
နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဦးဆောင်မှု မှန်ကန်ရေးနဲ့ ပြည်သူလူထု စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားရေးက အဓိကကျတယ်လို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်တွေက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်ရုံးက စီစဉ်ပြီး အင်ချွန်းမြို့၊ ဘူဖျောင်းခန်းမမှာ နိုဝင်ဘာ ၈ ရက်ကလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောလိုက်တာပါ။
‘SCEF ကိုရီးယားနိုင်ငံ လူထုတွေ့ဆုံပွဲ’ ကို မွန်းလွဲ ၁ နာရီကနေ ၅ နာရီအထိ ပြုလုပ်ခဲ့ရာ တက်ရောက်လာတဲ့ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေက သိလိုတဲ့ မေးခွန်းတွေကို ပွင့်လင်းစွာ မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီမေးခွန်းတွေထဲမှာ ‘နွေဦးတော်လှန်ရေး ၂ နှစ်အတွင်း အောင်မြင်မလား’ ဆိုတဲ့ မေးခွန်းကို ‘ဦးဆောင်မှုမှန်ကန်ပြီး ပြည်သူလူထုကလည်း စုစည်းညီညွတ်စွာ ပါဝင်ကြိုးစားကြမယ်ဆိုရင် မအောင်မြင်နိုင်စရာ မရှိကြောင်း’ SCEF ကိုယ်စားလှယ်တွေက ပြန်လည် ဖြေကြားခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို SCEF အတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ နဲ့ Karenni IEC နိုင်ငံခြားရေးရာကော်မတီတာဝန်ခံ နဲနယ်ပလိုး၊ ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်းတလာဟဲနဲ့ SCEF ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ဝင် NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေ၊ SCEF ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ကြသလို ကိုရီးယားရောက် မြန်မာပြည်သူတွေ တော်လှန်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် NUG ကိုယ်စားလှယ်ရုံး၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။











