် "ပုံစံသစ်" ဖြစ်လာကာ ပိုမိုကောင်းမွန်သော လုပ်ဆောင်ချက်များအတွက် အသင့်ဖြစ်နေပြီဟု ယူဆနေကြသည်။ တဖက်တွင်လည်း တော်လှန်ရေးအင်အားစုများမှာ မောပန်းနွမ်းနယ်နေပြီး အရင်းအမြစ်များ အလွန်အမင်းလိုအပ်နေကာ တဖြည်းဖြည်းအားနည်းပျက်စီးလာနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခု ဖြစ်ပေါ်လာနိုင်သည်ဟူသော ထင်မြင်ယူဆချက်များက အခြေအနေကို လွဲမှားစွာမြင်တွေ့စေခဲ့သည်။
နီးကပ်သော အနာဂတ်ကာလအတွင်း ငြိမ်းချမ်းရေးရရှိနိုင်မည့် လက်တွေ့ကျသော အလားအလာမရှိသော်လည်း "ငြိမ်းချမ်းရေးဆိုင်ရာ ဇာတ်လမ်းဖန်တီးမှု" (peace narrative) သည် သံတမန်ရေးရာနှင့် မူဝါဒရေးရာ ဆွေးနွေးမှုများတွင် လက်ရှိဖြစ်ပွားနေသော စစ်ပွဲ၏ အမှန်တရားကိုဖုံးကွယ်ထားရုံသာမက ပိုမိုဆိုးရွားသော သက်ရောက်မှုများကိုလည်း ဖြစ်ပေါ်စေပါသည်။
မကြာသေးမီက ငြိမ်းချမ်းရေးရရှိနိုင်မည့် အလားအလာများအကြောင်းပြောဆိုမှုများ များပြားလာခြင်း၊ ပြင်ပမှဖိအားပေးမှုများနှင့် သဘောတူညီချက်တခုခု ရရှိစေရန်ရည်ရွယ်သည့် ဆွဲဆောင်မှုများပေါင်းစပ်လာခြင်းတို့ကြောင့် တော်လှန်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတချို့တွင် "နည်းဗျူဟာမြောက် ငြိမ်းချမ်းရေး" တခုခုကိုရယူရန် မလွှဲမရှောင်သာ ဖြစ်လာနေသည်ဟူသော အတွေးအခေါ်မျိုး စတင်ဝင်ရောက်လာသည်။
ဤနည်းလမ်းဖြင့် စစ်အုပ်စု၏ ဇာတ်လမ်းဖန်တီးမှုသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းပါဝင်ပတ်သက် သူများ၏အတွေးအခေါ်ထဲသို့ ဦးစွာဝင်ရောက်လာပြီး ထိုမှတဆင့် တော်လှန်ရေးအင်အားစုများ၏ အတွေးအခေါ်ထဲသို့ပါ စတင်ထိုးဖောက်ဝင်ရောက်လာပါသည်။ ပြည်သူလူထု၏ ပြင်းထန်သော မုန်းတီးမှုကို ခံထားရသည့် မင်းအောင်လှိုင်၏ စစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲများနှင့် ငြိမ်းချမ်း ရေးကမ်းလှမ်းချက်များကို ယုံကြည်လာစေရန် မြန်မာပြည်သူများကို စည်းရုံးသိမ်းသွင်းနိုင်ခြင်းမရှိပါ။ သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် ပြင်ပပါဝင်ပတ်သက်သူများထံမှ ထိုကဲ့သို့သော အဆိုပြုချက်များ ထွက်ပေါ်လာပြီး ဖိအားပေးမှုများ၊ ဆွဲဆောင်မှုများနှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများဖြင့် ပေါင်းစပ်လာသောအခါတွင်မူ တော်လှန်ရေးအင်အားစုအချို့၏ အတွေးအခေါ်အပေါ် သက်ရောက်မှုများ စတင်ဖြစ်ပေါ်လာနိုင်ပါသည်။
ဤအခြေအနေသည် အန္တရာယ်ရှိသော မညီမျှမှုတခုကို ဖန်တီးပေးနေပါသည်။ စစ်အုပ်စုသည် ၎င်းတို့ရယူလိုသည့်အရာ (အကြွင်းမဲ့နှင့် နောက်ဆုံးအောင်ပွဲ) နှင့် ပတ်သက်၍ မဟာဗျူဟာမြောက် ရှင်းလင်း ပြတ်သားမှုရှိနေသော်လည်း တော်လှန်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းအချို့မှာမူ ၎င်းတို့၏ မဟာဗျူဟာ မြောက်ဦးတည်ချက်နှင့် ပတ်သက်၍ ဝေဝါးမှုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိနေသည်။ စစ်အုပ်စုအနေဖြင့် "နည်းဗျူဟာမြောက်ငြိမ်းချမ်းရေး" ကို ရယူရန် စိတ်ကူးမရှိပါ။ ရန်သူဘက်ကရေရှည် မဟာဗျူဟာမြောက်ရှင်းလင်းပြတ်သားမှုကို ဆက်လက်ထိန်းထားနိုင်ချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့် "ငြိမ်းချမ်းရေး" ဟူသော စကားလုံးကြောင့် မိမိတို့ဘက်၌ မဟာဗျူဟာမြောက် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာ စေခြင်းကို ခွင့်မပြုသင့်ပေ။
“ထာဝရစစ်ပွဲ” ဇာတ်ကြောင်း၏ အန္တရာယ်
တင်းတင်းကျပ်ကျပ် စိန်ခေါ်သင့်သည့် နောက်ထပ်ဇာတ်ကြောင်းတခုမှာ မြန်မာနိုင်ငံ၏ “ထာဝရစစ်ပွဲ” ဟူသော အယူအဆဖြစ်သည်။ ဟုတ်ပါသည် စစ်အာဏာရှင်ဆန်သော၊ စစ်တပ်လွှမ်းမိုးသည့် ဗဟိုနိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) နှင့် တိုင်းရင်းသားလူမျိုးများအကြား စစ်ပွဲသည် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည်။ သို့သော် ထိုအချက်တခုတည်းကြောင့် မြန်မာနိုင်ငံတွင် စစ်ပွဲသည် မလွဲမသွေဖြစ်ရမည်၊ အဆုံးမရှိရမည်၊ သို့မဟုတ် နိုင်ငံအတွင်းရှိ ကွဲပြားမှုများသည် အဖြေမရှိ လောက်အောင် နက်ရှိုင်းသည်ဟု မဆိုလိုပါ။
ထို့ပြင် လက်ရှိစစ်ပွဲကိုလည်းထို “ထာဝရစစ်ပွဲ” ၏ နောက်ထပ်ဆက်လက်မှုတခုသာဟု မလျှော့ချသင့်ပါ။ လက်ရှိစစ်ပွဲသည် လူထုကအလွန်မုန်းတီးသည့် တရားဝင်မှုမရှိသော ရာဇဝတ်စစ်အုပ်စုက တနိုင်ငံလုံးအနှံ့ တော်လှန်ရေးနှင့် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီး နောက်ပေါ်ပေါက်လာသည့် ဗမာတိုင်းရင်းသားမဟာမိတ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် စစ်ပွဲဖြစ်သည်။
“ထာဝရစစ်ပွဲ” ဇာတ်ကြောင်းတွင် နိုင်ငံရေးဆိုင်ရာ အကျိုးဆက်များရှိသည်။ ၎င်း“ထာဝရစစ်ပွဲ” ဇာတ်ကြောင်းပြောနေသူများက ပြင်ပအင်အားစုများကို “ဝင်မပါပါနဲ့၊ အခြေအနေက အလွန်ရှုပ်ထွေးတယ်၊ ကျွံဝင်မိရင် ပြန်ထွက်လို့မရတဲ့ အရှုပ်အထွေးဖြစ်တယ်၊ ဘာကိုမှ အမှန်တကယ်ဖြေရှင်းလို့ရမှာမဟုတ်ဘူး၊ နောက်ဆုံး စစ်တပ်က ဗဟိုချုပ်ကိုင်မှသာ အထိုက်အလျောက်တည်ငြိမ်တဲ့ ဖြေရှင်းချက်ဖြစ်နိုင်တယ်”ဟု ဆိုနေကြခြင်းဖြစ်သည်။
ထိုသတ်မှတ်ချက် (အဆို) ကို ငြင်းပယ်သင့်သည်။ လက်ရှိစစ်ပွဲသည် ဖြေရှင်း၍မရသည့် စစ်ပွဲမဟုတ်ပါ။ မြန်မာနိုင်ငံ၏အိမ်နီးချင်းများနှင့် အခြားဒေသတွင်းအင်အားစုများသည် စစ်အုပ်စုဘက်သို့ လောင်းကြေးထပ်ခြင်း၊ စစ်အုပ်စုကို နိုင်ငံရေးနှင့် သံတမန်ရေးအရ အသိအမှတ်ပြုမှုပေးခြင်း၊ အရင်းအမြစ်များ၊ နည်းပညာ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို စစ်အုပ်စုလက်ထဲသို့ ထည့်ပေးခြင်းတို့ဖြင့် စစ်ပွဲကို ရှည်ကြာစေရန်လုပ်ဆောင်နေခြင်းတို့အတွက် ကြီးမားစွာတာဝန်ရှိနေပါသည်။ မြန်မာနိုင်ငံနှင့် ဝေးလံသည့် အာဏာရှင်နိုင်ငံများက စစ်ရေးနှင့် အခြားအထောက်အပံ့များပေးနေခြင်းလည်း ထိုကဲ့သို့ပင် စစ်ပွဲကိုရှည်ကြာစေရန် လုပ်ဆောင်နေခြင်း ပင်ဖြစ်သည်။ ထိုပြင်ပအင်အားစုများသည် ပဋိပက္ခကို အဝေးမှ ကြည့်နေခြင်း သို့မဟုတ် စီမံခန့်ခွဲနေခြင်းသာမဟုတ်ဘဲ စစ်အုပ်စု၏ စစ်ဆက်တိုက်နိုင်စွမ်းကို အမှန်တကယ် ထောက်ပံ့ပေး နေခြင်းဖြစ်သည်။
စစ်ပွဲသည် အဆုံးသတ်နိုင်ပါသည်။ သို့သော် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများက စစ်အုပ်စု၏ ဗမာလူထုနှင့် တိုင်းရင်းသားလူမျိုးစုတော်လှန်ရေးအင်အားစုများအပေါ် ဆက်လက် စစ်တိုက်နိုင်စွမ်းကို အားဖြည့်ပေးနေသရွေ့ စစ်ပွဲကို အဆုံးသတ်ရန် ပိုမိုခက်ခဲနေမည်ဖြစ်သည်။ ထိုပြင်ပအင်အားစုများသည် စစ်အုပ်စု၏ အင်အားဖြင့် အနိုင်မရနိုင်သည့် သိမ်းပိုက်ရေးနှင့် ကျူးကျော်စစ်ကို ရှည်ကြာအောင်လုပ်နေကြသည်။
စစ်အုပ်စုက စစ်ရေးအရ မနိုင်နိုင်သော်လည်း၊ နိုင်ငံရေးအရ အနိုင်ရနိုင်သည်
လွန်ခဲ့သည့် တနှစ်ခွဲခန့်ကာလအတွင်း စစ်အာဏာရှင်အစိုးရအနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် စီးပွားရေးနယ်ပယ်အသီးသီးတွင် အမြဲမပြတ် ထိုးစစ်ဆင်လျက်ရှိပြီး တော်လှန်ရေး အင်အားစုများမှာမူ အဆက်မပြတ်ဆုတ်ခွာကာ အားနည်းကျဆင်း လျက်ရှိသည်ဟူသော သုံးသပ်ပြောဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိသည်။ ဤအချက်သည် တစိတ်တပိုင်းသာ မှန်ကန်ပါသည်။ တချိန်တည်းမှာပင် ၎င်းသည် လက်တွေ့အခြေအနေကို လွဲမှားစွာပုံဖော်ထားခြင်းဖြစ်ပြီး၊ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့လာသည်နှင့်အမျှ မိမိကိုယ်ကိုယ် ပြန်လည်ခိုင်မာစေသည့် သဘောသဘာဝမျိုး ဖြစ်လာနေသော သုံးသပ်ချက် တခုလည်းဖြစ်သည်။ ရှင်းလင်းစွာဖော်ပြရလျှင် မင်းအောင်လှိုင်၏စစ်အုပ်စုသည် မကြာမီကာလအတွင်း တော်လှန်ရေးအင်အားစုများကို စစ်ရေးအရ အနိုင်ယူနိုင်မည်မဟုတ်ပါ။ မင်းအောင်လှိုင်၏ စစ်အုပ်စုသည် ကြီးမားသည့် ပျက်စီးဆုံးရှုံးမှုနှင့် ဖျက်ဆီးမှုများ ဖြစ်စေနိုင်သော်လည်း နိုင်ငံတဝန်းကို ပြန်လည်ထိန်းချုပ်နိုင်မည် မဟုတ်ပါ။ သို့သော် စစ်အုပ်စုသည် မိမိတို့ကိုယ်ကိုယ် မြန်မာနိုင်ငံ၏ဗဟိုအစိုးရအဖြစ် အခြားနိုင်ငံများက မြင်လာစေရန်အတွက် ပုံရိပ်တည်ဆောက်ခြင်းဖြင့် နိုင်ငံရေးအရ အသာစီးရနိုင်သည်။
စစ်အုပ်စု ဆက်လက်ရှင်သန်နိုင်ပါက ၎င်းရှင်သန်မှုသည် စစ်မြေပြင်အောင်ပွဲများကြောင့် မဖြစ်နိုင်ပါ။ တရားဝင်မှုနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရလာခြင်းကြောင့်သာ ဆက်လက် ရှင်သန်ပြီးအသာစီးရနိုင်သည်။ နိုင်ငံတကာက တစိတ်တပိုင်းပင်ဖြစ်စေ အသိအမှတ်ပြုလာပါက ငွေကြေးအရင်း အမြစ်များ၊ လက်နက်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် သစ္စာခံများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အခွင့်အရေးသမားများ၏ ယုံကြည်မှုကို ပြန်လည်ရရှိနိုင်သည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့မည့် ဗဟိုအစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်လာကြပါက အားနည်းသည့်အခြေအနေမှ တဖြည်းဖြည်း ပြန်လည်အားကောင်းလာနိုင်သည်။
ထို့ကြောင့် အဓိကတိုက်ပွဲနယ်ပယ်များသည် စစ်ရေးရှေ့တန်းစစ်မြေပြင်များတွင်သာ မဟုတ်တော့ပေ။ နိုင်ငံရေး၊ သံတမန်ရေး၊ သတင်းအချက်အလက်နှင့် စိတ်ဓာတ်စစ်ဆင်ရေး နယ်ပယ်များတွင် အရေးကြီးသည့် တိုက်ပွဲများ တပြိုင်နက်တည်း ဖြစ်ပွားနေသည်။
(အပိုင်း ၂ )
စစ်အုပ်စု၏ အောင်မြင်သောဗျူဟာ၊ တိုက်ပွဲနယ်ပယ်အသီးသီးက အပြန်အလှန် အထောက်အကူ ပြုနေခြင်း
တော်လှန်ရေးအင်အားစုများတွင် လက်ရှိမရှိသေးသော သို့မဟုတ် လုံလောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော အရာအချို့ကို စစ်အုပ်စုက ပိုင်ဆိုင်ထားသည်။ ၎င်းတို့မှာ အတွင်းသဘောတရားအရ ခိုင်မာသောယုတ္တိရှိသည့်အစီအစဉ်တခု၊ ၎င်းကို အကောင်အထည်ဖော်နိုင်မည့် စည်းကမ်းရှိမှု၊ လိုအပ် သောအရင်းအမြစ်များနှင့် မလျှော့သော ဇွဲလုံ့လဖြင့် ဗျူဟာမြောက် စိတ်ရှည်သည်းခံနိုင်စွမ်းတို့ ဖြစ်ကြသည်။
စစ်ရေး၊ နိုင်ငံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေး၊ လူထုအမြင်နှင့် ဝါဒဖြန့်ချိရေး ဇာတ်ကြောင်းဖော်မှု၊ စိတ်ဓာတ်စစ်ဆင်ရေး၊ အရင်းအမြစ်နှင့် နည်းပညာဆိုင်ရာ တိုက်ပွဲ နယ်ပယ်များအကြား အပြန်အလှန် သက်ရောက်မှုများကို နားလည်သဘောပေါက်မှသာလျှင် ၎င်းတို့၏ဗျူဟာကို ကောင်းစွာနားလည်နိုင်မည် ဖြစ်သည်။
ဤအချက်များကို အသေးစိတ်ရှင်းလင်းတင်ပြပြီး အရေးကြီးသည့် အပြန်အလှန်အားဖြည့်ပေးနေသည့် လှုပ်ရှားမှုပုံစံများကို ဖော်ပြပါမည်။
စစ်ရေးတိုက်ပွဲနယ်ပယ်
၂၀၂၅ ခုနှစ်တလျှောက်လုံးတွင် စစ်အုပ်စုသည် ဖြည်းဖြည်းချင်း စိတ်ရှည်သည်းခံစွာဖြင့် ရှေ့ဆက် လှုပ်ရှားခဲ့ပြီး၊ ရနိုင်သမျှကိုရယူကာ "ပြန်လည်အားကောင်းလာနေသည်" ဟူသော အမြင်ကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းတို့အနေဖြင့် အောင်မြင်မှုအချို့ ရရှိခဲ့သော်လည်း ယေဘုယျအားဖြင့် တိုးတက်မှုနှေးကွေးခဲ့ပြီး နေရာအများအပြားတွင် အခြေအနေမှာ တုံ့ဆိုင်းရပ်တန့်နေခဲ့သည်။ စစ်ရေးအရ အဆုံးအဖြတ် ပေးနိုင်မည့်အောင်ပွဲမျိုးကို မရယူနိုင်ခဲ့သော်လည်း၊ ကန့်သတ်ချက်ရှိသော တိုးတက်မှုများကပင် နိုင်ငံရေးနှင့် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုများကို ဖန်တီးပေးနိုင်သောကြောင့် အရေးပါနေဆဲဖြစ်သည်။
နိုင်ငံရေးတိုက်ပွဲနယ်ပယ်
၂၀၂၅ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် စစ်အုပ်စုသည် အတုအယောင် ရွေးကောက်ပွဲများနှင့် အတုအယောင်အရပ်သားအစိုးရပုံစံတခု ဖွဲ့စည်းရေးဘက်သို့ အာရုံစိုက်မှု ပြောင်းလဲခဲ့သည်။ တနည်းအားဖြင့်ဆိုရသော် ဗဟိုအစိုးရအဖြစ် မည်သူက အသိအမှတ်ပြု ခံရမည်ဆိုသည့် ကိစ္စရပ်နှင့်ပတ်သက်၍ စစ်ရေးတိုက်ပွဲနယ်ပယ်မှ နိုင်ငံရေးတိုက်ပွဲနယ်ပယ်သို့ ၎င်းတို့၏ ဗျူဟာမြောက်အာရုံစိုက်မှုကို ပြောင်းလဲ ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းနိုင်ငံရေးတိုက်ပွဲနယ်ပယ်တွင်လည်း စစ်အုပ်စုသည် အဆုံးအဖြတ်ပေးနိုင်မည့် အောင်ပွဲမျိုးကို ထပ်မံမရရှိခဲ့ပေ။ ၎င်းတို့သည် အတုအယောင်ရွေးကောက်ပွဲများကို ကျင်းပခဲ့သော်လည်း ပြည်တွင်း၌ တရားဝင်မှုရှိသည်ဟူသော ယုံကြည်လက်ခံနိုင်လောက်သည့် အခြေအနေမျိုးကို ဖန်တီးနိုင်ခြင်း မရှိခဲ့ပါ။ ထိုအတုအယောင်ရွေးကောက်ပွဲများသည် လူအများယုံကြည်လက်ခံလာစေရန် လုံလောက်သောအား ကောင်းမှုမရှိခဲ့ပေ။ သို့သော်လည်း ဗဟိုအစိုးရဖြစ်သည်ဟူသော ၎င်းတို့၏ပြောဆိုချက်ကို ပိုမိုခိုင်မာစေ ခြင်းနှင့် တော်လှန်ရေးအင်အားစုများကို နိုင်ငံတော်အဆင့်မဟုတ်သော အဖွဲ့အစည်းများ အဖြစ်သို့ ပြန်လည်သတ်မှတ်ခံရစေရန် တွန်းပို့ခြင်းတို့မှတဆင့် နိုင်ငံရေးအရ အကျိုးအမြတ်အချို့ကိုမူ ရယူနိုင်ခဲ့သည်။
ထို့ကြောင့် ၂၀၂၆ ခုနှစ် အစောပိုင်းကာလသို့ ရောက်ရှိချိန်တွင် စစ်အုပ်စုသည် စစ်ရေးအရ အနိုင်ရနိုင်စွမ်း မရှိတော့သည့်အခြေအနေမျိုးနှင့် ရင်ဆိုင်ခဲ့ရသလို၊ နိုင်ငံရေးအရအနိုင်ရရန် ကြိုးပမ်းခဲ့ရာတွင်လည်း ထိုနယ်ပယ်၌ ရရှိနိုင်သမျှအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိပြီး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် သံတမန်ရေးရာနည်းလမ်းဖြင့် အနိုင်ရရှိရန် ကြိုးပမ်းဆောင်ရွက်ရေးဘက်သို့ အာရုံစိုက်လာခဲ့သည်။
ဒေသတွင်းနှင့် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ တိုက်ပွဲဝင်နယ်ပယ်
စစ်အုပ်စုသည် ယခုအခါ သံတမန်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် ထိုးစစ်ဆင်လျက်ရှိသည်။ ၎င်းတို့၏ရည်မှန်းချက်မှာ အိမ်နီးချင်းနိုင်ငံများထံမှထိတွေ့ဆက်ဆံမှုနှင့် အသိအမှတ်ပြုမှုတို့ကို တတ်နိုင် သမျှရယူရန်၊ အာဆီယံအဖွဲ့အစည်းကို ကွဲပြားစေရန်နှင့် အာဏာရှင်စနစ်ကျင့်သုံးသော မိတ်ဖက်နိုင်ငံများထံမှ ထောက်ခံမှုကို ခိုင်မာစေရန်တို့ ဖြစ်သည်။
မင်းအောင်လှိုင်နှင့် ၎င်း၏အုပ်စုသည် မြန်မာနိုင်ငံ၏ အနာဂတ်ကိုချုပ်ကိုင်ထားသူများဖြစ်ပြီး၊ အကျိုးအမြတ်များသော စီးပွားရေးအခွင့်အလမ်းများအပြင် အိမ်နီးချင်းနိုင်ငံများအတွက် မဟာဗျူဟာမြောက်၊ ပထဝီနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအကျိုးစီးပွားများဆီသို့ ဦးတည်စေမည့် တံခါးပေါက်ကို ကိုင်စွဲ ထားသူများဖြစ်သည်ဟူသောပုံရိပ်မျိုးကို ဖန်တီးလိုကြသည်။ ထို့ကြောင့်ပင် အနာဂတ်တွင်အခွင့်အလမ်းများစွာရှိနေသည်ဟူသော အထင်အမြင်ကို ဖြစ်ပေါ်စေပြီး စောစီးစွာ ထိတွေ့ဆက်ဆံလိုစိတ်ဖြစ်ပေါ်စေမည့် မည်သည့်နားလည်မှုစာချွန်လွှာ (MoU) သို့မဟုတ် သဘောတူညီချက်မျိုးကိုမဆို မင်းအောင်လှိုင် အုပ်စုက လက်မှတ်ရေးထိုးသွားဖွယ်ရှိသည်။
နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်ရှိ ဤထိုးစစ်ဆင်မှုသည် အခြားရည်ရွယ်ချက်တခုကိုလည်း ဖြည့် ဆည်းပေးနေပါသည်။ ၎င်းမှာ တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ်ကျဆင်းစေရန် ရည်ရွယ်သည့် စိတ်ဓာတ်စစ်ဆင်ရေးလှုပ်ရှားမှုကို အထောက်အကူပြုစေခြင်းပင်ဖြစ်သည်။ ၎င်းသည် စစ်အုပ်စုအနေဖြင့် လက်ရှိတွင်အလွန်တက်ကြွစွာ လုပ်ဆောင်လျက်ရှိသော နောက်ထပ် တိုက်ပွဲဝင်နယ်ပယ်တခုလည်း ဖြစ်သည်။
အမြင်သဘောထားများ၊ ဇာတ်ကြောင်းပုံဖော်မှုများနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးတို့ ယှဉ်ပြိုင်ရာ စစ်မျက်နှာ
ရည်ရွယ်ချက်မှာ စစ်အုပ်စုထိန်းချုပ်ထားသော မြို့ကြီးများနှင့် အလတ်စားမြို့များ၌ "ပုံမှန် အခြေအနေ" ရှိနေဟန် ပြသရန်နှင့် ပြည်တွင်း၊ ပြည်ပသို့ ရိုးရှင်းသောသတင်းစကားတခုပေးပို့ရန် ဖြစ်သည်။ ၎င်းမှာ စစ်အုပ်စုက အနာဂတ်ကို ချုပ်ကိုင်ထားသဖြင့် အခြားသူများအနေဖြင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုကောင်းလိမ့်မည်ဟူသော အချက်ပင်ဖြစ်သည်။ စစ်အုပ်စုက မိမိတို့သည် မြန်မာနိုင်ငံ၏ ဗဟိုအစိုးရဖြစ်ကြောင်းနှင့် စီးပွားရေး အကျိုးအမြတ်များရရှိနိုင်မှုကို မိမိတို့ကသာ ချုပ်ကိုင်ထားကြောင်း ပြောဆိုချက်များကို ခိုင်မာစေလိုသည်။
သို့သော် ဤကိစ္စသည် ၎င်းတို့၏ ပုံရိပ်ကိုမြှင့်တင်ခြင်း သက်သက်သာမဟုတ်ပါ။ မလွှဲမရှောင်သာဖြစ်လာမည့် အခြေအနေမျိုးကို ဖန်တီးရန်လည်းရည်ရွယ်သည်။ ဆိုလိုသည်မှာ စစ်အုပ်စုသည် အာဏာကို ပိုမို ခိုင်မာစေလျက်ရှိပြီး၊ တော်လှန်ရေး အင်အားစုများ၏ အရှိန်အဟုန်မှာ တဖြည်းဖြည်းလျော့ကျလာကာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေးရာ နယ်ပယ်ရှိ ပါဝင်ပတ်သက်သူများအနေဖြင့် စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေမည့် လက်တွေ့အခြေအနေနှင့် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် လိုက်လျောညီ ထွေဖြစ်အောင်နေထိုင်ကြရလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။
ထိုသို့သော အမြင်သဘောထားမျိုးသာအများလက်ခံလာပါက တော်လှန်ရေးအင်အားစုများ၏ စိတ်ဓာတ်ကိုကျဆင်းစေနိုင်ပြီး၊ အခွင့်အရေးယူလိုသူများအနေဖြင့် စစ်ကောင်စီဘက်သို့ ယိမ်းယိုင်လာစေကာ၊ ပြင်ပမှ ပါဝင်ပတ်သက်သူများအနေဖြင့်လည်း နေပြည်တော်နှင့် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန် ပိုမိုဆန္ဒရှိလာ စေနိုင်ပါသည်။ ထိုရှုထောင့်မှကြည့်လျှင် အမြင်သဘောထားများနှင့် ဇာတ်ကြောင်းပုံဖော်မှုများအပေါ် ယှဉ်ပြိုင်ရသည့်တိုက်ပွဲသည် နိုင်ငံရေးနှင့် သံတမန်ရေးရာစစ်မျက်နှာပြင်များနှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။
အရင်းအမြစ်များအတွက် တိုက်ပွဲနှင့် စစ်ရေးနည်းပညာ အဆင့်မြှင့်တင်ခြင်း
စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာရေးရာဟူသော လမ်းကြောင်းသုံးခုစလုံးသည် နောက်ဆုံးတွင် အရင်းအမြစ်များအတွက်တိုက်ပွဲဆင်နွှဲရာ၌ ပေါင်းဆုံကြသည်။ ဤအချက်သည် အလွန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် အရင်းအမြစ်များကသာ စစ်အာဏာရှင်အုပ်စုအား စစ်ပွဲကို ဆက်လက်ဆင်နွှဲ နိုင်စေခြင်း၊ နည်းပညာကိုအဆင့်မြှင့်တင်နိုင်စေခြင်းနှင့် အတင်းအကျပ် ဖိအားပေးခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ စွမ်းရည်များကိုတိုးချဲ့နိုင်စေခြင်းတို့အတွက် အထောက်အကူပြုသောကြောင့် ဖြစ်သည်။
စစ်ရေးအရအောင်မြင်မှုများရရှိခြင်းသည် နယ်မြေရရှိရေးသက်သက်သာ မဟုတ်ပါ။ ၎င်းတို့သည် ကုန်သွယ်ရေးလမ်းကြောင်းများ၊ နယ်စပ်ဖြတ်ကျော်ဂိတ်များ၊ သယံဇာတထုတ်ယူရာနေရာများနှင့် အခြားသော စီးပွားရေး သို့မဟုတ် မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများဆီသို့ ပြန်လည် ဝင်ရောက်နိုင်ခွင့်ကို ရရှိစေနိုင် သလို၊ တချိန်တည်းမှာပင် တော်လှန်ရေး အင်အားစုများ၏ ထိန်းချုပ်မှုအောက်ရှိ အရင်းအမြစ်များကို အားနည်းသွားစေခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
နိုင်ငံရေးနှင့် သံတမန်ရေးရာအောင်မြင်မှုများကလည်း အလားတူအကျိုးသက်ရောက်မှုမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းတို့သည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် အာဏာရှင်အစိုးရအပေါ် မှီခိုအားထားသည့် ကွန်ရက်များကို အတုအယောင်အစိုးရနှင့် ပိုမိုနီးကပ်လာစေရန် တွန်းအားပေးသကဲ့သို့ ကုန်သွယ်မှု၊ အကူအညီများနှင့် အခွင့်အရေးယူလိုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ပိုမိုဆွဲဆောင်နိုင်ပါသည်။
ထိုသို့ရရှိလာသော အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအသုံးပြုခြင်းမျိုး မဟုတ်ဘဲ စစ်ရေးစွမ်းရည် ပိုမိုမြင့်မားလာစေရန်အတွက်သာ အဓိကအသုံးပြုကြသည်။ ပိုမိုကောင်းမွန်သော ထောက်ပံ့ပို့ဆောင်ရေးစနစ်၊ ပိုမိုဖျက်ဆီးအားကောင်းသည့် နည်းပညာ၊ ပိုမိုအားကောင်းသော စောင့်ကြည့် ထောက်လှမ်းမှုစနစ်၊ ပိုမိုခံနိုင်ရည်ရှိမှုနှင့် ပိုမိုတင်းကျပ်သောထိန်းချုပ်မှုစနစ်များ တည်ဆောက်ခြင်းတို့ ဖြစ်သည်။
ဤအရာသည် အပြန်အလှန်အားဖြည့်ပေးနေသည့် သံသရာလည်ပတ်မှုတခုကို ဖြစ်ပေါ်စေသည်။ အရင်းအမြစ်များ ပိုမိုရရှိလာခြင်းက စစ်ရေးလှုပ်ရှားမှုအသစ်များကို ပြန်လည် လုပ်ဆောင်နိုင်စေသည်။ စစ်ရေးအရအောင်မြင်မှုများက နိုင်ငံရေးနှင့် စိတ်ဓာတ်ရေးရာ ဆိုင်ရာသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ နိုင်ငံရေးနှင့် သံတမန်ရေးရာအောင်မြင်မှုများက အရင်းအမြစ်များကိုထပ်မံဆွဲဆောင်ပေးသည်။ ထို့နောက် ထိုအရင်းအမြစ်များကို စစ်အာဏာရှင်အစိုးရ၏ စစ်ရေးယန္တရားထဲသို့ ပြန်လည်ထည့်သွင်း အသုံးပြုကြသည်။
နီးကပ်သော အနာဂတ်ကာလအတွင်း အထူးသဖြင့် လာမည့် ၁၂ လအတွင်း စစ်ရေးအရ အဆုံးအဖြတ် ပေးနိုင်သောအောင်မြင်မှုမျိုးကို မရရှိနိုင်လျှင်ပင် စစ်အာဏာရှင်များအနေဖြင့် မိမိကိုယ်ကိုယ် ဆက်လက်အားကောင်းလာစေနိုင်သည့် နည်းလမ်းမှာ နိုင်ငံရေး၊ သံတမန်ရေး၊ စိတ်ဓာတ်ရေးရာနှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ အားသာချက်များကို စနစ်တကျနှင့် စိတ်ရှည်သည်းခံစွာ စုဆောင်းနိုင်ပြီး၊ ထို့နောက် ၎င်းတို့ကို ပိုမိုကြီးမားသော စစ်ရေးအင်အားအဖြစ် ပြောင်း လဲအသုံးပြုနိုင်ပါသည်။ ၎င်းတို့၏ အဓိကရည်မှန်းချက်မှာမူ ပြောင်းလဲမသွားဘဲ အလားတူပင် ဖြစ်သည်။ ယင်းမှာ ဗမာနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင် အားစုများ နှစ်ရပ်စလုံးကို ချေမှုန်းနိုင်လောက်သည့် အင်အားပမာဏတခုကို အချိန်ယူတည်ဆောက်သွားရန်ပင် ဖြစ်သည်။
ရှေ့ဆက်မည့်လမ်းကြောင်း - ဦးဆောင်မှုအခွင့်အရေးကို ပြန်လည်ရယူခြင်း
လက်ရှိအချိန်တွင် တော်လှန်ရေးဘက်က အသာစီးရနေခြင်းမရှိပါ။ သို့သော် တော်လှန်ရေး ရှုံးနိမ့်သွားခြင်းလည်း မဟုတ်သလို၊ စစ်အုပ်စုအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် အပြည့်အဝနှင့် အငြင်းပွားစရာမလိုသော ထိန်းချုပ်မှုကို တည်ဆောက်နိုင်ခြင်းမရှိသေးပါ။ အန္တရာယ်ရှိသည့် အချက်မှာ စစ်အုပ်စုသည် ၎င်းတို့၏ စစ်ရေးအရ အနည်းငယ် ပြန်လည်အားကောင်းလာမှုကို နိုင်ငံရေးအရ ပုံမှန်အခြေအနေပြန်ရောက်ခြင်း၊ နိုင်ငံတကာက အသိအမှတ်ပြုလက်ခံလာခြင်း၊ စိတ်ဓာတ်ရေးရာ အသာစီးရခြင်းနှင့် အရင်းအမြစ်များ ပိုမိုရရှိလာခြင်းတို့အဖြစ် တဖြည်းဖြည်း ပြောင်းလဲ ယူလာနိုင်ပြီး၊ ထိုရရှိလာသော အားသာချက်များကို ပိုမိုအားကောင်းသည့် စစ်ရေး စွမ်းရည်အဖြစ် ပြန်လည် အသုံးချ သွားနိုင်ခြင်းပင်ဖြစ်သည်။ တော်လှန်ရေး အင်အားစုများအနေဖြင့် လက်ရှိအခြေအနေအတိုင်း ဆက်လက်ရပ်တည်ပြီးစောင့်ဆိုင်းနေရုံမျှဖြင့် ဤအခြေအနေကိုတုံ့ပြန်၍ မရနိုင်ပါ။ ၎င်းတို့အနေဖြင့် ဦးဆောင်မှုကို ပြန်လည်ရယူရန် လိုအပ်ပါသည်။
ပထမဆုံးနှင့် အရေးအကြီးဆုံး ဦးစားပေးအချက်မှာ ဗမာနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ အကယ်၍ ထိုမဟာမိတ်အဖွဲ့အစည်းပြိုကွဲသွားပါက စစ်အုပ်စုသည် စစ်ရေးနည်းလမ်းဖြင့်ယခင်ကမဖန်တီးနိုင်ခဲ့သော အခွင့်အရေးမျိုးကို ရရှိသွားလိမ့်မည် ဖြစ်သည်။ အဖွဲ့အစည်းအသီးသီးကသီးခြားစီအပစ်အခတ်ရပ်စဲရေး ပြုလုပ်လာခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆက်တိုက်ပြိုလဲမှု (domino effect) သည် စစ်ကောင်စီအား တော်လှန်ရေးအင်အားစုများကို တဖွဲ့ချင်းစီ ကိုင်တွယ်ဖြေရှင်းနိုင်စေခြင်း၊ စစ်မျက်နှာတခုမှ အရင်းအမြစ်များကို အခြားတခုသို့ ရွှေ့ပြောင်းအသုံးပြုနိုင်စေခြင်းနှင့် နေပြည်တော်အစိုးရသာလျှင် ဗဟိုအစိုးရဖြစ်ပြီး ကျန် အဖွဲ့အစည်းများမှာ နိုင်ငံတော်အဆင့်မဟုတ်သော လက်နက်ကိုင်အဖွဲ့များသာဖြစ်သည်ဟူသော နိုင်ငံရေးအမြင်ကို အားကောင်းစေခြင်းတို့အတွက် အခွင့်အရေးပေးသလို ဖြစ်စေပါလိမ့်မည်။
ထို့ကြောင့် ညှိနှိုင်းဆွေးနွေးမှုများကို မူဝါဒအရလုံးဝပယ်ချသင့်သည်မဟုတ်သော်လည်း၊ နိုင်ငံတကာက အသိအမှတ်ပြုထားသော ဗဟိုအစိုးရအဖြစ်ရပ်တည်လျက် စစ်အုပ်စုက တော်လှန်ရေးအင်အားစုများနှင့် သီးခြားစီ ညှိနှိုင်းဆွေးနွေးမည့်မူဘောင်မျိုးကိုမူ တော်လှန်ရေး အင်အားစုများကလက်မခံဘဲ ဆန့်ကျင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပါတီအဖွဲ့အစည်းများ၏ နိုင်ငံရေးအဆင့်အတန်းသတ်မှတ်ချက်သည်ပင်လျှင် အငြင်းပွားလျက်ရှိသော ကိစ္စရပ်၏ အစိတ်အပိုင်းတခု ဖြစ်နေသောကြောင့် ဖြစ်သည်။
ဤအချက်က SCEF ၏ အခန်းကဏ္ဍကို အထူးအရေးပါစေပါသည်။ SCEF သည် အစည်းအဝေးများ၊ ကြေညာချက်များနှင့် ဂရုတစိုက်ညှိနှိုင်းရေးဆွဲထားသော သဘောတူညီချက်များထုတ်ပြန်ရုံသက်သက်လုပ် ဆောင်သည့် အဖွဲ့အစည်းတခုဖြစ်မနေသင့်ပါ။ ယင်းအစား တော်လှန်ရေးအင်အားစုများ၏ လက်ရှိရှိနေသောအစိတ်အပိုင်းများကို လက်တွေ့ လုပ်ဆောင်နိုင်စွမ်းရှိသည့် အမျိုးသားအဆင့်မဟာဗျူဟာမြောက် အင်အားစုအဖြစ် ပြောင်းလဲ ပေးနိုင်သော နိုင်ငံရေးဆိုင်ရာအကောင်အထည်ဖော်မှုယန္တရားတခု ဖြစ်လာသင့်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ စုပေါင်းဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ နိုင်ငံရေးသဘောတူညီချက်များကို ညှိနှိုင်းဆောင်ရွက်မှုများအဖြစ် လက်တွေ့အကောင်အထည်ဖော်ခြင်း၊ နိုင်ငံရေး ဦးစားပေးကိစ္စရပ် များနှင့် စစ်ရေးမဟာဗျူဟာကိုချိတ်ဆက်ပေးခြင်း၊ မတူညီသော အာဏာပိုင်ဗဟိုဌာနများအကြား တာဝန်ဝတ္တရားများကို ရှင်းလင်းသတ်မှတ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တိုင်းတာ အကဲဖြတ်နိုင်စေခြင်းတို့ ဖြစ်သင့်ပါသည်။
တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသူ (တာဝန်ယူမှုရှိသော ရာထူးနေရာများတွင် ရှိနေသူအများအပြား အပါအဝင်) လူပေါင်း ၂၂၀ ခန့်ကို မကြာသေးမီက ကျွန်ုပ်ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် SCEF သည် အဖွဲ့အစည်းအသစ်တခု ဖြစ်သော်လည်း နိုင်ငံတဝန်းလုံး လွှမ်းခြုံအဆင့်ဦးဆောင်မှုဗဟိုအဖြစ် အသိအမှတ်ပြုခံရမှုအများဆုံးအဖွဲ့အစည်းအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။ ဤအချက်က SCEF အတွက် အရေးပါသော အခွင့်အလမ်းတခုကို ဖန်တီးပေးသကဲ့သို့ ကြီးမားသော မျှော်လင့်ချက်များကိုလည်း ဖြစ်ပေါ်စေပါသည်။ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားသူများသည် ပိုမိုကောင်းမွန်သောညှိနှိုင်းဆောင်ရွက်မှုမျိုးကိုသာ တောင်းဆိုနေကြခြင်း မဟုတ်ပါ။ ၎င်းတို့သည် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း၊ လက်တွေ့ လုပ်ဆောင် နိုင်ခြင်းနှင့် တာဝန်ယူမှုရှိခြင်းတို့ ပြုလုပ်နိုင်စွမ်းရှိသောဦးဆောင်မှုကို လိုလားတောင်းဆိုနေကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့် အဖွဲ့အစည်းဆိုင်ရာစိန်ခေါ်မှုမှာ အရာအားလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်အောက်သို့ သွတ်သွင်းရန် မဟုတ်ပါ။ မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုသည် ထိုသို့ပြုလုပ်ရန်အတွက် မတူကွဲပြားမှုများလွန်းပြီး ဗဟိုချုပ်ကိုင်မှုမရှိသော သဘောသဘာဝရှိကာ၊ ၎င်း၏ အင်အားနှင့် တရားဝင်မှုအများစုမှာလည်း ထိုမတူကွဲ ပြားမှုများမှပင်ရရှိလာခြင်း ဖြစ်ပါသည်။ သို့သော် ဗဟိုချုပ်ကိုင်မှု မရှိခြင်းဆိုသည်မှာ မဟာဗျူဟာမြောက် လုပ်ငန်းတာဝန်တိုင်းကို အရင်းအမြစ် လုံလောက်မှုမရှိသော တသီးပုဂ္ဂလများနှင့် အဖွဲ့ငယ်များအကြား ပြန့်ကျဲနေစေခြင်းမျိုး မဖြစ်သင့်ပါ။ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို သဘောတူညီထားသော ဦးစားပေးကိစ္စရပ်များ (ဥပမာ - စစ်ရေးညှိနှိုင်းမှု၊ သံတမန်ရေးရာ၊ အရင်းအမြစ်များ၊ ထောက်ပံ့ပို့ဆောင်ရေး၊ မဟာဗျူဟာမြောက်ဆက်သွယ်ပြောဆိုမှု၊ နည်းပညာနှင့် ထောက်လှမ်းရေးလုပ်ငန်းများ) အတွက် တာဝန်ယူဆောင်ရွက်နိုင်စွမ်းရှိသော၊ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသည့် ပူးတွဲယန္တရားများနှင့် ချိတ်ဆက်ထားရှိရန် လိုအပ်ပါသည်။ ထပ်ခါတလဲလဲမေးမြန်းသင့်သည့် မေးခွန်းမှာ ရိုးရှင်းပါသည်။ မည်သူက တာဝန်ရှိသနည်း၊ မည်သူကလုပ်ဆောင်ရန်အတွက် အာဏာနှင့် အရင်းအမြစ်များပိုင်ဆိုင်ထားသနည်းနှင့် ရလဒ်များအတွက် မည်သူက တာဝန်ခံရမည်နည်း။
စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း မြှင့်တင်ရန် လိုအပ်သော်လည်း ၎င်းမှာ ကျွန်ုပ်၏ ကျွမ်းကျင်ရာနယ်ပယ် မဟုတ်သည့်အပြင်၊ အဆင့်မြှင့်တင်ထားသော 'မညီမျှသည့် စစ်ရေးနည်းဗျူဟာ' (asymmetric warfare) တွင် မည်သည့်အရာများ ပါဝင်သင့်သည်ကို ရှင်းလင်းပြောပြရန် အခြားသူများက ပိုမိုသင့်လျော်ပါသည်။ သို့သော်လည်း ပိုမိုကျယ်ပြန့်သော အခြေခံမူမှာ ရှင်းလင်းပြတ်သားနေပါသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် ခုခံတော်လှန်ရေးလှုပ်ရှားမှုတခုလုံးအပေါ် ဗဟိုချုပ်ကိုင်မှုရှိသော ကွပ်ကဲရေးစနစ်တခုတည်းကို အတင်းအကျပ် ချမှတ်ရန် ကြိုးပမ်းမည့်အစား၊ ပိုမိုခိုင်မာသော ပူးတွဲမဟာဗျူဟာရေးဆွဲမှုနှင့် စစ်ရေးကြိုးပမ်းအားထုတ်မှုများကို ညှိနှိုင်းဆောင်ရွက်နိုင်မည့် ပိုမိုထိရောက်သော ယန္တရားများ လိုအပ်ပါသည်။
နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင်လည်း ပြန့်ကျဲကွဲပြားနေမှုနှင့် အခြေအနေအရ တုံ့ပြန်ဆောင်ရွက်နေရမှု ပုံစံမှသည် မဟာဗျူဟာကျကျနှင့် ဦးဆောင်ဦးရွက်ပြုလုပ်နိုင်သော ပုံစံသို့ ပြောင်းလဲရန် လိုအပ်ပါသည်။ ပြင်ပဖိအားများနှင့် ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ရာ တော်လှန်ရေးအင်အားစုများ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် ပိုမိုညှိနှိုင်းချိတ်ဆက်မှုရှိသော ချဉ်းကပ်မှုမျိုး လိုအပ်သည်။ ၎င်းတို့၏ သံတမန်ရေးရာ ဦးစားပေးကိစ္စရပ်များတွင် အနောက်တိုင်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ဒီမိုကရေစီနိုင်ငံများသာမက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာရှဒေသတွင်း သြဇာကြီးမားသော အခြားနိုင်ငံများကိုပါ ပိုမိုထည့်သွင်းစဉ်းစားဆောင်ရွက်သင့်ပါသည်။
ထို့ပြင် ဤသံတမန်ရေးရာလုပ်ငန်းစဉ်သည် ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်မှုအပေါ်တွင်သာ အားထား၍မရနိုင်ပါ။ နွေဦးတော်လှန်ရေးတွင် ခိုင်မာသော ကိုယ်ကျင့်တရားဆိုင်ရာ အကြောင်းပြချက်များ ရှိသော် လည်း အပြန်အလှန်အကျိုးစီးပွားကိုအလေးထားသည့် ယနေ့ခေတ် နိုင်ငံတကာပတ်ဝန်းကျင်တွင် အစိုးရများက "သင်တို့ကိုထောက်ခံအားပေးခြင်းသည် ကျွန်ုပ်တို့၏ အကျိုးစီးပွားအတွက် မည်သို့အထောက်အကူပြုသနည်း" ဟူသော ပိုမိုခက်ခဲသည့်မေးခွန်းကို မေးမြန်းလေ့ရှိကြပါသည်။ ထို့ကြောင့် ထိရောက်သော သံတမန်ရေးရာလုပ်ငန်းစဉ်တခုတွင် အချက်သုံးချက် ပေါင်းစပ်ပါဝင်ရန် လိုအပ်ပါသည်။ ၎င်းတို့မှာ ကျင့်၀တ်ဆိုင်ရာ တရားဝင်မှု၊ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာစွမ်းဆောင်ရည်နှင့် မဟာဗျူဟာမြောက် အရေးပါမှုတို့ ဖြစ်ကြပါသည်။
နိုင်ငံအသီးသီးအတွက် မတူညီသောချဉ်းကပ်ဖြေရှင်းနည်းများ လိုအပ်ပါသည်။ တရုတ်သည် အိန္ဒိယမဟုတ်သလို၊ အိန္ဒိယသည် ထိုင်းနိုင်ငံ မဟုတ်ပါ။ ထိုင်းနိုင်ငံသည် ဂျပန်နိုင်ငံ မဟုတ်သလို၊ ဂျပန်နိုင်ငံသည် ဥရောပသမဂ္ဂမဟုတ်ပါ။ အာဆီယံသည် ကုလသမဂ္ဂ မဟုတ်ပါ။ ထို့ကြောင့် တော်လှန်ရေးဆိုင်ရာ သံတမန် ရေးရာလုပ်ငန်းစဉ်များသည် နိုင်ငံတနိုင်ငံချင်းစီ၏အခြေအနေနှင့် ကိုက်ညီသည့် နည်းလမ်းများ ဖြစ်လာရန် လိုအပ်ပါသည်။ ဤအစိုးရက ဘာကို လိုချင်သနည်း။ ဘာကို စိုးရိမ်သနည်း။ မြန်မာနိုင်ငံရှိ မတည်ငြိမ်မှုများက ၎င်းတို့အတွက်မည်သည့်ပြဿနာများကို ဖြစ်ပေါ်စေသနည်း။ တော်လှန်ရေးမဟာမိတ်အဖွဲ့ အနေဖြင့် မည်သည့်အရာများကို ယုံကြည်စိတ်ချရသော အဆိုပြုချက်များအဖြစ် တင်ပြနိုင်မည်နည်း။ စစ်အာဏာရှင်စနစ် ဆက်လက်တည်ရှိနေခြင်းထက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကျင့်သုံးသည့် အနာဂတ် မြန်မာနိုင်ငံက ဤနိုင်ငံများ၏အကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုများကို မည်သို့ ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်း ပေးနိုင်မည်နည်း။ မူဝါဒများကို အမှန်တကယ်ချမှတ်သူများမှာ မည်သူတို့နည်း၊ ၎င်းတို့၏ တွက်ချက်ဆုံး ဖြတ်ချက်များကို မည်သည့်အရာက ပြောင်းလဲစေနိုင်မည်နည်း။
စစ်အုပ်စု၏ရာဇဝတ်မှုများအကြောင်း ပြောဆိုရန် လိုအပ်ပါသည်။ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ်နှင့် လူ့အခွင့်အရေးတို့အကြောင်း ပြောဆိုရန်လည်း လိုအပ်ပါသည်။ သို့သော် ၎င်းတို့အနက် တခုခုကိုသာ ပြောဆိုရုံဖြင့်မလုံလောက်ပါ။ တော်လှန်ရေး အင်အားစုများအနေဖြင့် မိမိတို့သည် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းရှိပြီး တရားဝင် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်သည့်အပြင်၊ မင်းအောင်လှိုင်၏ အာဏာရှင်စနစ်အပေါ် အားထားနေမည့်အစား လက်တွေ့ကျသော အခြား ရွေးချယ်စရာလမ်းစဉ်များကို အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထံတင်ပြနိုင်စွမ်းရှိသည့် ယုံကြည်စိတ်ချရသောနိုင်ငံရေးအင်အားစုများ ဖြစ်ကြောင်းကိုလည်း သက်သေပြရန် လိုအပ်ပါသည်။
လက်ရှိအချိန်တွင် စစ်အာဏာရှင်တို့၌ မဟာဗျူဟာ၊ ရည်မှန်းချက်ကို တစိုက်တမတ်လုပ်ဆောင်သည့် စိတ်ဓာတ်၊ အရင်းအမြစ်များနှင့် ခိုင်မာပြတ်သားသော စိတ်ရှည်သည်းခံမှုတို့ ရှိနေပါသည်။ တော်လှန်ရေးဘက်တွင်မူ ၎င်းတို့ထက် ပိုမို အားကောင်းနိုင်ခြေရှိသည့် အရာများ ရှိနေပါသည်။ ၎င်းတို့မှာ ကျယ်ပြန့်သောလူထုထောက်ခံမှု၊ ကြီးမားလှသောပြည်သူတို့၏ သတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှု၊ ကျယ်ပြန့် သောလွတ်မြောက်နယ်မြေများ၊ လက်နက်ကိုင်စွမ်းရည်၊ ပေါ်ပေါက်လာစ အုပ်ချုပ်ရေးယန္တရားနှင့် သမိုင်းဝင် ဗမာ-တိုင်းရင်းသား မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ကြသည်။
သို့သော် ဤအားသာချက်များ ရှိနေရုံမျှဖြင့် အောင်ပွဲကို အလိုအလျောက် ရရှိနိုင်မည် မဟုတ်ပါ။ ၎င်းတို့ကို တခုနှင့်တစ်ခု ချိတ်ဆက်ပြီး စနစ်တကျ စုစည်းဖွဲ့စည်းထားရန် လိုအပ်ပါသည်။
တော်လှန်ရေးအတွက် ထိရောက်သောဦးဆောင်မှု လိုအပ်ပါသည်။ လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး အခြေအနေနှင့်အညီ ပြုပြင်ပြောင်းလဲအသုံးပြုနိုင်သည့် မဟာဗျူဟာများလိုအပ်ပါသည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ မဟာဗျူဟာများကို လက်တွေ့ လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲပေးနိုင်မည့် ကိုယ်ပိုင်ဦးဆောင်မှုနှင့် လုပ်ဆောင်ချက်အသစ်များ ဖော်ဆောင်နိုင်စွမ်း လိုအပ်ပါသည်။
အီဂေါဗလာဇီဗစ်










